Homeသတင်းကျောင်းသုံးပစ္စည်းများ စျေးနှုန်းကြီးမြင့်မှုကြောင့် ကျောင်းသားမိဘများ အခက်အခဲဖြစ်

ကျောင်းသုံးပစ္စည်းများ စျေးနှုန်းကြီးမြင့်မှုကြောင့် ကျောင်းသားမိဘများ အခက်အခဲဖြစ်

-

စာသင်ခန်းထဲ၌ ကလေးငယ်များစာသင်နေစဉ်

မင်းတော်လဝီ

၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် ကျောင်းသုံးပစ္စည်းများ စျေးနှုန်းမြင့်မားခြင်းနှင့် ကျောင်းစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကျောင်းသားမိဘတချို့ အခတ်အခဲနှင့် ရင်ဆိုင်နေရကြောင်း ရန်ကုန်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“သားသမီးတွေကို ကျောင်းအပ်နှံဖို့ အားခဲနေတဲ့မိဘတွေ ကျောင်းသုံးပစ္စည်းတွေဖြစ်တဲ့ ကျောင်းဝတ်စုံ စာအုပ် စာတမ်းနဲ့ ကျောင်းစရိတ်တွေ မြင့်မားနေတဲ့အတွက် ကျမတို့လို နွမ်းပါးတဲ့ မိဘတွေ သားသမီးပညာရေးအတွက် အခတ်အခဲနဲ့ ရင်ဆိုင်နေကြရတယ်” ဟု အထက်ပါ ရန်ကုန်မြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

မေလ ၂၅ ရက်နေ့မှစပြီး ကျောင်းသားများ စတင်ကျောင်းအပ်နေပြီး၊ ကျောင်းသုံးပစ္စည်းရောင်းသည့်အရောင်ဆိုင်များလည်း ယခု ကျောင်းဖွင့်ရာသီအတွင်း ကျောင်းသုံးပစ္စည်းများကို စျေးနှုန်းမြှင့်တင်ရောင်းချလျှက်ရှိသည်။

“ကျောင်းဖွင့်နေပြီး ဇွန်လ ၁ ရက်နေ့ကစပြီး ကျောင်းသားတွေ ကျောင်းတက်ရတော့မယ်၊ ကျောင်းစဖွင့်ဆိုရင် ကျောင်းသုံးပစ္စည်းတွေ အရမ်းစျေးတက်သွားတယ်၊ မရှိတဲ့လူတွေက ရှာကြံပြီးတော့ သားသမီးတွေကို ကျောင်းထားပေးရတာပေါ့” ဟု ရန်ကုန်မြို့ ပုဇွန်တောင်အမှတ် (၁) ကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကျောင်းဖွင့်ချိန်မှာ ကျောင်းသုံးပစ္စည်းတွေ အဆမတန်စျေးတက်နေခြင်းကြောင့် တချို့ကျောင်းသား တယောက်သာရှိသူများအတွက် အဆင်ပြေသော်လည်း ကျောင်းသားသုံးလေးယောက်ရှိသည့်မိဘများအတွက် အခတ်အခဲများစွာကြုံတွေ့ရသည်ဟု ၄င်းက ပြောသည်။

ကျောင်းဝတ်စုံတစ်စုံလျှင် အနည်းဆုံး ကျပ်သုံးထောင်အထက်မှာရှိနေပြီး၊ ကျောင်းစိမ်းပိတ်စဆိုလျှင်လည်း ပုံမှန်စျေးထက် တကိုက်လျှင် ၁၀၀ စျေးတက်သွားကာ ယခုလအတွင်း တကိုက်လျှင် ၅၀၀ အထက်စျေးတက်သွားကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ဝတ်စုံဖိုးသာမကဘူး စာအုပ် စာတမ်းဖိုးတွေကလည်း ရှိသေးတယ်၊ တနှစ်တနှစ်ဆိုမနည်းဘူး ကုန်တာ၊ အခုဆို အလွတ်စာအုပ် (ကော်ပီ) စာအုပ်တစ်ဒါဇင်ဆိုရင် ၁၅၀၀ ကျော်တယ်၊ အဲဒီစာအုပ်ဖိုးသက်က်နဲ့ တနှစ်မှာ သောင်းကျော်နေပြီး” ဟု မုဒုံမြို့မှ ကျောင်းသားမိဘတစ်ဦးက ရှင်းပြသွားသည်။

မူလတန်းကျောင်းသားများအတွက် ယူနီဆက်ဖ်မှ ထောက်ပံ့မှုပေးနေသည်ဟုဆိုသော်လည်း အနည်းငယ်သာရရှိပြီး၊ လုံလောက်မှုမရှိသည့်အတွက် ကျောင်းသားမိဘများကသာ စီစဉ်ဆောင်ရွက်ပေးနေရကြောင်းကို အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။

“ကျောင်းသားမိဘတွေကလည်း သူတို့ရဲ့သားသမီးတွေ ကျူရှင်တက်မှ စာမေးပွဲအောင်မယ်ဆိုတဲ့ အစွဲအလန်းရှိနေတော့ ကျူရှင်ခပါ ထပ်ကုန်နေရတယ်” ဟု အငြိမ်းစား ကျောင်းဆရာတစ်ဦးက ပြောသည်။

မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အဖြစ် ကျောင်းသားများ ကျောင်းအပ်နှံနေကြပြီး၊ တစ်နှစ်စာကျောင်းလခနှုန်းထားအဖြစ် ပဥ္စမတန်း ၅၀၀၊ ဆဌမတန်း ၆၀၀၊ သတ္တမတန်း ၇၀၀၊ အဌမတန်း ၈၀၀၊ နဝမတန်း ၉၀၀နှင့် ဒဿမတန်းအတွက် ကျပ်တစ်ထောင်အသီးသီး ပေးသွင်းရသည်။ မူလတန်းပညာရေးသည် အခမဲ့ပညာရေးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts