Tuesday, March 10, 2026
More
    spot_img
    Homeသတင်းတရားဝင်သမဂ္ဂဖြစ်မြောက်ရေးဆက်လက်ကြိုးပမ်းမည်ဟု ဘုရားသုံးဆူမြို့အလုပ်သမားများပြော

    တရားဝင်သမဂ္ဂဖြစ်မြောက်ရေးဆက်လက်ကြိုးပမ်းမည်ဟု ဘုရားသုံးဆူမြို့အလုပ်သမားများပြော

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ အလုပ်သမားများအနေဖြင့် အစိုးရအသိအမှတ်ပြု တရားဝင်သမဂ္ဂ ဖွဲ့စည်းခွင့်ရရှိအထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု အလုပ်သမားခေါင်း ဆောင်များက ပြောသည်။

    ဘုရားသုံးဆူမြို့အလုပ်သမားသမဂ္ဂလှုပ်ရှားသူများ(IMNA)
    တရားဝင်သမဂ္ဂဖွဲ့စည်းခွင့်ရရှိရန် ပြည်တွင်းရှိအလုပ်သမားဆောင်ရွက်ရေးအဖွဲ့များနှင့် (ILO) ရုံးများထံ ဆက်လက်ညှိနှိုင်းသွားမည်ဟု ဥက္ကဌကိုဝေဖြိုးကြွယ်က ပြောသည်။

    ၎င်းက”ထိုင်းဘက်ခြမ်းမှာ အလုပ်လုပ်တာက အချိန်ပိုင်းအလုပ်ပဲသွားတာလေ၊ နေတာက မြန်မာပြည် ဘက်ခြမ်းမှာနေတာပဲ၊ အဲတော့ ကျနော်တို့အဖွဲ့ကို မှတ်ပုံတင်ချပေးသင့်တယ်၊ ဒါကြောင့် အိုင်အယ်လ်အိုအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ဖွဲ့စည်းခွင့်ရတဲ့အထိ ရတဲ့နည်းတဲ့ ကြိုးစားသွားမယ်” ဟု ပြောသည်။

    ယင်းအလုပ်သမားများသည် မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူမြို့တွင်နေထိုင်ပြီး နေ့စဉ်ထိုင်းနိုင်ငံဖက်သို့ ဝင်ရောက်ရောက်အလုပ်လုပ်နေသော နေ့ချင်းပြန်အလုပ်သမားများ ဖြစ်သောကြောင့် တရားဝင်သမဂ္ဂဖွဲ့စည်းခွင့်မပြုဟု နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနကပြောကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ ဒေါ်အိရွှေစင်ကပြောကြားချက်ကို The Voice Weekly သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

    အဆိုပါ သမဂ္ဂအခြေခံအဖွဲ့ကို ဘုရားသုံးဆူဒေသ၌ အထည်လိပ်နှင့် သားရေလုပ်ငန်းများတွင်လုပ်ကိုင်နေသည့် အလုပ်သမား (၃၀)ဦးဖြင့် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင် ဘုရားသုံးဆူမြို့ ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်းတွင်စတင်ဖွဲ့စည်းခဲ့ရာ ကိုဝေဖြိုးကြွယ်က ဥက္ကဌ၊ ကိုအောင်မြင့်ဦးက အတွင်းရေးမှူး တာဝန်ပေးအပ်ခြင်းခံရသည်။

    သမဂ္ဂဖွဲ့စည်းရန် မေလ ၂၉ ရက်နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့ အလုပ်သမားအဖွဲ့မှတ်ပုံတင် တာဝန်ခံအရာရှိထံသို့ မှတ်ပုံတင်လျှောက်ထားခဲ့သော်လည်း ဇွန်လ (၂၁) ရက်နေ့တွင် မှတ်ပုံတင်ခွင့်မပေးသေးကြောင်းကို အကြောင်းပြန်ခဲ့သည်။

    ယင်းသို့ ငြင်းပယ်ခံရသည့်အတွက် ဇွန်လ ၂၇ ရက်နေ့တွင် အလုပ်သမားခေါင်းဆောင်များက မှတ်ပုံတင်ချပေးရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးအောင်ထံ အသနားခံစာပေးပို့ပြီး ထပ်မံလျှောက်ထားခဲ့သည်။

    ဘုရားသုံးဆူဒေသ၌ အထည်လိပ်စက်ရုံ၊ အဝတ်အထည်စက်ရုံ၊ ဖိနပ်စက်ရုံအပါအဝင် ၄၀ ကျော်ရှိပြီး မြန်မာပြည်မှအလုပ်သမား တစ်သောင်းနီးပါးခန့် ထိုင်းနိုင်ငံဖက်သို့ နေ့စဉ်ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသည်ဟု ကိုဝေဖြိုးကြွယ်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks