Homeသတင်းUNFC မှ KNU ယာယီနှုတ်ထွက်

UNFC မှ KNU ယာယီနှုတ်ထွက်

-

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်မှုဆောင်ကော်မတီ ဆုံးဖြတ်ချက်အရ UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီနှုတ်ထွက်လိုက်ကြောင်း KNU

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗဒိုစောတာဒိုမူးက ပြောသည်။

ဗဒိုစောတာဒိုမူးက “ကျနော်တို့ UNFC အဖွဲ့ကနေ ယာယီရပ်ဆိုင်းထားတယ်၊ အပြီးအပိုင် ထွက်တယ် မထွက်ဘူး ဆိုတာကတော့ ကျနော်တို့ရဲ့ Central Executive ကော်မတီက ပြန်ပြီးဆွေးနွေးပါဦးမယ်” ဟု ဆိုသည်။

UNFC အနေဖြင့် ဗဟိုဦးစီးစနစ်ကျင့်သုံးနေသည့်အတွက် ထိုအချက်ကို အဓိက ပြုပြင်ပြောင်းလဲသင့်ကြောင်း၊ UNFC ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူအရ အချုပ်အခြာအာဏာသည် အမြင်ဆုံးဖြစ်သည့် Organizational Team က ချမှတ်လာသည့်အမိန့်ကို အဖွဲ့ဝင်များအားလုံး လက်ခံရသည့်မူအား KNU လက်မခံနိုင်ဟု ဆိုသည်။

“အစိုးရနဲ့ ကျနော်တို့ နိုင်ငံရေးစကားပြောနေရတဲ့ အနေအထားမျိုးမှာ ချက်ချင်းတုန့်ပြန်ရမဲ့ကိစ္စတွေမှာဆို ပြဿနာဖြစ်လာနိုင်တယ်၊ မလိုအပ်ပဲ ကြန့်ကြာတာတို့ အဲဒါမျိုးဖြစ်နိုင်တယ်၊ ကျနော်တို့ ဘုံအကျိုးစီးပွားကို မျှော်ကိုယ်းပြီးတော့ အဲဒီအခြေခံနဲ့ စုစည်းနိုင်တဲ့ စုစည်းမှုမျိုးကို ကျနော်တို့ ပိုပြီးလိုချင်တယ်” ဟု ဗဒိုစောတာဒိုမူးက ဆက်ပြောသည်။

တူညီသည့် အရာများကို စုစည်းလုပ်ကိုင်၍ မတူညီသည့် အရာများကို ခွဲခြားလုပ်ဆောင်သွားကြမည်ဟု ဆိုသည်။

UNFC အထွေထွေအတွင်းရေးမှုး နိုင်ဟံသာက “ UNFC ကတော့ အဖွဲ့ဝင်အားလုံးရဲ့ သဘောဆန္ဒအတိုင်းပါပဲ၊ KNU တင်သွင်းလာတဲ့ အချက်နဲ့ အားလုံးရဲ့ ရပ်တည်မှုက ခုချိန်မှာမတူညီသေးဘူး၊
ခုလိုသူတို့တင်သွင်းတဲ့ အချက်ကို နောက်တစ်ချိန်မှာ ထည့်သွင်းသင့်ရင် ဆက်ပြီး ထည့်သွင်းသွားမှာပါ၊ အခုစောစောပိုင်းမှာတော့ ထည့်သွင်းဖို့မဖြစ်နိုင်သေးဘူး” ဟု ဆိုသည်။
ကျင်းပခဲ့သော UNFC ပထမအကြိမ်ညီလာခံသို့ KNU တင်သွင်းလာသည့် အချက်များသည် UNFC ၏ အခြေခံမူအားလုံး ပြောင်းလဲသွားစေသည့် အချက်ဖြစ်ကြောင်း၊ နိုင်ငံရေးဦးဆောင်မှုအဖွဲ့အောက်တွင် အထွေထွေအတွင်းရေးမှူး ၃ ဦးထားရှိရန်၊ အဆိုပါအတွင်းရေးမှူးများလက်အောက်တွင် သက်ဆိုင်ရာဌာနများ (ရေးရာအဖွဲ့များ) ထားရှိရန် KNU က အဆိုပြုကြောင်း၊ ဗဟိုကော်မတီမရှိ၊ ဥက္ကဌမရှိသည့်သဘောဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။
UNFC ပထမအကြိမ် ညီလာခံ၏ နောက်ဆုံးရက် ကိုယ်စားလှယ်များရွေးချယ်မှုတွင် KNU အနေဖြင့် ကိုယ်စားလှယ်စာရင်း ပေးပို့မည် မဟုတ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

စက်တင်ဘာ၂ ရက်နေ့တွင် ဆက်လက်ကျင်းပသော UNFC၏ ညီလာခံတွင် လာမည့်သက်တမ်းအတွက် ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးအင်ဘန်လ(KIO)၊ ဒုဥက္ကဋ္ဌ (၁ ) နိုင်ဟံသာ(NMSP) ၊ ဒုဥက္ကဋ္ဌ(၂) KNU အဖွဲ့(လစ်လပ်)၊ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်(KNPP)၊ တွဲဘက် အတွင်းရေးမှူး (၁) ခွန်ဥက္ကာ၊ တွဲဘက်အတွင်းရေးမှူး (၂) ဆလိုင်းဒန်ဟေး(CNF) ၊ဒေါက်တာလဂျာ၊ ဗိုလ်ချုပ် ဘီထူး၊ ဒူဝါ ဘွန်ဝမ်လာရော်၊ စဝ်စိုင်းထူး၊ ဒေါက်တာခင်မောင်တို့ အပါအဝင် စုစုပေါင်း ၁၂ ဦးပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ကို ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

UNFC ညီလာခံကို သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အထိ ၄ ရက်ကြာ၊ ဆက်လက်၍ သြဂုတ် ၃၁ရက်မှ စက်တင်ဘာ ၂ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စုစုပေါင်း ၇ ရက်ကြာ ပြုလုပ်ခဲ့သည်။

UNFC အဖွဲ့ဝင်များဖြစ်ကြသော KIO, KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO,MNDAA နှင့် ဆက်စပ်အဖွဲ့အစည်းများ ဖြစ်ကြသည့် ALP, AA, DKBA, KNU/KNLA-PC, ABSDF တို့၏ ကိုယ်စားလှယ်ပေါင်း ၁၀ဝ ကျော် တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts