Homeသတင်းမွန်ဝန်ကြီးချုပ်က ပြည်နယ်ရဲမှူးကြီးကိုအပြစ်တင်

မွန်ဝန်ကြီးချုပ်က ပြည်နယ်ရဲမှူးကြီးကိုအပြစ်တင်

-

ဟောင်းဒိန်း၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြို့မရဲစခန်း ပစ်ခတ်ဖေါက်ခွဲခံရခြင်းနှင့်ပတ်သက်ပြီး စုံစမ်းမရသည့်အပေါ် မွန်ပြည်နယ်ဝန်ကြီးချူပ် ဦးအုန်းမြင့်က မွန်ပြည်နယ်ရဲမှူးကြီးကို အပြစ်တင်ပြောဆိုခဲ့သည်။

သံဖြူဇရပ်မြို့လယ်ဇရပ်ဟောင်း
သံဖြူဇရပ်မြို့လယ်ဇရပ်ဟောင်း

စက်တင်ဘာလ ၃ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ အုပ်ချုပ်ရေးမှူးရုံးရှိ မြို့နယ်ရဲစခန်းရုံးသို့ ဦးအုန်းမြင့် ရောက်ရှိလာစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်ဖောက်ခွဲမှုများမှာ ကိုရင်နိုင်သန်းလွင်အဖွဲ့နှင့် ကရင်အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်နယ်ရဲမှူးကြီးက ဝန်ကြီးချူပ်ကို တင်ပြပြောဆိုခဲ့သည်။

“(ဒီအဖွဲ့တွေကို) ထားထားလို့မရဘူး။ မရရအောင် လိုက်ရမယ်၊ အဲဒီအတွက် ရဲတွေ အပြည့်အဝ တာဝန်ယူရမယ်” ဟု ဝန်ကြီးချုပ်မှ သတိပေးပြောဆိုခဲ့သည်။

လတ်တလော၌ မြို့တွင်းလမ်းများနှင့် အဝေးပြေးကားလမ်းပေါ်ရှိ ကျေးရွာလမ်းဝများတွင်လည်း လုံခြုံရေးအရ ရဲတပ်ဖွဲ့ကင်းလှည့်နေရသည်ဟု သံဖြူဇရပ်မှ မြို့ခံတဦးက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးမှ သံဖြူဇရပ်မြို့လယ်ရှိ ရဲစခန်းကို M-40 လက်နက်အမျိုးအစားဖြင့် ပစ်ခတ်သည်ဟု ရဲစခန်းမှ အတည်ပြုပြောကြားခဲ့သည်။

ထို့အပြင် ဇွန်လ ၂၉ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုတခုဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်အနီးရှိ အုတ်တံတိုင်း ပြိုကျသွားခဲ့သည်ဟု စရဖရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အတူ ၂၀၁၀ မေလ ၇ ရက်နေ့ ညပိုင်းတွင် သံဖြူဇရပ်မြို့ ရဲစခန်းအနီးတွင်လည်း အလားတူ ဗုံးတလုံး ပေါက်ကွဲခဲ့သည်။

ယခင်က စစ်တပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်း၍ လုံခြုံရေးယူခဲ့သော်လည်း လက်ရှိတွင် မြို့ပေါ်လုံခြုံရေးဆိုင်ရာများကို ရဲတပ်ဖွဲ့မှ အပြည့်အဝ လုံခြုံရေးယူနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပြည်တွင်းဂျာနယ်များတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts