Homeသတင်းလျာထားသလောက် အမတ်လောင်းစာရင်းမတင်ပြနိုင်

လျာထားသလောက် အမတ်လောင်းစာရင်းမတင်ပြနိုင်

-

ရိုင်မရော့ – ရွေးကောက်ပွဲကော်မရှင်၏ အမတ်လောင်းစာရင်းတင်ပြရမည့်ရက် နည်းသည့်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ယခင် လျာထားသည့် အမတ်လောင်းအရေအတွက်အောက် လျော့နည်းစွာရရှိသည်။

ယခင်က အမတ်လောင်း ၄၄-၄၈ ဦးရရှိလျာထားသော်လည်း အမတ်လောင်းတင်ပြရမည့်ရက်နည်းခြင်းနှင့် အမတ်လောင်းအတွက် ဘဏ္ဍာရေးအခက်အခဲကြောင့် လျာထားသည့်အမတ်လောင်း အရေအတွက်အောက်သာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စာရင်းတင်နိုင်သည်။

“အချိန်နည်းလွန်းတယ်လေ၊ လုံးဝမမီလို့ အမတ်လောင်း ၃၅ ဦးပဲ တင်နိုင်တယ်၊ လျာထားတာက ၄၄-၄၈ ဦးပေါ့၊ နောက်တော့ ငွေကြေးလည်း အခက်အခဲရှိတယ်လေ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း (နိုင်ဂျနူ) က ပြောသည်။

မွန်ပြည်နယ်ရှိ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် အမတ်လောင်း ၄ ဦးစီရရှိပြီး၊ မော်လမြိုင်မြို့နယ်တွင် ၅ ဦး၊ ကရင်ပြည်နယ် ဘားအံမြို့နယ် ၁ ဦး၊ ကော့ကရိတ်မြို့နယ် ၃ ဦး၊ မြဝတီမြို့နယ် ၁ ဦး နှင့် တနင်္သာရီတိုင်း ရေးဖြူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အမတ်လောင်း ၁ ဦး စုစုပေါင်း ၃၅ ဦးသာ တင်ပြနိုင်လေသည်။

“ကျနော်တို့ ထင်ထားတာက တင်ထားတဲ့ ၃၅ ဦးစလုံးတော့ အတည်ပြုပေးမယ်လို့ ရည်မှန်းထားတာပေါ့လေ၊ ဘာလို့လဲဆိုတော့ ကျနော်တို့ရွေးထားတဲ့အမတ်လောင်းတွေက မဲကော်မရှင်သတ်မှတ်ထားတဲ့ စည်းစနစ်နဲ့အညီပဲ ရွေးထားတယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် သထုံ၊ ဘီလင်း၊ ကျိုက်ထို မြို့နယ်သုံးမြို့နယ်တို့တွင် အမတ်လောင်းများလျာထားသော်လည်း တင်ပြမည့်ရက် နည်းနေသည့်အတွက် ၄င်းမြို့နယ်များမှ အမတ်လောင်းမပါဝင်ဘဲ တင်ပြလိုက်ရလေသည်။

မွန်ပါတီအနေနှင့် အမျိုးသမီးအမတ်လောင်းများ ပါဝင်အောင် လျာထားသော်လည်း အမျိုးသမီးအမတ်လောင်းတစ်ဦးသာ ပါဝင်သည်။

“တင်လိုက်တဲ့အမတ်လောင်းတွေကို အတည်ပြု မပြုဆိုတာကိုတော့ မသိရသေးဘူး၊ စက်တင်ဘာ ၄-၅ ရက်လောက်မှာ သိနိုင်မယ်လို့တော့ ထင်တာပဲ” ဟု ၄င်းက ပြောသည်။

အမတ်လောင်းစာရင်းများကို ဘဏ်ငွေစာရင်းများနှင့်အတူ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံ တင်သွင်းရပြီး ထိုမှတဆင့် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ် လွှတ်တော်တွေမှာ ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် အမတ်လောင်းများအတွက် ဘဏ္ဍာရေးအခက်အခဲများရှိနေသော်လည်း နောက်ဆုံးတွင် အခက်အခဲကြားမှ အမတ်လောင်းစာရင်းတင်ပြနိုင်လေသည်။ သို့သော် အချိန်နှင့် ငွေကြေးအခက်အခဲကြောင့် လျာထားသည့်အမတ်လောင်းအရေအတွက်အတိုင်း မတင်ပြနိုင်ပါ။

ရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမည့်ရက်ကို သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိသာ အချိန်ပေးထားသောကြောင့် ရွေးကောက်ပွဲဝင်မည့်ပါတီများ အမတ်လောင်းတင်သွင်းရန် အခက်အခဲဖြစ်နေကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၃ (က) နှင့်အညီ သတ်မှတ်ရက်အတွင်း ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့်ပါတီမှာ ၃၂ ပါတီရှိပြီး ယနေ့အထိ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြပြီးသည့်ပါတီ ၄၂ ပါတီရှိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts