Homeသတင်းကျောင်းချိန်ပြင်ပ မွန်စာပေသင်ကြားရေး ဆရာလက်စွဲရေးဆွဲပြီးပြီ

ကျောင်းချိန်ပြင်ပ မွန်စာပေသင်ကြားရေး ဆရာလက်စွဲရေးဆွဲပြီးပြီ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒေသရှိအစိုးရစာသင်ကျောင်းများတွင် မူလတန်းအောက်ဆင့် ကလေးများအတွက် မိခင်မွန်စာပေသင်ကြားနိုင်ရေးရန် မော်လမြိုင်တက္ကသိုလ်မြန်မာစာဌာနက ဆရာလက်စွဲရေးဆွဲပြီးစီးပြီဖြစ်၍ နေပြည်တော်သို့သွားရောက်တင်ပြနေသည်ဟု သိရသည်။

Caption- မဆလခေတ်ပညာရေးဝန်ကြီးဌာနထုတ် သူငယ်တန်းမွန်ဖတ်စာအုပ်(Photo-Internet)
ပညာရေးဝန်ကြီးဌာန၊ အထက်ဗမာပြည်ညွှန်ကြားရေးမှူး(အငြိမ်းစား)နှင့် အဆင့်မြင့်မွန်စာပေပညာရှင် တစ်ဦးဖြစ်သူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီဥက္ကဌ နိုင်ငွေသိန်းက သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းအတွက် ၄င်းမွန်စာပေသင်ကြားနည်းဆရာလက်စွဲများကို မော်လမြိုင်တက္ကသိုလ်မြန်မာစာဌာနအား ကူညီရေးဆွဲပြုစုပေးခဲ့ခြင်း ဖြစ်သည်။

“မဆလကောင်စီခေတ်မှာ ပညာရေးဝန်ကြီးဌာနက အစိုးရကျောင်းတွေမှာမွန်စာပေသင်ကြားရေးအတွက် သူငယ်တန်း၊ ပထမတန်း၊ ဒုတိတယတန်းပုံနှိပ်စာအုပ်တွေ ရိုက်နှိပ်ခဲ့တယ်၊ သူငယ်တန်း၊ ပထမတန်းစာအုပ်တွေက အဆင်ပြေတယ်၊ ဒါပေမယ့် ဒုတိယတန်းမွန်ဖတ်စာပုံနှိပ်စာအုပ်က အဆင့်မမီဘူး၊ ဒါကိုပြန်ပြင်သင့်တယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

အဆိုပါ ဒုတိယတန်းမွန်ဖတ်စာပါ ကဗျာ၊ လင်္ကာ၊ စကားထာ၊ ရုပ်ပုံဖေါ်ပြချက်များမှာ ဗမာမှုမှ မွန်မှုပြုထားသည့်အကြောင်းအရာများဖြစ်သည့်အတွက် ကလေးများမွန်စာပေသင်ကြားရာတွင် အခက်အခဲမျာစွာရှိစေသည်ဟု ဆိုသည်။

“ဒုတိယတန်းအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရင် မွန်ပြည်သစ်ပါတီပညာရေးဌာနက ဖတ်စာအုပ်တွေကို မှီငြမ်းသင့်တယ်လို့မော်လမြိုင်တက္ကသိုလ်မြန်မာစာဌာနကို ကျနော်အကြံပြုခဲ့တယ်၊ ဒါပေမယ့်လည်း မွန်ပြည်သစ်အာဘော်လို့ သူတို့ယူဆသွားနိုင်တယ်၊ အမှန်မှာက မွန်ပြည်သစ်အာဘော်မဟုတ်ဘူးဗျ၊ မွန်ပညာရှင်တွေက ဒုတိယတန်းကလေးအရွယ်နဲ့ ကိုက်ညီတဲ့ မွန်ဟန်ပေါ်လွင်တဲ့ ကဗျာလင်္ကာ၊ စကားထာ၊ ဝါကျတွေနဲ့ ပြုစုထားနိုင်တာကို ကျနော့်အနေနဲ့လုံးဝလက်ခံတယ်” ဟု နိုင်ငွေသိန်းက ဆက်ပြောသည်။

သို့ရာတွင် ဒုတိယတန်းပြဌာန်းချက်ပါ “ကမ္ဘာမကြေ” နိုင်ငံတော်သီချင်းနှင့်ပတ်သက်၍ မွန်ဖတ်စာအုပ်တွင် မည်သည့်မွန်အမျိုးသားသီချင်း ဖေါ်ပြသုံးစွဲရန် အဆုံးအဖြတ်မပေးနိုင်သေးပေ။

မွန်ပြည်သူ့တပ်ဦး(၁၉၄၈-၅၈)ခေတ်နှင့် မွန်ပြည်သစ်ပါတီလက်ထက်သတ်မှတ်သော မွန်အမျိုးသားသီချင်း Mon National anthem နှစ်မျိုးနှစ်စားရှိရာ ကွယ်လွန်သူမွန်ပြည်သစ်ပါတီ ဥက္ကဌကြီးနိုင်ရွှေကျင် ရေးသားခဲ့သော မွန်အမျိုးသားသီချင်းကို ပြည်တွင်းပြည်ပရှိအဖွဲ့အစည်းများနှင့် မွန်စာပေယဉ်ကျေးမှုအသင်းအဖွဲ့များက အခမ်းအနားများတွင် အသုံးပြုလျှက်ရှိကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် နေပြည်တော်ပညာရေးဌာနအစည်းအဝေးခမ်းမ၌ကျင်းပသော ပထမအကြိမ်တိုင်းရင်းသားဘာသာ သင်ကြားရေးအစည်းအဝေးမှ မူလတန်းအောက်ဆင့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းကျောင်းသုံးစာအုပ်ပါသင်ခန်းစာများကို မွန်၊ စကောကရင်၊ ပိုးကရင်၊ ပလောင်၊ တီးတန်ချင်း၊ ဖလမ်းချင်း၊ ဂုံရှမ်း၊ တိုက်လျန်ရှမ်း၊ တောင်ကြီးရှမ်း၊ ကယား၊ ကယန်း၊ ပအိုဝ်းစာပေများဖြင့် နှစ်လအတွင်းအပြီးပြုစု၍ ပြန်လည်တင်ပြရန် ပညာရေးဝန်ကြီးဒေါက်တာမြအေး လမ်းညွှန်ခဲ့သည်။

ထိုသို့ဆရာလက်စွဲများရေးဆွဲပြီးသည့်နောက် သင်ကြားပို့ချပေမမည့်ဆရာများကိုသင်တန်းပို့ချပေးရမည်ဟု သိရပြီး တိုင်းရင်းသားဘာသာများကို ကျောင်းချိန်ပြင်ပမှာသာ သင်ကြားခွင့်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts