Home သတင်း အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုခွင့်အပေါ် စစ်အုပ်စုက ဆက်လက်ပစ်မှတ်ထားအရေးယူ

အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုခွင့်အပေါ် စစ်အုပ်စုက ဆက်လက်ပစ်မှတ်ထားအရေးယူ

အွန်လိုင်းပေါ်မှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို စစ်အုပ်စုက ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး လူမှုကွန်ရက်ပေါ်တွင် မှတ်ချက်ပေးခြင်း၊ တုံ့ပြန်မှုပေးခြင်းကဲ့သို့သော သာမန်လှုပ်ရှားမှုများကိုပင် ပစ်မှတ်ထား အရေးယူနေကြောင်း သိရသည်။

မြန်မာအင်တာနက်ပရောဂျက်အဖွဲ့(MIP)၏ ၃လတာ စစ်တမ်းအရ လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူအနည်းဆုံး ၂၇ ဦး အထိရှိကြောင်း ဖော်ပြထားသည်။

မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးအဖွဲ့ လူမှုကွန်ရက်စာမျက်နှာ၏ ပိုစ့်အောက်တွင် မှတ်ချက်ဝင်ရောက် ရေးသားခြင်းနှင့် တုန့်ပြန်မှု ပေးထားသူ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးဒေသခံ ၃ ဦး ယနေ့အထိ ဖမ်းဆီးခံထားရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က) ဖြင့် သြဂုတ်လအတွင်းက အမှုဖွင့်အရေးယူထားသည်။

စစ်အုပ်စုက သတင်းရရှိချက်အရ နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးမှုများအပြင် လမ်းမပေါ် စောင့်ဆိုင်း ဖမ်းဆီးမှုများလည်း လုပ်ဆောင်ခဲ့သည်။

Facebook နှင့် Tik Tok အပါအဝင် လူမှုကွန်ရက်မီဒီယာများတွင် ဆန်ဈေးကွက်နှင့် ပတ်သတ်၍ ခန့်မှန်းရေးသားခြင်းများ၊ လူမှုကူညီရေးသင်းများအနေဖြင့် ရဲအရေးပိုင်းအမှုခင်းများနှင့် ပတ်သတ်၍ ကူညီမှုမှတ်တမ်းများကို လူမှုကွန်ရက်ပေါ်တွင် မတင်ရန်လည်း တားမြစ်ထားသည်။

ထို့ကြောင့်  အွန်လိုင်းပေါ်ရေးသားမှုများကို စောင့်ကြည့်ဖမ်းဆီးသည့်အပြင် သတင်းအချက်အလက်စီးဆင်းမှုများ ကြိုတင်ဟန့်ထားသည့် ဖြစ်ရပ်များလည်းလုပ်ဆောင်လာသည်။

မြန်မာအင်တာနက်ပရောဂျက်အဖွဲ့ (MIP) သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေများကို စောင့်ကြည့်ခြင်းအပါအဝင် ကြုံတွေ့နေရသည့် ဒီဂျစ်တယ် ဖိနှိပ်ခံရမှုများကို လေ့လာမှတ်တမ်းတင်နေသည့် အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်သည့် Tik Tok ကို VPN အသုံးပြုမှသာ ဝင်ရောက်နိုင်မည်ဟု ကန့်သတ်ထားသဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူခွင့်တို့ကို ထပ်မံနှောက်ယှက်နေသည်ဟုလည်း (MIP) မှ ကောက်ချက်ချသည်။

လက်ရှိအခြေအနေအရ ပြည်သူလူထုသာမက စစ်ကော်မရှင် လွှတ်တော်ကိုယ်စားလှယ်များလည်း မိမိတို့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လွတ်လပ်စွာ ပြောဆိုရဲဘဲ ထိန်းထားရသည့် အနေအထားဖြစ်သည်ဟုလည်း လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ဆိုသည်။

“ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ပြည်သူလုထုသာမကပဲ နိုင်ငံရေးပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွေ မွန်ပါတီတွေ၊ ပအို့ဝ်ပါတီတွေ၊ ကရင်ပါတီတွေရောပေါ့ ပြောဆိုတဲ့ကိစ္စမှာ သူတို့မနည်းထိန်းထားရတယ်။ ဒီမိုကရေစီမပြောနဲ့ အခြေခံအခွင့်အရေးလောက်တောင်မရှိဘူး အခြေခံမူဝါဒမှာက နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး ကိုယ့်ရဲ့ ရပ်တည်ချက်ကို ဖွင့်ဟခွင့်ရှိရမယ် အဲ့အခွင့်အရေးနှစ်ခု ဆုံးရှုံးတာကအဆိုးဆုံးလို့ပဲပြောချင်တယ်” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၀၂၉ ဦးအထိ ရှိလာပြီး ဖြစ်သည်ဟုလည်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်းကာလ မတိုင်မီက မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေသည့် ဥပဒေပုဒ်မများ အနည်းဆုံး ၁၀ ခုထက်မနည်းရှိနေပြီး စစ်အာဏာသိမ်းနောက်ပိုင်း ဥပဒေအသစ်နှင့် အမိန့်များကို စစ်အုပ်စုက ထပ်မံထည့်သွင်းထားသည့်အပြင် မူလဥပဒေများကိုလည်း ပိုမိုတင်းကျပ်ထားသည်။