Homeသတင်းUNFC နှင့် အစိုးရဆွေးနွေးဖြစ်လျှင် KIO ကိစ္စပါဝင်ဆွေးနွေးမည်

UNFC နှင့် အစိုးရဆွေးနွေးဖြစ်လျှင် KIO ကိစ္စပါဝင်ဆွေးနွေးမည်

-

ဂျူရီချိုင်း – ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ခဲ့မည်ဆိုလျှင် KIO အပစ်အခတ်ရပ်စဲရေး ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

UNFC သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ်(Photo-Internet)
အစိုးရ ကိုယ်စားလှယ်နှင့်တွေ့ဆုံနိုင်ရေးအတွက် ယခုလလယ်ပိုင်းတွင် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းထံ UNFC အဖွဲ့မှအီးမေးလ်ဖြင့် အကြောင်းကြားစာ ပေးပို့ထားသော်လည်း အစိုးရဘက်က မည့်သည့်တုန့်ပြန်မှုများမရရှိသေးကြောင်း၊ UNFC အနေနှင့် မြန်မာအစိုးရနှင့် အမြန်ဆုံးတွေ့ဆုံနိုင်ရန် ဆန္ဒရှိသည်ဟု နိုင်ဟံသာက ပြောသည်။

၎င်းက ”တစ်ဖွဲ့ချင်း ဆွေးနွေးနေရင် ပြီးပြည့်စုံနိုင်မည်မဟုတ်ဘူး အဲဒါကြောင့် UNFC အနေနဲ့တွေ့ဖို့ ကျနော်တို့ တောင်းဆိုလိုက်တာဖြစ်တယ်” ဟု ပြောသည်။

UNFC အဖွဲ့ဝင်ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေဒေသများတွင် တိုက်ပွဲများဆက် လက်ဖြစ်ပွားနေသည့်အတွက်ကြောင့် စစ်တပ်နှင့် အစိုးရအကြား နှစ်ဖက်စလုံးပြေလည်အောင် ညှိုနှိုင်းသွားရမည်ဟု သူက ဆက်ပြောသည်။

ယခုလ ၁၉ ရက်နေ့ UNFC သတင်းစာရှင်းလင်းပွဲတခုကျင်းပခဲ့ရာတွင် အစိုးရကိုယ်စားလှယ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် UNFC အနေဖြင့် အသင့်ရှိနေကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပြီဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မြောက်ရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က “ကျနော်အနေနဲ့ နှစ်ဖက်စလုံးက တွေ့ဆုံဖို့လိုအပ်တယ်လို့ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ တစ်ဖွဲ့ချင်းတွေ့တာတော့ အပစ်အခတ်ရပ်စဲရေးအခြေခံလောက်ပဲရှိတယ် UNFC ဘက်ကလဲ နဂိုလ်ကတည်းက နိုင်ငံရေးအရ အရေးပါနေတဲ့အတွက်ကြောင့် အစိုးရဘက်ကလဲ အလေးထားမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဒက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်သုံးဦးသည်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်နိုင်ရေးအတွက် ဂျပန်အစိုးရနှင့် ဂျပန်ရောက် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတို့ တွေ့ဆုံနိုင်ရန် ယမန်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ဂျပန်ကိုရောက်ရှိသွားသည့် တိုင်းရင်းသားခေါင်းဆောင်များမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အထွေထွေအတွင်းရေမှူး ဒေါက်တာလဂျာ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဒု-ဥက္ကဌ စောဒေးဗစ်တာကပေါနှင့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်ဥက္ကာတို့ ဖြစ်သည်။

UNFC သည် အစိုးရနှင့် လက်နက်ကိုင်တိုက်ပွဲဆင်နေသည့် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့၊ မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စတင်ဖွဲ့စည်းခဲ့ပြီး ကချင်တိုင်းရင်းသားနှစ်ဖွဲ့ ပူးပေါင်းခဲ့သဖြင့် ယခုအခါ (၁၁) ဖွဲ့တည်ရှိသည်။

အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့နှင့် ငြိမ်းချမ်းရေး မယူရသေးသည့် အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသော “ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” UNFC အဖွဲ့ဝင်များတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှစ်ဖွဲ့သာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန်ကျန်ရှိနေသေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts