Homeသတင်းရယကဥက္ကဌအိမ်ပြန်ဆောက်ရန် ရွာသားများ ငွေကြေးပေးဆောင်နေရ

ရယကဥက္ကဌအိမ်ပြန်ဆောက်ရန် ရွာသားများ ငွေကြေးပေးဆောင်နေရ

-

ကွန်းဟဒေ့

မွန်အမျိုးသားကာကွယ်ရေးတပ်မတော် (MNDA) မှ ပစ်ခတ်မှုကြောင့် မီးလောင်သွားသော အလယ်စခန်းရွာ ရယက ဥက္ကဌအိမ်ကို ပြန်ဆောက်ရန်အတွက် ရွာခံများထံမှ ငွေကြေးကောက်ခံနေသည်။

ထိုသို့ကောက်ခံရာတွင် ဝင်ငွေကောင်းသူများအတွက် အမြင့်ဆုံးနှစ်သောင်းကျပ်ပေးဆောင်ရပြီး၊ အလယ်လတ်တန်းစားအတွက် ၁၅၀၀၀ ကျပ်နှင့် အနိမ့်ဆုံး ၁၀၀၀၀ ကျပ်ဖြင့် သုံးမျိုး သုံးစားခွဲပြီး တောင်းခံနေသည်ဟု အလယ်စခန်းရွာခံတစ်ဦးက ပြောသည်။

“ပြောသံကြားတာကတော့ အိမ်ပျက်သွားတာပဲ ကောင်းတယ် အသစ်ရတာပေါ့လို့ ဥက္ကဌကပြောတယ်၊ သူက ဘာစိုးရိမ် စရာလိုလို့လဲ၊ ပေးရတဲ့ရွာသားတွေကတော့ မသက်သာဘူး” ဟု ၄င်းက ပြောသည်။

မီးလောင်သွားသည့် အိမ်သည် သစ်သားအိမ်ဖြစ်ပြီး၊ တိုက်အိမ် ပြန်ဆောက်ကာ ယခင်အိမ်ထက် ကုန်ကျစရိတ်များသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ အလယ်စခန်းရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ပျမ်းမျှအားဖြင့် ငွေသိန်းပေါင်း ၈၀ ရရှိမည်ဟု ဒေသခံတစ်ဦးက ခန့်မှန်းသည်။

လွန်ခဲ့သည့် ဧပြီလ ၃၀ နေ့က ထိုဒေသအတွင်း လှုပ်ရှားနေသည့် မွန်ခွဲထွက်ရေးအဖွဲ့မှ ထိုဥက္ကဌအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် မီးလောင်ကျွမ်းသွားသည်။ ထိုပစ်ခတ်မှုကြောင့် ဥက္ကဌသမီးနှစ်ဦးအပါအဝင် အိမ်းတွင်းရှိ လူငါးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသည်။

MNDA နှင့် မြန်မာ့စစ်တပ်မှ ၁၅ မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီး ရယကဥက္ကဌအိမ်မှာ မီးလောင်ကျွမ်းသွားသည်ဟု Kaowao သတင်းဌာနက ဖော်ပြထားပါသည်။

ဥက္ကဌအိမ်အသစ်ကို လွန်ခဲ့သည့် ၃ ပတ်ခန့်က စတင်တည်ဆောက်နေပြီး၊ ယခုအချိန်ထိ တည်ဆောက်နေဆဲဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

အလယ်စခန်းကျေးရွာတွင်း ထိုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံရွာသားများ တောတွင်းသို့ ညအိပ် အလုပ်လုပ်ခွင့်ကို ခမရ ၂၈၂ မှ ယခုအချိန်အထိ ပိတ်ပင်ထားသည်။

“ခြံထဲရင် တစ်ယောက်ကို ဆန် ၃ ဗူး (တစ်ရက်စာ) ပဲ ယူဆောင်ခွင့်ပြုတယ်” ဟု အလယ်စခန်းကျေးရွာမှ ခြံလုပ်သားတစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts