Tuesday, May 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ဟင်္သာကျွန်းကမ်းပါးပြိုကျမှု သဲသောင်တူးကုမ္ပဏီနှင့်ညှိနှိုင်းမရသေး

    မွန်ပြည်နယ် ဟင်္သာကျွန်းကမ်းပါးပြိုကျမှု သဲသောင်တူးကုမ္ပဏီနှင့်ညှိနှိုင်းမရသေး

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်းဒေသ) ဟင်္သာကျွန်းကမ်းပါးပြိုကျမှုနှင့်အတူ လယ်ယာမြေပျက်စီးမှုများ အချိန်မီ ပြန်လည်ပြုပြင်နိုင်ရေးအတွက် သဲသောင်တူးဖော်နေသည့်ကုမ္ပဏီနှင့် ယမန်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်ရုံးတွင် ညှိနှိုင်းကြသော်လည်း ရေရာသည့် အဖြေတစ်စုံတရာ မရရှိခဲ့ကြောင်း ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    ဟင်္သာကျွန်းပျက်စီးမှုဆွေးနွေးစဉ်(Naiaung Naing Facebook)
    ဟင်္သာကျွန်းပျက်စီးမှုဆွေးနွေးစဉ်(Naiaung Naing Facebook)

    ယင်းတွေ့ဆုံညှိနှိုင်းမှုတွင် ပြည်နယ်ရေကြောင်းဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းအဖွဲ့၊ သံလွင်မြစ်အတွင်း သဲသောင်တူး နေသည့် Star Hight Aisa-Pacific ကုမ္ပဏီအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    ဒေါက်တာအောင်နိုင်ဦးက “ဟင်္သာကျွန်းပေါ်မှာ အခု မြေဧက ၆၀ဝ နီးပါးလောက်က ပျက်စီးနေပြီ၊ ဒါကိုကာကွယ်ဖို့အတွက် ရေငံတား တာတမံအမြင့်တွေကို လုပ်ဖို့လိုတယ်၊ ဒါပေမဲ့ ဆည်မြောင်းဌာနက ဘယ်လိုလုပ်ရမလည်းဆိုတာကိုတော့ အဖြေအတိအကျတော့ အခုထိမပေးနိုင်သေးဘူး” ဟု ဆိုသည်။

    ထိုဟင်္သာကျွန်းမြေများ ထပ်မံမပျက်စီးစေရန် ယခုနှစ်မိုးရာသီ မရောက်မီ မည်သို့ပြုပြင်ထိမ်းသိမ်းရမည်ကို ပြန်လည်ဆွေးနွေး ရမည်ဖြစ်ကြောင်း၊ ဆည်မြောင်းဦးစီးဌာန၏ ဘတ်ဂျက်ငွေဖြင့် ပြုပြင်သွားရန် အစီအစဉ်ရှိသော်လည်း အသေးစိတ် အစီအစဉ်များ မရေးဆွဲရသေးကြောင်း ၎င်းက ဆက်ပြောသည်။

    ယင်းကဲ့သို့ သံလွင်မြစ်အတွင်း ကုမ္ပဏီမှ သဲသောင်များစုတ်ထုတ်နေမှုကြောင့် ဟင်္သာကျွန်းလယ်ယာမြေများ ပျက်စီးရသည်ဟု ဒေသခံများယုံကြည့်လျှက် ရှိသည်။

    သံလွင်မြစ်တွင်း သဲသောင်စုတ်ထုတ်နေသည့် Star Hight Aisa-Pacific ကုမ္ပဏီသည် သတ္တုတွင်းဝန်ကြီးဌာန၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာန၊ ရေကြောင်း ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစိုးရတို့မှ ခွင့်ပြုမိန့်ရရှိထားကြောင်း သိရသည်။

    ယင်းသို့ သဲသောင်များစုတ်ထုတ်၍ ကျွန်းမြေပျက်စီးရသည်ဟု ပြည်သူများ ယုံကြည့်နေသော်လည်း ဖြစ်စဉ်၏ အဓိက အကြောင်းအရင်းကို အသေအခြာပြန်လည်လေ့လာ စိစစ်ရမည် ဖြစ်ကြောင်း၊ အကယ်၍ ကုမ္ပဏီကြောင့် ယင်းသို့ပျက်စီးပါက ကုမ္ပဏီမှ တစုံတရာ ပြုလုပ်ပေးရမည် ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ဟင်္သာကျွန်းမြေ ပျက်စီးနေမှုကို လေ့လာစိစစ်ရမည့်တာဝန်မှာ ခွင့်ပြုမိန့်ထုတ်ပေးသည့် ဌာနများတွင်အဓိက တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

    ဟင်္သာကျွန်းအနီးတဝိုက်တွင် သင်္ဘောကြီးများဖြင့် ၂၄ နာရီအချိန် သဲများကို စုပ်ယူလျက်ရှိရာ နေ့ပိုင်းတွင် ကျွန်းနဲ့ဝေးရာ တွင်၄င်း၊ ညအချိန်မှောင်လာလျှင် ကျွန်းအနီးသို့ လာရောက်စုပ်ယူလျှက်ရှိသည့်အတွက် ကမ်းပါးပြိုကျခဲ့ပြီး တာတမံနှင့် စပါးများ ပျက်စီးဆုံးရှုံးကြောင်း ကျွန်းနေ လယ်သမား ၁၀ ဦးက လွန်ခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူးသို့ တင်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks