spot_img
Sunday, January 19, 2025
More
    spot_img
    Homeသတင်းအစိုးရ၏တွေ့ဆုံနေမှုသည်ငြိမ်းချမ်းရေးလမ်းကြောင်းသို့ ဦးတည်နေခြင်းမဟုတ်သေး

    အစိုးရ၏တွေ့ဆုံနေမှုသည်ငြိမ်းချမ်းရေးလမ်းကြောင်းသို့ ဦးတည်နေခြင်းမဟုတ်သေး

    -

    လွတ်လပ်သောမွန်သတင်အေဂျင်စီ – မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ အပစ်ခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးမှုရှိခဲ့ကြသော်လည်း ငြိမ်းချမ်းရေးအတွက် ဦးတည်နေခြင်းမဟုတ်သေးကြောင်း UNFC က ပြောသည်။

    ၆၃ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ။
    ၆၃ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ။

    အပစ်အခတ်ရပ်စဲရေးအတွက် မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဏာမတွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တဘက်တွင် တိုင်းရင်းသားများဒေသအတွင်း ထိုးစစ်ဆင်နေမှုများ အရှိန်မလျော့သေးကြောင်း ညီညွတ်သော တိုင်းရင်းသားများဖက်ဒယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    “ကျနော်တို့ တခုသိထားဖို့က အစိုးရက အပစ်ခတ်ရပ်စဲဖို့ ကမ်းလှမ်းတယ်၊ကြိုးပမ်းနေတယ်ဆိုပေမယ့်လည်း တဘက်မှာ ထိုးစစ်တွေဆင်နေတဲ့အရှိန်ကမလျော့သေးဘူး၊ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့(အစိုးရ) တွေ့ဆုံဆွေးနွေးမှုတွေဟာငြိမ်းချမ်းရေးအတွက် ဦးတည်နေတယ်ဆိုတာက သံသယဖြစ်စရာပဲ” ဟု နိုင်ဟံသာက ပြောသည်။

    သို့သော် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံပြီး နှစ်ဘက်အပြန်အလှန် ဆွေးနွေးတင်ပြနိုင်မှုသည် အခွင့်ကောင်းတခုဖြစ်ကြောင်းလည်း ၄င်းကပြောသည်။

    မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသား တပ်ဦး (CNF)အပါအဝင် ရှမ်းပြည်တပ်မတော်တောင်ပိုင်းခေါ် ရှမ်းပြည် ပြန်လည်တည်ဆောက်ရေးကောင်စီ SSA/ RCSS တို့နှင့် ယခုလအတွင်း ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့ကြသည်။

    သို့ရာတွင် UNFC ၏ ဆက်စပ်အဖွဲ့များဖြစ်ကြသည့် ကချင်အမျိုးသားအစည်းအရုံး KNO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ ညီညွတ်သောရခိုင်အမျိုးသားပါတီ NUPA၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO တို့ကို အစိုးရက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုမရှိကြသေးဟု သိရသည်။

    မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်းတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နားထောင်ခဲ့သူ သျှမ်းသံတော်ဆင့်အယ်ဒီတာ ဦးခွန်ဆိုင်းကလည်း “လောလောဆယ် ရှမ်းဘက်မှာလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတာရှိတယ် ဆိုတော့ အပစ်ခတ်ရပ်စဲရေးဆိုတာတော့ မဖြစ်သေးဘူးပေါ့” ဟု ပြောသည်။

    မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ရာတွင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူညီရန်၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရန်၊ သတ်မှတ်နယ်မြေပြင်ပဖြတ်ကျော်လျှင် ကြိုတင်သဘောတူညီမှုရယူရန်နှင့် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နှစ်ဖက်သဘောတူညီသည့်အခါ ဗဟိုအစိုးရနှင့်ဆက်လက်ဆွေးနွေးသွားရန် စသည့်အချက်များပါရှိသည်ဟု သိရသည်။

    UNFC အဖွဲ့ဝင်များအနေဖြင့် တပြည်လုံးအတိုင်းအတာ အားလုံးတပြိုင်တည်းအပစ်ခတ်ရပ်စဲပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးရန် မူချမှတ်ထားခဲ့သည်။

    UNFC အခြေခံအဖွဲ့များတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ပါဝင်ပြီး ဆက်စပ်အဖွဲ့ဝင်များအဖြစ် ကချင်အမျိုးသားအစည်းအရုံး KNO၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ ညီညွတ်သော ရခိုင် အမျိုးသားပါတီ NUPA၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO တို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,200SubscribersSubscribe
    spot_img

    Latest posts