Homeသတင်းကွယ်လွန်သူမွန်ပြည်သူ့တပ်ဦးဥက္ကဌနိုင်အောင်ထွန်းအား ဂါရဝပြု

ကွယ်လွန်သူမွန်ပြည်သူ့တပ်ဦးဥက္ကဌနိုင်အောင်ထွန်းအား ဂါရဝပြု

-

မင်းတော်လဝီ – မွန်ပြည်သူ့တပ်ဦးဥက္ကဌ နိုင်အောင်ထွန်း ဂါရဝပြုအခမ်းအနားပွဲတစ်ရပ်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၌ ဧပြီလ၂၉ရက်နေ့တွင် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်း၏ အမှတ်တရလွမ်းသူ့ပန်းခွေ

နိုင်အောင်ထွန်း၏မွေးရပ်မြေ၊ ပငကျေးရွာ၊ ကြက်တိန်ညင်ဘုရားကုန်း ပုရဝဏ်ရှိ ၄င်း၏အမှတ်တရအုတ်ဂူရှေ့၌ အစီအစဉ် (၈)ရပ်ဖြင့် ဂါရဝပြုအခမ်းအနား ကျင်းပကြသည်ဟု အခမ်းအနားတက်ရောက်ခဲ့သည့် ပငရွာမွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “အခမ်းအနားဟာ နိုင်အောင်ထွန်းကွယ်လွန်သွားတဲ့(၄၂)နှစ်မြောက်ကို အောက်မေ့သတိရဂါရဝ ပြုတဲ့အခမ်းအနားတရပ်ပါ၊ ပငရွာမွန်စာပေနဲ့ယဉ်ကျေးမှု ကော်မတီက ဦးဆောင်ကျင်းပခဲ့တာဒီနှစ်ဆို ၁၆နှစ်မြောက်ပါ” ဟု ပြောသည်။

ယင်းအခမ်းအနားသို့ မွန်ဘုန်းတော်ကြီးများ၊ မွန်ဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိမ်း၊ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ဂျနူမွန်(ခေါ်)နိုင်ငွေသိန်း၊ အခြားမွန်နိုင်ငံရေးခေါင်းဆောင်များနှင့် သံဖြူဇရပ်မြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအပါအဝင် ဧည့်ပရိဿတ် စုစုပေါင်း ၅၀၀ ခန့် တက်ရောက် ကြသည်။

နံနက်စောစောပိုင်းတွင် ဆရာတော်များအား ဆွမ်းကပ်လှူဒါန်းပြီးနောက် အခမ်းအနားကျင်းပရာ မွန်ဒီမိုကရေစီပါတီမှ နိုင်ငွေသိမ်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်ငွေသိန်း(နိုင်ဂျနူမွန်)တို့ အသီးသီး မိန့်ခွန်းပြောကြားခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ နိုင်အောင်ထွန်းအထုပ္ပတ္တိဖတ်ကြားခဲ့စဉ်

မွန်ပြည်သူ့တပ်ဦး(၁၉၄၈-၅၈)လက်ထက်တွင် နိုင်အောင်ထွန်းနဲ့အတူပါဝင်ခဲ့သော ယခုအသက်ရှင်နေဆဲ မွန်ဒီမိုကရေစီပါတီ ဥက္ကဌ ကျနော်နိုင်ငွေသိမ်းက “ယခင်လက်နက်ကိုင်တော်လှန်ရေးကနေ အခုဆိုရင်မွန်လူမျိုးတို့ရဲ့မွေးရာပါ အခွင့်အရေးတွေကို ဥပဒေဘောင်အတွင်းကနေ မွန်လူထုတွေထင်ထင်ပေါ်ပေါ်တောင်းဆိုလာနေကြပြီ”ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ“ယခင်မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်းနဲ့ နုုိင်ငွေသိမ်းတို့ချမှတ်ခဲ့တဲ့မူ(၃)ရပ် ကို ယနေ့ကျနော်တို့ ဆက်လက်ထမ်းဆောင်နေဆဲပဲ၊ အဲဒါကတော့လွတ်လပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ ကိုယ်ပိုင်ပြန့်ဌာန်းနဲ့ စစ်မှန်သောပြည်ထောင်စုတို့ပဲဖြစ်တယ်”ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီဥက္ကဌ နိုင်ငွေသိန်း(နိုင်ဂျနူမွန်)က ၄င်း၏မိန့်ခွန်းတရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်အောင်ထွန်းသည် ၁၉၄၈ ခု သြဂုတ်လတွင် မွန်လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး မွန်အမျိုးသားထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် မွန်ပြည်သူ့တပ်ဦး ဥက္ကဌကြီးအဖြစ် ပါတီသက် တမ်းတလျှောက် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုနောက် ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့ပြီးနောက် နိုင်အောင်ထွန်းသည် ဦးနုအစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီးအဖြစ် ၁၉၆၁-ခု၊ ဧပြီလ (၂၇) ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုသည်။ ထို့အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးဌာနများကိုပါ ပူးတွဲတာဝန်ယူခဲ့သည်။

ထိုနောက် တော်လှန်ရေးကောင်စီ (ဦးနေဝင်းအစိုးရ)၏ ၃၃ ဦးပါ နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့တွင် မွန်အမျိုးသားခေါင်းဆောင် နိုင်ဖိုးချိုနှင့်အတူ ပါဝင်ခဲ့ကြသည်။

၁၉၇၀ ခု၊ ဧပြီလ၂၉ ရက်၊ နံနက် ရ နာရီခန့် မော်လမြိုင်နေအိမ်၌ ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts