Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီနှင့်အစိုးရငြိမ်းချမ်းရေးဆွေးနွေးရန် အလားအလာကောင်းများမြင်တွေ့

    မွန်ပြည်သစ်ပါတီနှင့်အစိုးရငြိမ်းချမ်းရေးဆွေးနွေးရန် အလားအလာကောင်းများမြင်တွေ့

    -

    မင်းသုတ – မွန်ပြည်သစ်ပါတီနှင့်မွန်ငြိမ်းချမ်းရေးအကျိုးဆောင်တို့၏ တွေ့ဆုံမှုသည် အစိုးရနှင့်ငြိမ်းချမ်းရေးထပ်မံဆွေးနွေးရန် အလားလာကောင်းများ မြင်တွေ့ရကြောင်း အကျိုးဆောင်အဖွဲ့တွင် ပါဝင်သူတဦးက ပြောသည်။

    မွန်အမျိုးသားတပ်မတော်ဂုဏ်ပြုတပ်ဖွဲ့ချီတက်နေစဉ်( Photo-IMNA)
    မွန်အမျိုးသားတပ်မတော်ဂုဏ်ပြုတပ်ဖွဲ့ချီတက်နေစဉ်( Photo-IMNA)

    မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြည်တွင်းရှိ မွန်ခေါင်းဆောင် ၅ ဦးကို အကျိုးတော်ဆောင်များအဖြစ် ရွေးချယ်တာဝန်ပေးခဲ့ရာ ရေးချောင်းဖျားရှိ မွန်ပြည်သစ်ဗဟိုဌာနချုပ်ရှိရာသို့ ၂ ရက်ကြာ သွားရောက်ဆွေးနွေးခဲ့သည်။

    “အသေးစိတ်ကိုပြောပြဖို့အချိန်မတန်သေးဘူး၊ ချုပ်ပြီးပြောရယင် နောက်ဆုံးနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်တဲ့အဆင့်ထိ ရောက်အောင်သွားရမှာပါ၊ အဲဒီအဆင့်ကိုရောက်နိုင်အောင် အဖက်ဖက်ကလည်းကြိုးပမ်းနေကြပါတယ်” ဟု မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံခဲ့သည့် အကျိုးဆောင်က ပြောသည်။

    အကျိုးတော်ဆောင်များသည် နိုဝင်ဘာလ ၁၂ ရက်နေ့က မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်သို့ ရောက်ရှိပြီး ပါတီ ဥက္ကဌနိုင်ထောမွန် ဦးဆောင်သော မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် နှစ်ရက်ကြာတွေ့ဆုံခဲ့ကြပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြန်သွားကြသည်။

    ဝန်ကြီးချုပ် ဦးအုန်းမြင့် ရွေးချယ်တာဝန်ပေးခဲ့သူများမှာ ကျိုက်မရောမြို့နယ်၊ ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တကေတုမာလာ (ဒေသအခေါ်- ဦးဇင်းဂျုပ်)၊ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း နိုင်တင်အောင်၊ အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေအဖွဲ့ MNDF မှ နိုင်သက်လွင်နှင့် ဒေါက်တာမင်းကြည်ဝင်း၊ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်း နိုင်စိုးမြင့်တို့ ပါဝင်သည်။

    မွန်ပြည်သစ်ပါတီသည် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှန်ချက်ကို ယခင်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့်သာ ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ဖူးသည်။

    အောက်တိုဘာ (၆) ရက်နေ့တွင်လည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ ဦးဆောင်သည့် မွန်ပြည်သစ်ပါတီတို့ ရေးမြို့အခြေစိုက် ခလရ(၆၁) တပ်ရင်းရုံးတွင် ပဏာမ စတင်ဆွေးနွေးခဲ့ကြရာတွင် အပစ်အခတ်ရပ်စဲရေးရလာဒ်များ ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပေ။

    ၁၉၉၄-၉၅ ခုနှစ်များအတွင်း ယခင်နဝတအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့အပစ်ရပ်စဲသဘောတူညီမှုရရှိရန် တစ်နှစ်ခွဲကာလကြာ လေးကြိမ်တိတိဆွေးနွေးခဲ့ရာ၌ ၁၉၉၅ ခုနှစ် ဇွန်လ(၂၉) ရက်နေ့တွင် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲမှုရရှိရာ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် တရားဝင်အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့သည်။ သို့သော်လည်း နှစ်ဖက်တပ်ဖွဲ့များ ယနေ့တိုင် ပစ်ခတ်မှုမရှိခဲ့သေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks