Homeသတင်းမွန်ဒီမိုကရေစီပါတီမှတ်ပုံတင်ပြီ

မွန်ဒီမိုကရေစီပါတီမှတ်ပုံတင်ပြီ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ယခင်မွန်အမျိုးသားဒီမိုကရေအဖွဲ့ကို မွန်ဒီမိုကရေစီပါတီအမည်သစ်ဖြင့် ပြောင်းလဲဖွဲ့စည်းပြီးနောက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ယမန်နေ့တွင် ပါတီမှတ်ပုံတင်လျှောက်ထား လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ကျနော်ကိုယ်တိုင်ပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်မှူးဆီသွားလျှောက်တင်ခဲ့ပြီးပြီ၊ ကျနော်တို့ပါတီက အမှတ်စဉ်(၆၁) လို့သိရတယ်” ဟု နေပြည်တော်သို့ ပါတီမှတ်ပုံတင်ခဲ့သူ မွန်ဒီမိုကရေစီအဖွဲ့ ဗဟိုအလုပ်အမှုဆောင်နိုင်စိုးမြင့်က ပြောသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF သည် ၁၉၉၀ ရွေးကောက်ပွဲဝင်ပါတီဖြစ်ခဲ့ပြီး ၁၉၉၂ ခု၊ မတ်လတွင် တရားဝင်ပါတီရပ်တည်ခွင့်မှ ရုတ်သိမ်းခံခဲ့ရာ ယခုအခါတရားဝင်ပါတီရပ်တည်ခွင့်အတွက် ပြန်လည်မှတ်ပုံတင်ခြင်း ဖြစ်သည်။

“မွန်သံဃာတော်တွေအကြံပြုတဲ့ ပါတီအမည်သစ်အတိုင်း ကျနော်တို့က မွန်ဒီမိုကရေစီပါတီလို့ အမည်သတ်မှတ်ရွေးချယ်လိုက်တာ ဖြစ်တယ်” ဟု နိုင်စိုးမြင့်က ဆက်ပြောသည်။

မွန်ဘာသာဖြင့် “ဗော်မန်ဒီမဵုကရေဇြဳ”၊ အင်္ဂလိပ်ဘာသာဖြင့် “Mon Democratic Party” ဟု အမည်သတ်မှတ်ထားခြင်း ဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မရဘူးဆိုလို့ ၂၀၁၀ ရွေးကောက်ပွဲကိုမဝင်ခဲ့ဘူး၊ ပါတီလည်း မှတ်ပုံမတင်ခဲ့ဘူး၊ ခုတော့ နိုင်ငံတော်အကျိုးအတွက် လိုအပ်တာတွေကို ဥပဒေအရပြင်လို့ရပြီလို့ ဆိုလာတယ်၊ အများရဲ့ဆန္ဒနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပိုင်ခွင့်ကို သမ္မတကိုယ်တိုင်အတိအလင်းပြောကြားလာတော့ ကျနော်တို့ကလည်း ဘဝတူတိုင်းရင်းသားတွေညီအစ်ကိုယ်ပါတီတွေလိုပဲ မှတ်ပုံတင်ဖို့ဆုံးဖြတ်လိုက်တယ်” ဟု မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

အခြားမိတ်ဆွေပါတီများဖြစ်ကြသော ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD၊ ဇိုမီးအမျိုးသားကွန်ကရက်တို့သည်လည်း ယခင်လများတွင် ပါတီမှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။

ယခုပြန်လည်မှတ်ပုံတင်လိုက်သော မွန်ဒီမိုကရေစီပါတီ၌ ဗဟိုကော်မတီဝင် ၅၄ ဦးရှိပြီ ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးပါဝင်လျှက်ရှိရာ ပါတီဝင်စာရင်းအရေအတွက်အတိအကျ မသိရှိရသေးပေ။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ပြန်လည်စုဖွဲ့ခဲ့ရာတွင် ယခင်လက်ကျန်ဗဟိုကော်မတီဝင်များနှင့်အတူ မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သူအရာရှိဟောင်းအချို့ ပါဝင်လာသည်ကို တွေ့ရှိရသည်။

လက်ရှိကာလ၌ ထင်ရှားသောမွန်တိုင်းရင်းသား(၃) ပါတီရှိရာ လက်နက်ကိုင်မွန်ပြည်သစ်ပါတီ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့ဖြစ်ကြသည်။

လာမည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကိုနောက်ဆုံးသတ်မှတ်၍ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီ(မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဟောင်း) နှစ်ပါတီတို့ တစ်ပါတီအဖြစ်ပူးပေါင်းရန် သဘောတူညီခဲ့ကြပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts