Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး နေရာပြောင်းလဲမရှိသေး

သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး နေရာပြောင်းလဲမရှိသေး

-

မင်းသုတ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအများစုမှာ ယခင်နအဖ ခေတ်ကျန် ရပ်ကွက်/ကျေးရွာဥက္ကဌများသာ ဖြစ်နေ၍ နေရာပြောင်းလဲခြင်း မရှိသေးကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၄၁ စုရှိသည့်အနက် သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် ရပ်ကွက်/ကျေးရွာ ၇ စုသာ အုပ်ချုပ်ရေးမှူးသစ် အပြောင်းအလဲ ရှိခဲ့သည်ဟု မြိုနယ်ထွေအုပ်ရုံးစာရေးတစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့လယ်ဇရပ်(TBZY Facebook)
၄င်းက “နဝတ၊ နအဖ ဒီစစ်အစိုးရတစ်ခေတ် အနှစ် ၂၀ ကျော် ကျေးရွာဥက္ကဌဖြစ်ခဲ့တဲ့လူတွေကပဲ ဆက်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်တွေဆက်ယူနေကြတယ်၊ အရင်လူဟောင်းတွေပဲ ဆက်ပြီးအုပ်ချုပ်နေတဲ့အတွက် အစိုးရသစ်တက်လဲ ရွာတွေမှာအပြောင်းအလဲ သိပ်မတွေ့မိဘူး” ဟု ပြောသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း သံဖြူဇရပ်မြို့နယ်အတွင်း အောင်သာယာရပ်ကွက်၊ အနင်း၊ ဝဲဂလောင်း၊ ပင၊ ဖေါင်စိန်၊ နှစ်ကိုင်းနှင့် ကျုံကရုတ်ရွာတို့တွင် အုပ်ချုပ်ရေးမှူးအပြောင်းအလဲ ရှိခဲ့သည်။

အလားတူ ရေးနှင့် မုဒုံမြို့နယ်တို့တွင်လည်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်မှူးအသစ် အနည်းငယ်သာ အပြောင်းအလဲရှိခဲ့သည်ဟု သိရသည်။

“အစိုးရသစ်တက်လာပြီး အချို့နေရာမှာအပြောင်းအလဲတွေရှိခဲ့ပေမယ့် ကျနော်တို့ဆီကရွာဥက္ကဌ ဟောင်းတွေ ဘက်ဂရောင်းတော်တော်ကောင်းတယ်လို့ ဆိုရပါမယ်၊ သူတို့ကျတော့ နေရာ အပြောင်းအလဲလုံးဝမရှိသေးဘူး၊ မြဲနေတုန်းပဲ” ဟု သံဖြူဇရပ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အစိုးရသစ်တက်လာပြီးနောက် ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး၍ အတည်ပြုခဲ့ပြီး ဖြစ်သည်။

၄င်းဥပဒေအရ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးသည် လစဉ်ထောက်ပံ့ငွေကျပ် ၇သောင်းရရှိပြီး ရုံးအသုံးစရိတ်ငွေတစ်လ ငွေကျပ် ၅ သောင်း သတ်မှတ်ပေးထားသည်။

ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးသည် အသက် ၂၅ နှစ်ပြည့်ပြီး အများကြည်ညိုလေးစားသူ၊ လက်ရှိအစိုးရဝန်ထမ်းမဟုတ်သူ၊ လက်နက်ကိုင်အဖွဲ့အစည်းဝင်(သို့မဟုတ်) မတရားအသင်းနှင့် ဆက်သွယ်သူမဖြစ်ရဟု သတ်မှတ်ချက်များ ပါရှိသည်။

ထိုသို့ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ကြရာတွင် သက်ဆိုင်ရာရပ်မိရပ်ဖ ၅ ဦးကြီးကြပ်၍ ရပ်ကွက်/ကျေးရွာဆယ်အိမ်ခေါင်းများအား တစ်အိမ်ထောင်တစ်မဲကျ လှို့ဝှက်မဲပေး ကြရပြီး ၄င်းဆယ်အိမ်ခေါင်းများက မိမိအုပ်ချုပ်ရေးမှူးတစ်ဦးကို ဆက်လက်ရွေးချယ်တင် မြှောက်ရမည် ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ခံဝန်ထမ်းများအဖြစ် သတ်မှတ်လစာပေးဆောင်နေသည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးများကို လက်ထောက်ညွှန်ကြားရေးမှူး ရာထူးတိုးမြှင့်ပေးထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts