spot_img
Thursday, May 2, 2024
More
    spot_img
    Homeသတင်းဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ကို “မွန်ဒီမို” ကြိုဆို

    ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ကို “မွန်ဒီမို” ကြိုဆို

    -

    မိကျဲဂို- ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းလိုက်သည့်အပေါ် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ထောက်ခံကြိုဆိုကြောင်း ပြောသည်။

    မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဌ နိုင်ငွေသိမ်း မွန်ရိုးရာ ဆို က တီး သင်တန်းတွင် သင်တန်းသားများကို အမှာစကား ပြောကြားစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဌ နိုင်ငွေသိမ်း မွန်ရိုးရာ ဆို က တီး သင်တန်းတွင် သင်တန်းသားများကို အမှာစကား ပြောကြားစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    “ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းသင့်တာ ကြာပြီ၊ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။ အခုလို ဖွဲ့စည်းလိုက်တာ တော်တော် ကောင်းတယ်” ဟု မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ဒု-ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

    တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ရန်နှင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းလိုက်ကြောင်းကို မေလ ၁၄ ရက်နေ့ အစည်းအဝေးအပြီး UNFC  က သတင်း ထုတ်ပြန်ခဲ့သည့်အပေါ် မွန်ဒီမိုက ပြောဆိုခြင်း ဖြစ်သည်။

    ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် ပြည်တွင်းရှိ တိုင်းရင်းသား အဖွဲ့များ ပူးပေါင်းပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အကောင်အထည် ပေါ်မလာခဲ့ကြောင်း နိုင်ငွေသိမ်းက ပြောသည်။

    “ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ဖြစ်မလာဘူး ဆိုရင်တော့ တိုက်သင့်ရင် တိုက်ရမှာပဲ” ဟု သူက ပြောသည်။

    “မွန်ဒီမို” ဟု လူသိများသော မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၌ အနိုင်ရရှိခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင်မူ ဖျက်သိမ်းခံခဲ့ရသည်။

    တိုင်းရင်းသားနှင့် အစိုးရကြား ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းပါက ပြီးဆုံးနိုင်မည် မဟုတ်သည့်အတွက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုကြောင်း၊ အစိုးရက ၄င်းနည်းကို လက်မခံဘဲ စစ်ရေးနည်းဖြင့် ဖြေရှင်းပါက မိမိတို့၏ လူထုနှင့် နယ်မြေကို ကာကွယ်ရန်အတွက် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    “လက်နက်ကိုင်တပ် ရှိတဲ့ အဖွဲ့အစည်းတိုင်း ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ထဲမှာ အကုန်၀င်ပါပြီး လိုအပ်သလို ဒေသအလိုက် စစ်ရေး လှုပ်ရှားမှုတွေ လုပ်သွားမယ်” ဟု နိုင်ဟံသာက ပြောသည်။

    လတ်တလောတွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF နှင့် ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA တို့မှာ လက်နက်ကိုင်တပ်ဖွဲ့ အတည်တကျ မရှိသေးကြောင်း သိရသည်။

    ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၏ ကာကွယ်ရေးဌာန တာဝန်ခံမှာ လက်ရှိ ကေအင်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုး ဖြစ်သည်။ ယင်းတပ်မတော် စစ်ဦးစီးအဖွဲ့တွင် အဖွဲ့ဝင် တပ်မတော် အသီးသီးမှ စစ်ဦးစီးချုပ် သို့မဟုတ် ဒု-စစ်ဦးစီးချုပ် တဦးစီ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

    UNFC ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO၊ ချင်းအမျိုးသားတပ်ဦးCNF တို့ ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင် ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. တကယ်တိုက်ကြမယ်ဆိုရင် လက်တွေ့တိုက်ပွဲ၀င်နေတဲ့ DKBAဗိုလ်မှူးစောလားပွယ်အဖွဲ့
      အပါအ၀င်ကျောင်းသားတပ်မတော် ABSDFတို့ကိုပါ၀င်ခွင့်ပြုပြီး ပူတွဲးစစ်ဆင်ရေးတွေ
      အရှိန်မြှင့်တင်တော်လှန်စစ်ကိုစကြမယ်ဆိုရင်တော့ ဒီအချိန်ဟာစစ်အာဏာရှင်ပြုတ်ကျဘို့
      အလားအလာအကောင်းဆုံးဘဲလို့အကြံပြုရင်းထောက်ကူလျှက်ထောက်ကူဘို့အသင့်ပါ

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts