Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအရှင်ဥက္ကံသ ကို ထောင်ပြောင်း

    အရှင်ဥက္ကံသ ကို ထောင်ပြောင်း

    -

    အရှင်ဥက္ကံသ

    အာကာ -ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသည့် မွန်သံဃာတော် အရှင်ဥက္ကံသအား ယနေ့တွင် အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

    ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် အင်းစိန်ထောင်မှ ထုတ်ခဲ့ပြီး ညနေတွင် ပုသိမ်ထောင်သို့ ရောက်မည် ဖြစ်ကြောင်း အရှင်ဥက္ကံသ က နှမဖြစ်သူ မိသီတာဝင်းသို့ တယ်လီဖုန်းမှတဆင့် အကြောင်းကြားလာခဲ့သည်ဟု မိသီတာဝင်းက ပြောသည်။

    မည်သည့် အကြောင်းကြောင့် ထောင်ပြောင်း လိုက်သည်ကို ကာယကံရှင်နှင့် မိသားစု၀င်များက မသိရသေးဘဲ ထောင်အာဏာပိုင်များကလည်း အကြောင်းကြားခြင်း မရှိဟု နှမဖြစ်သူက ပြောသည်။

    “မနက်က ဦးဇင်း ဖုန်းဆက်လာတယ်။ ထောင်ရှေ့ကနေ ဆက်တယ်လို့ ပြောတယ်။ သူပြောင်းရမှာကိုလည်း သူမသိဘူးတဲ့၊ သူ့ကို အဆောင်ပြောင်းထားတော့ ထောင်မပြောင်းရဘူးလို့ သူမှတ်နေတာ၊ အခုက ချက်ချင်းကြီးပဲ” ဟု မိသီတာဝင်းက ပြောသည်။

    ယခင်က သူ့အား အဆောင် (၂) အခန်း (၁) တွင် ချုပ်နှောင်ထားခဲ့ရာမှ ပြစ်ဒဏ်ချမှတ်ပြီး နောက်တွင် အဆောင် (၅) အခန်း (၄) သို့ ပြောင်းရွှေ့ခဲ့သည်။

    အရှင်ဥက္ကံသသည် အစာအိမ်ရောဂါ နှင့် ကျောက်ကပ်ရောဂါများအပြင် အခြားရောဂါများကိုလည်း ခံစားနေရကြောင်း နှမဖြစ်သူက ပြောသည်။

    ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းကြောင့် ကျန်းမာရေး ကုသမှု ခံယူရန် အခက်အခဲ မရှိသော်လည်း မွန်ပြည်နယ်မှ ပုသိမ်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံနိုင်ရန် အခက်အခဲ အနည်းငယ် ရှိနိုင်ကြောင်း မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

    “ချောင်းဆုံကနေ မော်လမြိုင်၊ မော်လမြိုင်ကနေ ရန်ကုန်၊ ရန်ကုန်ကနေ ပုသိမ်ဆိုတော့ အင်းစိန်ထက် အခက်အခဲ ရှိမယ်” ဟု နိုင်ငွေသိမ်းက ပြောသည်။

    ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၇ ရက်နေ့တွင် အရှင်ဥက္ကံသအား ၂၀၁၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် နံရံကပ် စတစ်ကာ၊ လက်ဆွဲကွန်ပျူတာ၊ ဗီဒီယိုကင်မရာ နှင့်အတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်၌ ရဲများက ဖမ်းဆီးခဲ့သည်။

    သူ့အား မေလ ၁၄ ရက်နေ့မှ စ၍ ၄ လကျော် အင်းစိန်ထောင် အထူးတရားရုံးတွင် အပတ်စဉ် ရုံးတင်စစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် အီလက်ထရောနစ် ဥပဒေပုဒ်မ၊ တရားမဝင် ပုံနှိပ် ထုတ်ဝေ ပုဒ်မ၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ဥပဒေပုဒ်မတို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၅) နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

    သက်တော် (၃၀) နှစ်ရှိ အရှင်ဥက္ကံသသည် မွန်ပြည်နယ် ချောင်းဆုံမြိ့ုနယ် မုဒွန်းရွာဇာတိ ဖြစ်ပြီး မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အောင်ဇေယျ ပရိယတ္တိ စာသင်တိုက်တွင် လက်ထောက်စာချ ဆရာတော်တစ်ပါး ဖြစ်သည်။

    အယူခံ ဝင်နိုင်ရန် ရှေ့နေများနှင့် တိုင်ပင်ပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟု သူ၏ ဆွေမျိုး မိတ်ဆွေများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks