Homeသတင်း(၃၂)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ မွန်ပရိသတ္တိစာမေးပွဲကျင်းပ

(၃၂)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ မွန်ပရိသတ္တိစာမေးပွဲကျင်းပ

-

ရာမညနိကာယမွန်ပရိယတ္တိစာမေးပွဲဖြေဆိုစဉ်(Facebook)
ရာမညနိကာယမွန်ပရိယတ္တိစာမေးပွဲဖြေဆိုစဉ်(Facebook)
ဂျူရီချိုင်း – ရာမညနိကာယဂိုဏ်းမွန်ဆရာတော်ကြီးများကြီးမှူးသည့် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရိယတ္တိစာမေးပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် သာသနာ(၂၅၀ဝ) ဘုန်းတော်ကြီး ကျောင်း၌ မတ်လ ၁ ရက်နေ့မှစတင်၍ ၃ ရက်ကြာကျင်းပနေကြောင်း သိရသည်။

စာမေးပွဲကြီးကြပ်သူ သံဖြူဇရပ်မြို့၊ ဟံသာထော ကျောင်းထိုင် ဆရာတော်က “ဒီနှစ်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုတဲ့ သံဃာတော်တွေ မနှစ်ကထက် ရာကျော်ကျော်လောက် ပိုများလာတယ်” ဟု မိန့်သည်။

အဆိုပါ ရာမညနိကာယ မွန်ပရိယတ္တိစာမေးပွဲတွင် ပါဠိပါရဂူ ၅ ပါး၊ သီရိပဝရ ၄ ပါး၊ ဓမ္မာစရိယ ၂၅၇ ပါး၊ အကြီး တန်း ၁၇၂ ပါး၊ အလတ်တန်း ၁၅၆ ပါး၊ အငယ်တန်း ၄၉၆ ပါးနှင့် မူလတန်းတွင် ၇၀၃ ပါး ရှင်သာမဏေများ၊ ရဟန်းတော်မျာနှင့် သီလရင်များအပါအဝင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်းအပါး ၁၇၉၃ ရှိသည်ဟု စာရင်းမှတ်တမ်းအရ သိရသည်။

စာမေးပွဲတွင် သြဝါဒ စရိယ ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာစစ်၊ စာထောက်ဆရာ တော်များ အပါးရေ ၂၀ဝ ခန့် ပါဝင်ကြောင်းလည်း ဆရာတော်က မိန့်သည်။

ထို့အပြင် စာမေးပွဲအောင်မြင်မည့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယခင်နှစ်က သံဖြူဇရပ်မြို့တွင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် မုဒုံမြို့၊ ပိန္နဲတိုက်ကျောင်း၌ ကျင်းပသွားမည်ဟု ဆိုသည်။

စာဖြေရဟန်းသံဃာတော်များအတွက် ဆွမ်းနှင့် စားဖွယ်ရာပစ္စည်းများကို မော်လမြိုင်မြို့ရှိ (ရာမာန်)မွန်လူငယ်အဖွဲ့၊ တက္ကသိုလ် ကျောင်း သူ/သားများနှင့် ဒေသအသီးသီးရှိ မွန်လူငယ်အဖွဲ့ အစည်းများက သွားရောက်ကျွေးမွေး လှူဒါန်းခဲ့သည်ဟု တက္ကသိုလ် ကျောင်းသား မွန်လူငယ်တစ်ဦးက ပြောသည်။

သူက “ကျနော်တို့ တက္ကသိုလ်ကျောင်းက မွန်လူငယ်တွေစုပြီးတော့ တစ်နေ့ကို အယောက် တစ် ရာကျော် လူခွဲပြီး သံဃာတော်စာမေးပွဲကို နေ့တိုင်းသွားဖြစ်တယ်၊ လွန်ခဲ့တဲ့နှစ်တွေလည်း ဒီလိုပဲ လူခွဲပြီး လုပ်နေကြတာပဲ၊ ကျနော်တို့ လူငယ်တွေအနေနဲ့တော့ စားဖွယ်ရာ အချိုပွဲပေါ့ သစ်သီးတွေ ဖျော်ရည်တွေ အဲဒီအပိုင်းမှာ တာဝန်ယူထားတယ်” ဟု ပြောသည်။

သာသနာရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် မပျောက်ပျက်အောင် ထိန်းသိန်းခြင်းတို့ကို ရည်ရွယ်၍ စာမေးပွဲ ကျင်းပရခြင်းဖြစ်သည်ဟု ဟံသာထော ဆရာတော်က ဆက်မိန့်သည်။

စာမေးပွဲရက်အတွင်း ဆွမ်းတစ်ရက် ငွေကျပ် ၁၀ သိန်း၊ ဆွမ်းတစ်နပ် ငွေကျပ် ငါးသိန်း၊ ဆွမ်း တစ်ဝိုင်းကို ငွေကျပ်ငါးထောင် ကုန်ကျမည်ဖြစ်ရာ အလှူရှင်များ ပါဝင်လှူဒါန်းလိုပါက သာသနာ (၂၅၀ဝ)ကျောင်းထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နိူးဆော်ထားသည်။

မွန်ဒေသလုံးဆိုင်ရာရာမညနိကာယဂိုဏ်းသည် ရွှေကျင်၊ မဟာရင်နှင့် သုဓမ္မာဂိုဏ်းရှိ မွန်သံဃာများစုပေါင်းထားဖွဲ့စည်းထားသဖြင့် မွန်လူမျိုးတွင် အထွဋ်အမြတ်ဆုံး ဗုဒ္ဓဘာသာဂိုဏ်းကြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts