Homeသတင်းရှင်စောပုအသင်း နယ်လှည့်အခမဲ့ဆေးကုသပေး

ရှင်စောပုအသင်း နယ်လှည့်အခမဲ့ဆေးကုသပေး

-

ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ မြို့နယ် (၃) မြို့နယ်တွင် မော်တော်ယာဉ်ဆေးခန်းဖြင့် အခမဲ့ဆေးကုသပေးနေကြောင်း အသင်းဥက္ကဌ မိကျင်သန်းကလွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

ရှင်စောပုအသင်း ရည်ရွယ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးမှု လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်
လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဥက္ကဌ မိကျင်သန်းက “ဒီလုပ်ငန်းစဉ်က အခုမှ ပထမဆုံး အကောင်အထည်ဖေါ်တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်၊ ဆေးဝါကုသပေးတဲ့အပြင် နောက်ဆိုရင် ပညာပေးဗဟုသုတတွေနဲ့ စာကြည့်တိုက်တွေပါ ထည့်သွားမယ်လို့ စီစဉ်ထားပါတယ်” ဟု ဆိုသည်။

ယင်းကဲ့သို့ နယ်လှည့် ဆေးကုသပေးခြင်းဖြစ် ငွေကြေးမတတ်နိုင်သူများအတွက် တဖက်တလမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ယခုအကြိမ်တွင် ပါရဂူဆရာဝန်များ မပါရှိသည့်အတွက် ခွဲစိတ်ကုသမှုနှင့် ပတ်သက်သည့် ရောဂါများကို ကုပေးနိုင်မည်မဟုတ်သေးကြောင်း၊ ထိုသို့ ခွဲစိတ်ကုသအဆင့် ရောက်နေသည့် လူနာများ ခွဲစိတ်နိုင်ရန်နှင့် အသည်းနှင့်
ပတ်သက်သည့် ရောဂါများအတွက် ဒုတိယအကြိမ်နည်လှည့်ဆေးကုသသည့်အခါ စီစဉ်သွားမည်ဟု သူမက ဆက်ပြောသည်။

ယင်းဆေးကုသယာဉ်ဖြင့် ပထမနေ့တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဒုတိယနေ့တွင် ပေါင်မြို့နယ်၊ တတိယနေ့၌ မုဒုံမြို့နယ်တွင်လည်ကောင်း လှည့်လည်ကုသပေးသွားမည်ဖြစ်ကြောင်း ဒေါ်ကျင်သန်းက ဆက်ပြောသည်။

မုဒုံမြို့နယ် ရှင်စောပုအသင်း ဥက္ကဌ မိလေးမွန်က “ပထမဆုံးအကြိမ်ဆိုတော့ ဆရာဝန်ကြီးတွေဖိတ်တော့ သူတို့တွေ အဆင်သင့်မဖြစ်တော့ နီးစပ်ရာ ဆရာဝန်တွေကိုခေါ်ပြီး တစ်နေ့ကို ဆရာဝန် ၃ ယောက်နှုန်းနဲ့ ပဏာမ
ခရီးစဉ် စတင်ခဲ့တာပါ” ဟု ဆိုသည်။

မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၏ ရည်ရွယ်ချက်အတိုင်း စာပေဟောပြောပွဲများကို ဆက်လက်လုပ်ဆောင်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များကို ထိန်းကျောင်းသည့် နေရာတွင် ဆောင်ရန်ရှောင်ရန် များကိုလည်း ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း စာရေးဆရာမတစ်ဦးလည်းဖြစ်သူ မိလေးမွန်က ဆက်ပြောသည်။

ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) သည် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်တွင် စတင်ဖွဲ့စည်းခဲ့ပြီး
နွေရာသီမွန်စာပေသင်ကြားသည့် ကျောင်းများသို့ စာအုပ်များ ပေးလှူခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာများသို့ အကူအညီပေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။

ယင်းကဲ့သို့ ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း နယ်လှည့်ဆေးကုသချိန်သည် ယနေ့တွင်ကျရောက်သော မွန်အမျိုးသမီးနေ့နှင့် တိုက်ဆိုင်နေသည်။

မွန်ဘုရင်မကြီးရှင်စောပု၏ မွေးနေ့ဖြစ်သော တပေါင်းလဆန်း ၁၂ ရက်နေ့ကို မွန်အမျိုးသမီးနေ့ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ပြီး အနယ်နယ်အရပ်ရပ်တွင် အခမ်းအနားများ ကျင်းပလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts