Homeသတင်းဘိန်းစာရွက်ရောင်းချသူ ၆ ဦး ဖမ်းဆီးထား

ဘိန်းစာရွက်ရောင်းချသူ ၆ ဦး ဖမ်းဆီးထား

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ဘိန်းစာရွက်ရောင်းချသူ ၆ ဦးအား ဖမ်းဆီးထားကြောင်း သံဖြူဇရပ်မြို့မ ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘိန်းစာရွက်(IMNA)
ဖမ်းဆီးရမိထားသော ၄င်းဘိန်းစာရွက်ရောင်းချသူများအား မော်လမြိုင်ထောင်၌ ဒုတိယ-ရမန်ဖြင့်ချုပ်နှောင်ထားဆဲဖြစ်ပြီး မကြာမီတရားစွဲဆိုတော့မည်ဟု သိရသည်။

“ကျုံကရုတ်ရွာနဲ့ ကြံ့ခိုင်ရေးရပ်ကွက်တွေကပါ၊ ပြီးခဲ့တဲ့လက ဖမ်းမိခဲ့တာ တရားမစွဲရသေးဘူး၊ ဥပဒေအကြံပေးချက် တောင်းထားဆဲပဲ” ဟု အထက်ပါရဲအရာရှိက ပြောသည်။

သံဖြူဇရပ်မြို့နယ်တဝိုက် စွပ်ပလောင်၊ ကော့လေး၊ ထင်းရူး၊ ကျုံကရုတ်ကျေးရွာတဝိုက်ရှိ ရာဘာခြံများတွင် စီးပွားဖြစ်စိုက်ပျိုးထားကြသည်ဟု သံဖြူဇရပ်မြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မြေ၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နိုင်ဦးက ပြောသည်။

“အခြားမြို့နယ်တွေကလည်း ဒီဘိန်းစာရွက်ကို လာဝယ်ကြတယ်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးကလူငယ်အတော်များများကို သုံးစွဲနေကြတယ်၊ ရေးမှာလည်း ဘိန်းစာရွက်နဲ့ ပတ်သက်ပြီးတစ်မှုဖမ်းထားတယ်လို့ သိရတယ်” ဟု နိုင်ဦးက ဆက်ပြောသည်။

ဘိန်းစာရွက်တစ်ရွက် ငွေကျပ်တစ်ရာပေးဝယ်ရပြီး ရေနွေးတစ်ခါကျိုချက်လျှင် အနည်းဆုံး ၁၀ ရွက်မှ ၃၀ ရွက်အထိ ထည့်ရသည်ဟု သုံးစွဲသူလူငယ်တစ်ဦးထံမှ သိရသည်။

ထိုသို့ ရေနွေးဖြင့်ကျိုချက်ထားသော ဘိန်းစာရွက်အရည်ကို ကော်ဖီမစ်၊ အချိုရည်၊ ချောင်းဆိုးပျောက်ဆေးရည်၊ ခြင်ဆေးခွေပြာစသည်တို့ဖြင့် ရောနှောသောက်သုံး၍ မူးယစ်အရသာ ခံစားကြသည်ဟု သိရသည်။

ယခုအခါ ပြည်တောင်စုကျန်းမာရေးဝန်ကြီးဌာနက ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးစာရင်းထည့်သွင်းထားပြီး သုံးစွဲသူနှင့် ရောင်းဝယ်စိုက်ပျိုးသူများကို ဥပဒေအရအရေးယူနိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးက ကြေညာခဲ့သည်ဟုနိုင်ဦးက ပြောသည်။

အရှေ့တောင်အာရှတွင် အလေ့ကျပေါက်ပင်အဖြစ် တွေ့ရှိရသော ရုက္ခဗေဒအခေါ် Mitragyna specious အပင်အမျိုးအစား ဘိန်းစာရွက်ကို ထိုင်းဘာသာအားဖြင့် “ကရထောင်” ဟု ခေါ်ဆိုပြီး ရာဘာခြံလုပ်သားများရှိရာနယ်စပ်တွင်သုံးစွဲရာမှ ယခုအခါမွန်ပြည်နယ်သို့ စိမ့်ဝင်သုံးစွဲလာကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts