Thursday, April 16, 2026
More
    spot_img
    Homeသတင်းထိုင်းအတိုက်အခံခေါင်းဆောင်တစ်ဦး သေနတ်ပစ်သတ်ခံသေဆုံး

    ထိုင်းအတိုက်အခံခေါင်းဆောင်တစ်ဦး သေနတ်ပစ်သတ်ခံသေဆုံး

    -

    ပစ်သတ်ခံထိုင်းအတိုက်အခံခေါင်းဆောင်အား ဆေးရုံသို့ပို့စဉ်(Bangkok Post)
    ပစ်သတ်ခံထိုင်းအတိုက်အခံခေါင်းဆောင်အား ဆေးရုံသို့ပို့စဉ်(Bangkok Post)
    မင်းလုံး – ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပွဲကို ကန့်ကွက်တားမြစ်ခဲ့သည့် ထိုင်းအစိုးရဆန္ဒပြ အတိုက်အခံခေါင်းဆောင်တစ်ဦးကို သေနတ်များဖြင့်ပစ်သတ်သွားကြောင်း သိရသည်။

    လက်ရှိဆန္ဒပြခေါင်းဆောင် ဆူထစ် တက်ဆုဘန်၏ တပ်ပေါင်းစုနှင့်ပူးပေါင်း၍ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ စူထင်း ထာရာထင်း(Suthin Taratin) ဆန္ဒပြရာ ဘန်နားအရပ်ရှိမဲရုံအနီးတွင် ပစ်သတ်ခံရပြီးသေဆုံးသွားကြောင်း ဘန်ကောက်မြို့နေ ကိုခိုင်မောင်က ပြောသည်။

    ကိုခိုင်မောင်က “မဲရုံးကိုပိတ်ဖို့ မဲရုံမှူးနဲ့ညှိကြည့်တော့ အဆင်ပြေတယ်၊ မဲရုံအထွက်မှာပဲ အင်အား ၅၀ လောက်ရှိတဲ့ရှပ်နီအဖွဲ့က ပိတ်ထားပြီး သေနတ်နဲ့ပစ်တာပေါ့၊ သေနတ်ဒဏ်ရာ ၄ ချက်လောက်မှန်သွားတယ်၊ ဆေးရုံမရောက်ခင် လမ်းမှာပဲဆုံးသွားတယ်” ဟု ပြောသည်။

    ဘန်ကောက်မြို့တော်တွင် မဲဆန္ဒနယ် ၅၀ နေရာရှိရာ ဆန္ဒပြသမားများ၏ပိတ်ဆို့မှုကြောင့် မဲရုံ ၃၉ ရုံပိတ်သိမ်းခံရပြီး ဘန်ကောက်မြို့အရှေ့ဘက်ရှိသည့် ဘန်နားအရပ်၌ မဲရုံအချို့ကိုသွားရောက်ပိတ်ဆို့ရာမှ ယခုကဲသို့ပစ်သတ်ခံရသည်ဟု ကိုခိုင်မောင်က ဆက်ပြောသည်။

    အဆိုပါသေဆုံးသူအတိုက်အခံခေါင်းဆောင်နှင့်အတူ ဆန္ဒပြသမား ၁၀ ဦးခန့် ဒဏ်ရာရခဲ့ကြသည်ဟု ထိုင်းကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

    “ဆန္ဒပြပွဲမှာပစ်ခတ်မှုတွေရှိလာတာကို အတိုက်အခံခေါင်းဆောင် ဆူထစ်တက်ဆုဘန် က စစ်တပ်ကိုတိုက်တွန်းထားတာမျိုးတော့ရှိတယ်၊ အာဏာသိမ်းဖို့အထိ မဟုတ်ဘူးပေါ့၊ ဆန္ဒပြသူတွေမှာ လက်နက်မရှိပါဘူး၊ သူတို့က လက်နက်နဲ့လာပြီးပစ်တော့ အထိနာတာပေါ့၊ အခုဆိုရင် ၄ ယောက်မြောက်ရှိသွားပြီး၊ ဆန္ဒပြသမားတွေဆီ စစ်တပ်ကလာပြီးလုံခြုံရေးကူညီပေးဖို့ ဆူထစ်က တိုက်တွန်းထားတယ်” ဟု ကိုခိုင်မောင်က ရှင်းပြသည်။

    ဆန္ဒပြသမားများကန့်ကွက်ဆန္ဒပြမှုကြောင့် ကြိုတင်မဲပေးမှုသည် ဘန်ကောက်ခရိုင်တွင် ၃ ပုံ ၂ ပုံခန့် မဲမပေးနိုင်ရပ်ဆိုင်းခဲ့ရပြီး ထိုင်းတစ်နိုင်ငံ ၇၇ ခရိုင်အနက် ၁၀ ခရိုင်တွင် ကြိုတင်မဲပေးပွဲမလုပ်နိုင်ဘဲ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

    လက်ရှိ ထိုင်းနိုင်ငံအစိုးရအား ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ဆန္ဒပြခဲ့ရာတွင် ယနေ့အထိ သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရရှိသူ ၅၇၁ ဦးရှိပြီးဖြစ်ကြောင်း ထိုင်းကျန်းမာရေး၏သတင်းထုတ်ပြန်ချက်ကို ဘန်ကောက်ပို့ သတင်း၌ ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks