မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယိုယွင်းလာခဲ့ရာ ယခုအခါ စစ်အစိုးရ၏ ဘက်ဂျက်လိုငွေ ဖြည့်ဆည်းမှုနှင့် ဗဟိုဘဏ်မှ ငွေစက္ကူအသစ်များ ရိုက်နှိပ်ရန် ကျပ်ဘီလီယံ ၅၀ ကျော် ထပ်မံတောင်းခံလိုက်သည့် သတင်းထွက်ပေါ်လာပြီးနောက် စီးပွားရေး ကမောက်ကမဖြစ်မှုများနှင့် ကုန်ဈေးနှုန်း ပိုမိုမြင့်တက်လာသည်။
ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှု၏ အကျိုးဆက်အဖြစ် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများသာမက လူလတ်တန်းစား အိမ်ထောင်စုများပါ စားဝတ်နေရေး အကျပ်အတည်း ဆိုက်လာသည်။
“ကြက်သွန်တစ်ပိဿာ ၂ သောင်း ၆ ထောင် ဆိုလို့ ဟင်းတောင် နောက်ပိုင်း ရေလုံပြုတ်ပဲ စားရတော့မယ်” ဟု ရန်ကုန်မြို့မှ လူလတ်တန်းစား အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
မီးဖိုချောင်သုံး မရှိမဖြစ် လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဈေးနှုန်းများမှာ အာဏာမသိမ်းခင်ကထက် ၆ ဆနီးပါး ဈေးမြောက်တက်နေသည်။ ၂၀၂၆ ခုနှစ် အစောပိုင်းက တစ်အိတ်လျှင် ကျပ် ၈ သောင်းဝန်းကျင်သာ ရှိခဲ့သည့် အခြေခံစားသုံးဆန်ကြမ်းဈေးမှာ ယခုအခါ ကျပ် ၁ သိန်း ၂ သောင်းကျော်အထိ မြင့်တက်လာပြီး ပေါ်ဆန်းမွှေးဆန်မှာလည်း တစ်အိတ်လျှင် ကျပ် ၁ သိန်းခွဲကျော်မှ ၂ သိန်းနီးပါးအထိ ရှိလာသည်။

အလားတူ ၂၀၂၆ နှစ်ဆန်းပိုင်းက ပြင်ပဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၉ ထောင်ဝန်းကျင်သာ ရှိခဲ့သည့် စားအုန်းဆီဈေးနှုန်းမှာ ယခုအခါ တစ်ပိဿာလျှင် ကျပ် ၁ သောင်းခွဲကျော်အထိ ထိုးတက်သွားပြီး မြေပဲဆီသန့်မှာလည်း ကျပ် ၂ သောင်းခွဲအထက်သို့ ရောက်ရှိနေသည်။
အခြေခံကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေချိန်တွင် အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာ မတိုးပွားမှုတို့ကြောင့် အခြေခံလူတန်းစားများသာမက လူလတ်တန်းစား မိသားစုများပါ ဝင်ငွေနှင့် ထွက်ငွေ မမျှတတော့ဘဲ နေ့စဉ်စားသောက်မှုပုံစံကို လျှော့ချလာရခြင်း၊ အာဟာရပြည့်ဝအောင် မစားသောက်နိုင်တော့ခြင်းနှင့် အကြွေးသံသရာအတွင်း ကျရောက်လာခြင်း စသည့် လူမှုစီးပွား အကျပ်အတည်းများကို ပြင်းထန်စွာ ရင်ဆိုင်နေကြရသည်။
ထို့အပြင် မိသားစု စားဝတ်နေရေး ကျပ်တည်းလာမှုကြောင့် ကလေးငယ်များ ကျောင်းထွက်၍ လုပ်ငန်းခွင်ဝင်ရောက်ရမှု များပြားလာခြင်း၊ လူငယ်အများအပြား ပြည်ပနိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာနေကြရခြင်းနှင့် ပြည်တွင်း၌ ခိုးဆိုးလုယက်မှုကဲ့သို့သော ရာဇဝတ်မှုများ ပိုမိုများပြားလာခြင်းတို့မှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများ ဖြစ်သည်။
အကြပ်အတည်းများကြားမှ ငွေစက္ကူသစ်များ ရိုက်နှိပ်ခြင်း စစ်အစိုးရလွှတ်တော်၏ အစီရင်ခံစာအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဗဟိုဘဏ်၏ ငွေလက်ကျန် အခြေအနေနှင့် ဘဏ်များမှ ငွေထုတ်ယူမှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ငွေစက္ကူရိုက်နှိပ်ခ ကုန်ကျစရိတ်အဖြစ် ကျပ် ၅၀ ဒသမ ၅၆၄ ဘီလီယံ (ကျပ်ဘီလီယံ ၅၀ ကျော်) ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ဗဟိုဘဏ်က တောင်းခံခဲ့သည်။
ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ငွေစက္ကူ မည်မျှရိုက်နှိပ်ခဲ့သည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသကဲ့သို့ ယခုတောင်းခံထားသည့် ကျပ်ဘီလီယံ ၅၀ ကျော် ရိုက်နှိပ်ခဖြင့် ငွေစက္ကူပမာဏ မည်မျှထုတ်ဝေမည်ကိုလည်း တိကျစွာ ထုတ်ပြန်ထားခြင်း မရှိပေ။
ငွေကြေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးက “သူက တစ်သောင်းတန်ငွေစက္ကူတစ်ရွက်ရိုက်နှိပ်ခအဖြစ် ၃ ထောင်ကျပ် ကျတယ်ဆိုရင် ဒီငွေစက္ကူက ဗဟိုဘဏ်ကတဆင့် ဈေးကွက်ကို မရောက်မချင်း ဘာပြဿနာမှ မရှိဘူး။ အခုက ဘီလီယံ ၅၀ သုံးပြီး ငွေစက္ကူဘယ်လောက်တန်ဖိုးရိုက်မလဲ မသိရဘူး။ သေချာတာတော့ ၅၀ ဘီလီယံထက် အဆပေါင်းများစွာ ဖြစ်နိုင်တယ်။ ဒါတွေ ဈေးကွက်ထဲ ထပ်ရောက်ရင် ငွေကြေးဖောင်းပွတာတွေ ပိုဖြစ်လာမယ်” ဟု ရှင်းပြသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ဘက်ဂျက်လိုငွေကို ဖြည့်ဆည်းရန်အတွက်လည်း စစ်အစိုးရသည် ဗဟိုဘဏ်ထံမှ ကျပ်ဘီလီယံ ၂,၁၀၀ ကျော် ချေးယူရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
ထိုလိုအပ်ချက်ကို ဖြည့်တင်းရန် ဗဟိုဘဏ်၌ ငွေသားမရှိသောကြောင့် ငွေစက္ကူများ ရိုက်နှိပ်ရခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်သည်။
ဦးစိန်ဌေးက “မင်းအောင်လှိုင်အစိုးရက ဗဟိုဘဏ်ကနေ ပိုက်ဆံတောင်းတယ်မလား။ အဲ့တာ ဗဟိုဘဏ်မှာ ပေးစရာငွေမရှိတော့ ထပ်ရိုက်ရတာပေါ့။ တကယ်တမ်းကျတော့ ပြည်သူတွေဆီက ရတဲ့အခွန်တွေ၊ အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ၊ ဒါမျိုးတွေကတဆင့် လုပ်ရမှာ။ အခုက ဗဟိုဘဏ်ကိုယ်တိုင် ငွေသားမရှိတော့ အခုလိုတွေ ငွေထပ်ရိုက်ရတာတွေ ဖြစ်ကုန်တာ၊ အခုရိုက်မယ်ဆိုတာ ဒီ ၂၁၀၀ အတွက် ဖြစ်နိုင်တယ်” ဟု ပြောသည်။
စစ်အစိုးရလွှတ်တော်၌ အစိုးရဘက်ဂျက်လိုငွေ ဘီလီယံ သောင်းနှင့်ချီရှိသည့် အခြေအနေများ၊ ငွေစက္ကူအသစ်များ ရိုက်နှိပ်မည့် အခြေအနေများ ထွက်ပေါ်ပြီး တစ်ပြိုင်နက် စီးပွားရေး ကမောက်ကမဖြစ်မှုများနှင့် ပြည်သူများ၏ နေ့စဉ်ဘဝသို့ ရိုက်ခတ်မှုများ တိုက်ရိုက်ဆက်ဖြစ်လာသည်။
ပြင်ပငွေကြေးဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်လက်ကျဆင်းခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်ငွေ ၅ ထောင်ဝန်းကျင်သို့ ကပ်လာသည်။
လွှတ်တော်တွင် ဘတ်ဂျက်ကိစ္စများ စတင်ချိန် အောက်တိုဘာလကုန်ပိုင်းတွင် ထိုင်းငွေ တစ်ဘတ်လျှင် ၁၂၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ နိုဝင်ဘာလလယ်ပိုင်းတွင် ထိုင်းငွေ တစ်ဘတ်လျှင် ၁၆၀ ကျပ်အထိ ဆက်တိုက်မြင့်တက်လာခဲ့သည်။
ပြည်တွင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးခက်ဇော်က “ကျွန်တော်ပြောချင်တာကတော့ ငွေက အခုလို မထုတ်ပြန်လည်း ရိုက်နေရတာကို အခုထုတ်ပြန်ချိန်မှာ ငွေဈေးကစားတဲ့လူတွေ အကြိုက်ဖြစ်သွားတာလို့ပဲ ပြောချင်တယ်။ ငွေစက္ကူက နိုင်ငံတိုင်းရိုက်ရပါတယ်” ဟုသာ မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဆက်တိုက်မြင့်တက်လာပြီး ၂၀၂၅ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ရာ အာဏာမသိမ်းခင်ကာလထက် ၃ ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့၏ ၂၀၂၆ ခုနှစ် အစီရင်ခံစာများအရလည်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းကြားတွင် ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အာဆီယံဒေသတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။
ယခုအခါ ငွေစက္ကူအသစ်များ ထပ်မံရိုက်နှိပ်ပြီးချိန် ဗဟိုဘဏ်မှတစ်ဆင့် ဈေးကွက်အတွင်းသို့ ရောက်ရှိလာပါက မြန်မာ့စီးပွားရေးသည် ထိန်းချုပ်ရခက်ခဲသည့် ငွေကြေးဖောင်းပွမှု သံသရာအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ကျရောက်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။



