Homeသတင်းတစညပါတီလည်း လှုပ်ရှားနေပြီး

တစညပါတီလည်း လှုပ်ရှားနေပြီး

-

ယခင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံး

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ကလည်း ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစဉ်ကို အရှိန်မြှင့် စည်းရုံးနေပြီးဖြစ်သည်။

မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်အပါအဝင် ရေးမြို့နယ်ဘက်တွင် တစညပါတီမှ စည်းရုံးရေးခရီးစဉ်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့်အပြိုင် စည်ရုံးရေးကို ယခုလအတွင်း ပေါ်ပေါ်ထင်ထင် စတင်နေကြောင်း ဒေသခံတို့က ပြောသည်။

“မုဒုံက သူတို့ရဲ့ (တစည) ပါတီက လေး ငါးယောက် ရွာကိုဆင်းလာပြီးတော့ ရွာဥက္ကဌကနေတဆင့်ပေါ့ လူစုတယ်၊ အထူးသဖြင့်တော့ သူတို့နဲ့ နီးစပ်တဲ့လူတွေပေါ့ ဒါပေမယ့် အများအားဖြင့်တော့ ရွာခံတွေ သိပ်စိတ်မဝင်စားကြဘူး” ဟု မုဒုံမြို့နယ်အတွင်း တစညစည်းရုံးရေး တက်ရောက်နားကြားသူတစ်ဦးက ပြောသည်။

တစညစည်းရုံးရေးတွင် ရွေးကောက်ပွဲ၌ အနိုင်ရမယ့်ပါတီများသည် တစညပါတီနှင့် ကြံ့ဖွံ့ပါတီတို့သာဖြစ်ပြီး ကျန်သည့်ပါတီများ အနိုင်ရမှာမဟုတ်ကြောင်း၊ အကယ်၍ တစညပါတီသာ ရွေးကောက်ပွဲ၌ အနိုင်ရမည်ဆိုပါက မွန်လူထုတရပ်လုံး၏ အကျိုးကို ဆောင်ရွက်ပေးမည်ဟု ရွာခံများ စိတ်ပါလာအောင် တစညပါတီမှ စည်းရုံးသိမ်းသွင်းကြောင်း ၄င်းက ပြောသည်။

“သူတို့က အမျိုးမျိုးပြောတာပေါ့ သူတို့ပါတီကို စိတ်ပါလာအောင် သူတို့ပါတီဝင်ရင် ဘယ်လို အခွင့်အရေးတွေရမယ်၊ ရွေးကောက်ပွဲပြီးရင်လည်း မွန်တွေအတွက် ဘယ်လို အကျိုးတွေ ဆောင်ပေးမယ် အစုံပဲပြောတာပေါ့လေ တကယ်လို့ သူတို့ပါတီကို ဝင်မယ်ဆိုရင် အပြီးပဲ ဓာတ်ပုံရိုက်သွားတယ်၊ အဲဒီလူတွေကို ပါတီကဒ်ပေးမယ်ပေါ့” ဟု ၄င်းက ပြောသည်။

မုဒုံမြို့နယ်အတွင်းတွင် တစညပါတီမှ သုံးကြိမ်ခန့် စည်းရုံးရေးဆင်းနေသော်လည်း ယခုသြဂုတ်လအတွင်း ဆင်းလာသည့်အကြိမ်မှာ ပေါ်ပေါ်ထင်ထင် ရွာခံများကို ခေါ်ယူဆွေးနွေးပြီး၊ စက်တင်ဘာလ ပထမအပတ်တွင် နောက်ထပ်လာရန်ရှိကြောင်း သိရသည်။

“စည်းရုံးရေးကို စိတ်ဝင်စားရင်တော့ ဓာတ်ပုံအပြီး ရိုက်သွားတယ်၊ နောက်တခေါက်ဆင်းလာရင်တော့ ပါတီကဒ်ကို ထုတ်ပေးမယ်ပြောသွားတယ်၊ လောလောဆယ်မှာတော့ တရွာမှာ ၁၀ ယောက်တောင်မပြည့်ပါဘူး သူတို့ပါတီကို စိတ်ဝင်စားတဲ့လူဆိုလို့” ဟု တစညပါတီကို လေ့လာအကဲခတ်နေသူတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်နည်းတူ သံဖြူမြို့နယ်ဘက်မှာလည်း တစညပါတီမှ စည်းရုံးရေးဆင်းနေကြောင်း ရေးမြို့နယ်အတွင်းတွင်လည်း တစညပါတီမှ ပါတီကဒ်များ ထုတ်ဝေပေးခြင်းဖြင့် စည်းရုံးရေးဆင်းနေသည်။

တစညပါတီသည် ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဆလပါတီ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) မှ အမည်ပြောင်းလဲထားသော ပါတီဖြစ်သည်။ ၄င်းပါတီသည် မဆလပါတီ ယခု (တစည) သည် မြန်မာပြည်ကို ၁၉၆၂ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ် နေဝင်းခေါင်းဆောင်သော စစ်တပ်က အုပ်စိုးခဲ့ပြီး ၁၉၈၈ ခုနှစ် ၈လေးလုံးတွင် မြန်မာတစ်ပြည်လုံးကို စစ်အစိုးရက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မဆလပါတီ၏ အခန်းကဏ္ဍ လုံးဝရပ်စဲသွားသည်။

၁၉၉၀ ခုနှစ်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် လွှတ်တော်နေရာရရှိသော်လည်း အစိုးရက ပွင့်လင်းစွာ ရပ်တည်ပေးသည့်အတွက် တစညပါတီ ပြန်လည်ထူထောင် လာနိိုင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts