spot_img
Thursday, July 17, 2025
More
    spot_img
    Homeသတင်း၂၀၁၂ ခုနှစ်မကုန်မီမွန်နှစ်ပါတီပေါင်းစည်းသွားရန် မွန်သံဃာတော်များတောင်းဆို

    ၂၀၁၂ ခုနှစ်မကုန်မီမွန်နှစ်ပါတီပေါင်းစည်းသွားရန် မွန်သံဃာတော်များတောင်းဆို

    -

    နဒီမွန် – ၂၀၁၂ ခုနှစ် မကုန်မီတွင် မွန်ဒီမိုကရေစီပါတီ(MDP)နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)တို့ တစ်ပါတီအဖြစ်ပေါင်းစည်းသွားရန် မွန်သံဃာတော်များကတောင်းဆိုခဲ့ကြောင်း ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဆရာတော်အသျှင်ခေမာနန္ဒက မိန့်ဆိုသည်။၊

    မွန်နှစ်ပါတီကိုယ်စားလှယ်များနှင့် ညှိနှိုင်းရေးအဖွဲ့ဝင်သံဃာတော်များ
    ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်သာယာရယ်ကွက်ရှိ နန္ဒဝန်မွန်ပရိယတ္ထိ စာသင်တိုက်၌ ပြုလုပ်ခဲ့သည့် နှစ်ပါတီပေါင်းစည်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ဒီမိုကရေစီပါတီမှ (၇) ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ (၃) ဦးတို့နှင့် ညှိနှိုင်းရေးအဖွဲ့မှမွန်သံဃာတော်များ တက်ရောက်ခဲ့သည်။

    “အဲဒီအစည်းအဝေးမှာပဲ မွန်ပါတီနှစ်ခုအနေနဲ့၂၀၁၄ အထိမစောင့်ပဲနဲ့ ဒီ ၂၀၁၂ အတွင်းမှာဘဲ ပူးပေါင်းသွားဖို့ကို တိုက်တွန်းတောင်းဆိုထားတယ်” ဟု နန္ဒဝန်မွန်ပရိယတ္ထိ ကျောင်းထိုင်စာချဆရာတော် အသျှင်ခေမာနန္ဒက မိန့်ဆိုသည်။

    ယင်းတောင်းဆိ်ုချက်အပေါ် မွန်ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်နိုင်စိုးမြင့်က ၄င်းတို့ပါတီဘက်က ပေါင်းစည်းရန် အဆင်သင့်ရှိနေကြောင်း ပြောသည်။

    ထို့အတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း(နိုင်ဂျနူမွန်)“ပုဂ္ဂိုလ်ရေးအရ ကျနော့်အနေနဲ့ ပူးပေါင်းဖို့ သဘောတူ့ပြီးသားပါ၊ ဒါပေမယ့် ကျနော်တို့ပါတီထိပ်ပိုင်းခေါင်းဆောင်အများစုကတော့ ဆုံးဖြတ်ချက်မချနိုင်သေးဘူး”ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရုံးသို့ ဖုန်းခေါ်ဆိုသော်လည်း ဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်ရှိနေသဖြင့် ပါတီပြောခွင့်ရပုဂ္ဂိုလ်များအား မေးမြန်းခွင့်မရရှိခဲ့ပေ။

    လာမည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှစ်ဖက်ကိုယ်စားလှယ်တို့ တစ်ပါတီအဖြစ် ပေါင်းစည်းသွားရန် အချက်(၄)ချက်ပါ သဘောတူညီချက်လက်မှတ်ကို ဧပြီလ (၂၂)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

    သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်များအနေဖြင့် နှစ်ပါတီပေါင်းစည်းမည့်ကိစ္စအား ဆွေးနွေးအကြံပေးခွင့်သာရှိပြီး သဘောတူညီချက်လက်မှတ်ရေးထိုးရန် ၄င်းတို့ပါတီကိုယ်စားလှယ်များအား လုပ်ပိုင်ခွင့်ပေးမထားသဖြင့် ဧပြီလ(၂၂) ရက်သဘောတူညီချက်ကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပယ်ချခဲ့သည်ဟု ပါတီထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

    လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် MAU တို့သည်လည်း ပြည်တွင်းရှိ မွန်နှစ်ပါတီပေါင်းစည်းသွားရန် တိုက်တွန်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,800SubscribersSubscribe
    spot_img

    Latest posts