spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်ရောက် ဧရာဝတီတိုင်း ရေမျောကျားဖောင်လုပ်သားများ နေရပ်ပြန်ပြီ

    ရေးမြို့နယ်ရောက် ဧရာဝတီတိုင်း ရေမျောကျားဖောင်လုပ်သားများ နေရပ်ပြန်ပြီ

    -

    မင်းသုတ – ဧရာဝတီတိုင်းဒေသကြီးမှ ကျားဖောင်ရေလုပ်သားများ ပင်လယ်အတွင်းမျောပါလာ၍ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိကျေးရွာ ၃ ရွာက ဆယ်ယူစောင့်ရှောက်ခဲ့ရာ ယခုအခါနေရပ်သို့ ပြန်သွားကြပြီဟု သိရသည်။

    ဧရာဝတီတိုင်းကျားဖောင်များ(internet)
    ဧရာဝတီတိုင်းကျားဖောင်များ(internet)
    လွန်ခဲ့သည့်သီတင်းပတ်၌ ဘင်္ဂလားပင်လယ်အော်အတွင်း လှိုင်းလေကြီးမှုကြောင့် ဧရာဝတီမြစ်ကျွန်းပေါ်ဒေသရှိ ဖျာပုံ၊ ဒေးဒရဲမြို့နယ်များမှ ကျားဖောင်များနှင့်အတူ ရေလုပ်သားများ ပင်လယ်ထဲမျောပါခဲ့ခြင်း ဖြစ်သည်။

    ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအုပ် ဦးမင်းသန့်က “ကုလားဂုတ်၊ နှစ်ကရင်နဲ့ ဇီးဖြူသောင်ရွာတွေက ကယ်ဆယ်ထားတယ်၊ ဖျာပုံ၊ ဒေးဒရဲဘက်က ရေလုပ်သားစုစုပေါင်း ၃၇ ဦး၊ အသေအပျောက်မရှိဘူး လို့သိရတယ်” ဟု ပြောသည်။

    စက်တင်ဘာ ၂၄ ရက်တွင် ဇီးဖြူသောင်ကျေးရွာ၌ ရေမျောဒုက္ခသည် ၁၆ ဦး၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုတ်ကျေးရွာ အောက်ဆိပ်နှင့် နှစ်ကရင်ကျေးရွာ၌ ၂၁ ဦး ကျားဖောင်များနှင့်အတူမျောပါလာသူများကို ကယ်တင်စောင့်ရှောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    ဦးမင်းသန့်က “ ဒီရွာတွေမှာကလည်း အချို့ဆိုရင် သူတို့အသိမိတ်ဆွေတွေရှိနေကြတယ်၊ အချို့ကတော့ ကျားဖောင်အလုပ်ရှင်တွေ မိသားစုတွေနဲ့အဆက်အသွယ်ပြန်ရကြပြီး နေရပ်ပြန်ကုန်ကြပြီ” ဟု ပြောသည်။

    အလားတူ ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း ပင်လယ်ပြင်လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်သော ဖျာပုံ ၊ ဒေးဒရဲ ၊ လပွတ္တာ ၊ မြောင်းမြ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များရှိ ကျားဖောင်နှင့်ရေလုပ်သား ၂ သောင်းနီးပါးခန့် ပင်လယ်တွင်းမျောပါခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သည်။

    ယင်းကဲ့သို့ ပင်လယ်ထဲမျောပါနေသော ရေလုပ်သားများကို မြန်မာ့ရေတပ်နှင့် ငါးဖမ်းသင်္ဘာကြီး များက ကယ်တင်ခဲ့ပြီး တနင်္သာရီတိုင်း ကော့သောင်းမြို့နှင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြသည်။

    ဖျာပုံမြို့နယ်၌ ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူ ၂၅၀ဝ ခန့်ရှိပြီး ကျားဖောင်တစီးလျှင် လူ ၃ ဦးမှ ၄ ဦးခန့် လိုက် ပါနိုင်သည်ဟု ဖျာပုံမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနစာရင်းအရ သိရသည်။

    ရေလုပ်သားတစ်ဦးက “ကျားဖောင်ဆိုတာ ကမ်းစပ်နဲ့မလှမ်းမကမ်းမှာ ဝါးဖောင်အကြီးကြီးတွေဖွဲ့ပြီး ပုစွန်၊ ငါးအသေးလေးတွေ ဖမ်းတဲ့သူတွေပေါ့။ အချို့ဝါးဖောင်ပေါ်တဲအိမ်လေးတွေမှာ မိသားစုပါ နေထိုင်နိုင်ကြတယ်”ဟု ပြောသည်။

    ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဆင်းရဲနွမ်းပါးသူဒေသခံအများစုမှာ သက်ဆိုင်ရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနထံ ကျားဖောင်လုပ်ငန်းလိုင်စင်များ လျှောက်ထား၍ ကျားဖောင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်ဟု ရေလုပ်သားများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts