Homeသတင်းKNU နှင့် မြန်မာအစိုးရ တတိယအကြိမ်ဆွေးနွေး

KNU နှင့် မြန်မာအစိုးရ တတိယအကြိမ်ဆွေးနွေး

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် မြန်မာအစိုးရတို့ တတိယအကြိမ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ်၊ဘားအံမြို့ ဇွဲကပင်ဟိုတယ်၌ တွေ့ဆုံဆွေး နွေးခဲ့ကြသည်။

KNU နှင့်မြန်မာအစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ ပဏာမအပစ်အခတ်ရပ်စဲခဲ့စဉ်(Internet)

ဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် KNU ဘက်မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် (၁၄) ဦးတို့က အဓိက အချက် ၂ ချက်ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးညိုအုန်းမြင့်က ပြောသည်။

၎င်းက “ဒီနေ့တော့ နှစ်ဖက်တပ်တွေလိုက်နာရမယ့်စီးကမ်းချက်တွေကို နှစ်ဦးနှစ်ဖက် ကြိုးကြိုးစားစားနဲ့ အကောင်းဆုံးဖြစ်အောင် ဆွေးနွေးဖြစ်ခဲ့တယ်၊ အားလုံးကောင်းပါတယ် တချို့အချက်တွေ စကားလုံးပြင်တာတို့ရှိတယ်၊ ခက်ခဲမှုဘာမှမရှိဘူး” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက်တပ်သားများ လိုက်နာရမည့်ကျင့်ဝတ်များ၊ ပြည်သူလူထု၏ ဘဝလုံခြုံရေး အခြေခံသည့် လိုက်နာရမည့်ကျင့်ဝတ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တပ်အရွှေ့အပြောင်းကိစ္စရပ်များကို မနက်ဖြန်တွင် ဆက်လက်ဆွေးနွေးသွားမည်ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ယင်းဆွေးနွေးပွဲဖြစ်မြောက်ရန် ကရင်အမျိုးသားအစည်းအရုံး KNU နှင့်အစိုးရ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ကိုယ်စားလှယ်များက ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က အကြိုညှိနှိုင်း ဆွေးနွေးပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။

ယင်းညှိနှိုင်းဆွေးနွေးပွဲတွင် KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော အဖွဲ့ဝင် ၃ ဦးနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးစိုးသိန်းနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့ ပါဝင်ကြသည်။

KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဖားအံမြို့တွင် အပစ်အခတ် ရပ်စဲရေးအတွက် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ဧပြီလ ၆ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံခဲ့သည်။

ဦးအောင်မင်း ခေါင်ဆောင်သောမြန်မာအစိုးရအဖွဲ့နှင့် KNU ကိုယ်စားလှယ်တို့ နှစ်ဘက်အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ ဖားအံမြို့ ဇွဲကပင်ဟိုတယ် ဆွေးနွေးပွဲ၌ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ လက်နက်မဲ့နှစ်ဘက်သွားလာခွင့်ပေးရေးတို့ အပါအဝင် ပြည်နယ်အဆင့် အချက် ၄ ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts