spot_img
Thursday, January 22, 2026
More
    spot_img
    Homeသတင်းမွန်စာပေသင်ရိုးညွှန်းတမ်း ၂၀ ရာခိုင်နှုန်းခန့် ပြီးစီး

    မွန်စာပေသင်ရိုးညွှန်းတမ်း ၂၀ ရာခိုင်နှုန်းခန့် ပြီးစီး

    -

    ၂၀၁၅ – ၂၀၁၆ ပညာသင်နှစ်တွင် မွန်ပြည်နယ်ရှိ အစိုးရကျောင်းများ၌ အသုံးပြုမည့် မွန်စာပေသင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း ပထမအကြိမ်အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် ၂၀ ရာခိုင်နှုန်းခန့် ပြီးစီးနေကြောင်း မွန်စာသင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ခေါင်းဆောင် မင်းအောင်ဇေက ပြောသည်။

    ယခုရေးဆွဲသည့် မွန်စာသင်ရိုးညွှန်းတမ်းသည် မွန်လူဦးရေများပြားသည့် ဒေသများရှိ အစိုးရ မူလတန်းအဆင့် ကျောင်းများတွင် သင်ကြားရန် ရည်ရွယ်ရေးဆွဲကြခြင်း ဖြစ်သည်ဟု သူကဆိုသည်။

    မင်းအောင်ဇေက “ အခုရေးဆွဲနေတာ ၂၀ ရာခိုင်နှုန်းလောက်တော့ ပြီးနေပြီး၊ ဒီအလုပ်က အမှန်က အစိုးရအလုပ်ပါ၊ ကျနော်တို့က သူတို့အလုပ်ကို ဝိုင်းလုပ်ပေးနေတာပါ၊ မွန်ပြည်နယ်အစိုရးကလည်း အစိုရးကျောင်းတွေမှာ မွန်စာသင်ဖို့ကို ခွင့်ပြုထားပြီးသားပါ” ဟု ဆိုသည်။

    ဆက်လက်၍ ယခင်အသုံးပြုနေသည့် သင်ရိုးညွှန်းတမ်းအဟောင်းသည် ခေတ်နှင့် ညီညွတ်မှုမရှိကြောင်း၊ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးမှုတိုးတက်မှုလည်း မရှိနိုင်ကြောင်း၊ ယခုရေးဆွဲနေသည့် သင်ရိုးညွှန်းတမ်းသည် ခေတ်နှင့် ကိုက်ညီသည့် အမြင်များလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းအဟောင်းကို ပစ်ပယ်လိုက်ခြင်း မဟုတ်ကြောင်း၊ အဟောင်းမှကိုယ်ကားချက်များကို ရယူ၍ အသစ်ပြန်လည်ပြုပြင် ရေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    အလားတူ မွန်စာသင်ရိုးညွှန်းတမ်းရေဆွဲရေးအဖွဲ့ဝင် မွန်အမျိုးသားကျောင်း အထက်တန်းကျောင်းအုပ်ဆရာမကြီး မိလဝီဟန်က “လာမည့် ပညာသင်နှစ်အမှီ အပြီးရေးဆွဲဖို့ကိုတော့ ဆုံးဖြတ်ထားတယ်၊ ဒါပေမဲ့ မူလတန်အတွက်အကုန်လုံး မမှီနိုင်ရင်တောင် မှီသလောက်ကို ရေးဆွဲသွားမှာပါ” ဟု ဆိုသည်။

    လာမည့်၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် အခြေခံမူလတန်းအဆင့်ဖြစ်သည့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းမျှသာ ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အကုန်လုံးပြီးစီရန် အချိန် ၂ နှစ်ခန့် ရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ပြည်နယ်လွှတ်တော်အမတ် နိုင်ချမ်းမြင့်က “ဒီသင်ရိုးညွှန်းတမ်းပြီးမယ်ဆိုရင် လွှတ်တော်မှာ ကျနော်တို့ အသိအမှတ်ပြုမှု ရယူဖို့အတွက် တင်သွင်းသွားမယ်၊ အမှန်က ပြည်နယ်လွှတ်တော်နဲ့ အစိုးရကတော့ ခွင့်ပြုထားပြီးသားပါ၊ မွန်ပြည်နယ်တစ်ခုလုံးမှာ မွန်စာသင်ရိုးညွှန်းတမ်းကို တစ်ပုံစံထဲ ဖြစ်စေချင်တာပါ” ဟု ဆိုသည်။

    ဆက်လက်၍ နိုင်ချမ်းမြင့်က ယနေ့တိုင်းရင်းသားမျာအားလုံး မိမိစာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေသည့်မှာ မိမိတို့ တိုင်းရင်းသားများ၏ တာဝန်သာဖြစ်ကြောင်း၊ မိမိတို့ စာပေယဉ်ကျေးမှုသည် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှအောင် ပြုလုပ်နိုင်မှသာလျှင် ထိရောက်မည်ဖြစ်ကြောင်း၊ ယနေ့အချိန်သည် မြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်တောင်စုစနစ် တည်ဆောက်နေချိန်တွင် မည်သို့မည်ပုံ ဖက်ဒရယ်မျိုး ဖြစ်မည်ကို အတိအလင်းဖြစ်ရန် ကြိုးစားနေကြောင်း၊ ယခင်အချိန်တွင် မွန်စာပေသင်ကြားရေးကို အစိုးရမှ ပိတ်ပင်ထားသော်လည်း၊ ယခု ၂၀၁၀ ခုနှစ်နှောင်းပိုင်းတွင့် အခွင့်အရေး အနည်းငယ်ရရှိလာနေပြီးဖြစ်ကြောင်း ဆိုသည်။

    အစိုးရစာသင်ကြောင်း များတွင်အသုံးပြုရန် ရေးဆွဲလျှက်ရှိသည့် မူလတန်းအဆင့် မွန်စာသင်ရိုးညွှန်းတမ်းကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင် ရေးဆွဲနေပြီးဖြစ်ကြောင်း သိရသည်။

    မူလတန်းအဆင့် မွန်စာသင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် မော်လမြိုင်တက္ကသိုလ်မှု ပါမောက္ခများ၊ ကထိကများ၊ ပညာရေးကော်လိပ်မှ ဆရာ/ဆရာမများ၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ၊ MNEC မွန်အမျိုးသားပညာရေးကော်မတီဝင် ဆရာ/ဆရာမများ၊ မွန်စာပေပညာရှင်များ၊ တတ်သိပညာရှင်များ မော်လမြိုင်မြို့တွင် ပါဝင် ရေးဆွဲလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts