spot_img
Saturday, September 7, 2024
More
    spot_img
    Homeသတင်းကတုံးပေါ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးရှိ လယ်သမားများစိုးရိမ်မှုဖြစ်ပေါ်

    ကတုံးပေါ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးရှိ လယ်သမားများစိုးရိမ်မှုဖြစ်ပေါ်

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ရေနက်ဆိပ်ကမ်းအနီးရှိ လယ်မြေပေါ် လမ်းအသစ်ထပ်မံဖောက်လုပ်ရန် အာဏာပိုင်များ ခေါ်ယူတွေ့ဆုံပြောဆိုမှုကြောင့် လယ်မြေများ ဆုံးရှုံးသွားမည်ကို လယ်သမားများ စိုးရိမ်နေကြသည်။

    မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးက ဘလောက်ညောင်းဝိုင်ကွင်းရှိ ကတုံးပေါ်ရေနက်ဆိပ်ကမ်းမျက်နှာစာလမ်းမြေပေါ်တွင် ကတုံးပေါ်ကျေးရွာမှ ဘလောက်ကျေးရွာအထိ အဖြောင့်ဖောက်လုပ်မည်ဟု လယ်သမားများအား ၃ ကြိမ်တိုင်တိုင် တွေ့ဆုံပြောဆိုခဲ့ကြောင်း ဒေသခံလယ်သမားတစ်ဦးက ပြောသည်။

    “ဒီလမ်းလုပ်မယ်ဆိုတာကို အသေအချာမသိခဲ့ဘူး၊ လုပ်မယ်ဆိုပြီးတော့ ဗြုန်းဒိုင်းပဲ၊ ခပ်မြန်မြန်ပဲ၊ ဗြုန်းဆိုလယ်သမားအငိုင်ပဲ” ဟု အဆိုပါလယ်သမားက ပြောသည်။

    အဆိုပါလမ်းဖေါက်လုပ်မည့်မြေနေရာကို လွန်ခဲ့သည့်တစ်ပတ်ခန့်တွင် အမှတ်အသားများ လာရောက်စိုက်ထူထားသည်ကို လယ်သမားများအား အသိပေးခြင်းမရှိဟု ၄င်းလယ်သမားက ပြောသည်။

    ဘလောက်ညောင်ဝိုင်းနှင့် ကတုံးပေါ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ယခုနှစ်အတွင်း အဆိုပါလမ်းအား မဖြစ်မနေလုပ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြေယာဆုံးရှုံးသည့် လယ်သမားများအား လျော်ကြေးငွေကြေးပံ့ပိုးရန်မရှိဟု ယခုမတ်လ၌တွေ့ဆုံခဲ့သည့်နောက်ဆုံးတွေ့ဆုံပွဲတွင် အုပ်ချုပ်ရေးမှူးတို့က ပြောကြောင်း အစည်းအဝေးတက်ရောက်သည့် ညောင်ဝိုင်းရွာ လယ်သမားတစ်ဦးက ပြောသည်။

    ကျိုက်ခမီပင်လယ်စပ်နှာခမ်းနားရှိ ကတုံးပေါ်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ဆောင်နေသော ရာဇာမင်းကုမ္ပဏီက စီမံကိန်းအနီးရှိ လယ်မြေတစ်ဧကလျှင် ကျပ် ၉၀ သိန်းဖြင့် ဝယ်ယူနေကြောင်း လယ်သမားတို့ ပြောသည်။

    သက်ဆိုင်ရာအာဏာပိုင်တို့ မြေပြင်တိုင်းတာမှုများ ပြုလုပ်နေသော်လည်း တန်ရာတန်ကြေးမပေးသည့်အတွက် မည်သည့်လယ်သမားများမှ သဘောတူညီလက်မှတ်မရေးထိုးကြောင်း ညောင်ဝိုင်းကွင်းတွင် လယ်လုပ်သူ ဒေါ်ကြည်က ပြောသည်။

    “ကျမလယ်ကတော့ အဖြောင့်အတိုင်းဆို အထိအများဆုံးပဲ” ဟု ဒေါ်ကြည်က ပြောသည်။

    ယခုကဲ့သို့ လျော်ကြေးငွေမပေးပါက လယ်မြေကိုအဓိကအားထားနေရသည့် မိမိတို့လယ်သမားများ၏စားဝတ်နေရေးကို အခက်အခဲဖြစ်စေကြောင်း ဒေါ်ကြည်က ဆက်ပြောသည်။

    အဆိုပါ လမ်းမြေဖောက်လုပ်ခြင်းမှ လမ်းမြေသာမက ကျန်မြေများပါ ရေငံဝင်ရောက်ပျက်စီးနိုင်သည့်အပြင် လယ်မြေနှစ်ခြမ်းဖြစ်ခြင်း၊ မြေဧရိယာလကကျန်နည်းသည့်အတွက် ဝမ်းစာအတွက် မလောက်ငဖြစ်မည်ဟု ၄င်းက ပြောသည်။

    ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၀ အနက် ရန်ပုံငွေ ကျပ် ၁၀ သိန်းဖြင့် ဘလောက်ညောင်ဝိုင်း-ကတုံးပေါ်ကျေးရွာချင်းဆက် ဂဝံခင်းလမ်းကို ကျေးရွာကော်မတီမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ဆောင်ရွက်ခဲ့သည်။

    အဆိုပါကျေးရွာချင်းဆက်လမ်းနှင့်ကပ်လျက် ၂၀၁၅ နှစ်ကုန်အတွင်း ကတုံးပေါ်ရေနက်ဆိပ်ကမ်း အပြီးတည်ဆောက်မည်ဟု ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မော်လမြိုင်မြို့တော် တတိယမြို့တော်အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် ရာဇာမင်းကုမ္ပဏီ ကတိပေးခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    27,600SubscribersSubscribe
    spot_img

    Latest posts