ပျူလူမျိုးနှင့်ယနေ့မြန်မာ
မွန်သတင်းအေဂျင်စီအမြင်နှင့်သုံးသပ်ချက်
နိုင်မောင်တိုး(B.A; Dip.Lib;R.L) – “ပျူစစ်လျှင်မြန်မာ” ရေးသားချက်များဖတ်ရှုခဲ့ရပါသည်။ ဘယ်သူဘယ်ဝါတွေရေးခဲ့သည်ကို မဖေါ်ပြလိုတော့ပါ။ အထက်ပါ သမိုင်းအမြင်ယူဆ ရေးသားချက်ပတ်သက်၍ စာရေးသူအနေဖြင့် အကျဉ်းအားဖြင့် အောက်ပါ အချက်(၄)ချက်ကို တင်ပြလိုပါသည်။
၁။ လူမျိုးနှင့်ဘာသာစကား ကွဲပြားမှု
၂။ လူမျိုးစရိုက်ဓလေ့နှင့် ယုံကြည်ကိုးကွယ်ခြင်း ကွာခြားမှု
၃။ အသုံးပြုသောအက္ခရာနှင့် စာအရေးအသားမတူညီမှု
၄။ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအရ ဖန်တီးသုံးစွဲလာမှု
၁။ လူမျိုးနှင့်ဘာသာစကား ကွဲပြားမှု
ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် သန်းခေါင်းကောက်ယူဖော်ပြချက်အရ တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုးရှိသည်ဟု ဆိုပါသည်။ ထိုတိုင်းရင်းသားလူမျိုး(၁၃၅)တွင် ပျူလူမျိုးမပါဝင်ပါ။ အဘယ်ကြောင့်နည်း?။ ပျူလူမျိုးသည် သမိုင်းတွင်အမှန်တကယ်ရှိခဲ့ပြီး ယနေ့အခါတွင် လူမျိုးတစ်မျိုးအနေဖြင့် မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီး မရှိတော့သောကြောင့် သေနေသောလူမျိုး(Extinct) သာဖြစ်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများသာမက အာရှနိုင်ငံအတော်များများရှိ လူမျိုးတို့သည် မွန်ဂိုလွိုက်(MONGOLOID) ဟုခေါ်သော အသားဝါလူမျိုးတစ်မျိုးတည်းသာ ဖြစ်ပါသည်။ သို့သော် နေထိုင်သောအရပ်ဒေသကွဲပြား၍ ပြောဆိုသောဘာသာစကားများ မတူသဖြင့် လူမျိုးလည်း မတူကြောင်း သိရပါသည်။ ထို့ကြောင့် လူမျိုးနှင့်ဘာသာစကား ကွဲပြားမှုရှိလာပါသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ဘာသာစကားတူရာအုပ်စု (၃)စုတွေ့ရှိရပါသည်။
(၁)တိဘက်မြန်မာဘာသာစကားအုပ်စု
(၂)မွန်ခမာဘာသာစကားအုပ်စု
(၃)ထိုင်းရှမ်းဘာသာစကားအုပ်စုတို့ဖြစ်ကြသည်။
တိဘက်မြန်မာဘာသာစကားအုပ်စုတွင် တိဘက်၊ မြန်မာ၊ ပျူ၊ သက်၊ ကံယန်း၊ အင်းသား၊ ထားဝယ်၊ ရခိုင် စသည်များဖြစ်ကြပါသည်။
မွန်ခမာဘာသာစကားအုပ်စု မွန်၊ ခမာ(ကမ္ဘောဒီယား)၊ ဆလုံ၊ ပလောင်၊ မလေးရှားမြောက်ပိုင်းတွင် စကိုင်(SAKAI) စမင်း(SAMANG)၊ နီဂိုဗာ(NICOBARESE)၊ အာသံပြည်နယ်တွင် ခါစီ(KHASI)၊ အိန္ဒိယအလယ်ပိုင်းတွင် မွန်ဒ(MUNDA)၊ ယူနန်ပြည်နယ်တွင် ပူမင်(PUMAN) စသည်တို့ဖြစ်ကြသည်။
ထိုင်း၊ ရှမ်းဘာသာစကားအုပ်စုတွင် ထိုင်း(ယိုးဒယား) နှင့် ရှမ်းပြည်နယ်တိုင်းရင်းသားများဟု အကြမ်းဖြင်းခွဲခြားရပါသည်။ ထို့ကြောင့်လူမျိုးကိုလေ့လာရာတွင် ဘာသာစကားကိုလေ့လာပြီး ခွဲခြားရန်လိုအပ်ပါသည်။ အထက်ပါ ဘာသာစကားအုပ်စုကိုကြည့်ခြင်းအားဖြင့် ဘာသာစကားဆင်တူသော်လည်း လူမျိုးမတူကြသည်ကို တွေ့ရှိရပါသည်။
ဘာသာစကားနှင့်ပတ်သက်၍ စာရေးသူ၏အတွေ့အကြုံကို တင်ပြပါရစေ၊ နိုင်ငံခြားတက္ကသိုလ်တစ်ခု၏ စာတမ်းဖတ်ပွဲအတွက် မွန်-ခမာ ဘာသာစကားဆက်စပ်မှုစာတမ်းကို ပြုစုရပါသည်။ စာရေးသူအတွက် အချိန်တစ်လသာ ရရှိပါသည်။ ခေတ်သစ်ခမာ(ကမ္ဘောဒီယား) စကားပြောစာအုပ်နှင့်တိတ်ခွေ၊ ခမာ-အင်္ဂလိပ်အဘိဓါန်စာအုပ်သာ လေ့လာခဲ့ရပါသည်။ စာရေးသူ၏မိခင်ဘာသာ မွန်စကား၊ မွန်စာပေနှင့် ယှဉ်လိုက်သောအခါ ရာနှုန်းအတော်များများတူနေသည်ကို လေ့လာသိရှိရသည်။ စာတမ်းဖတ်ပွဲပြီးသောအခါ ဘယ်ခမာဆရာနဲ့ ဘယ်နှစ်နှစ်ကြာ သင်ကြားခဲ့ရပါသလဲလို့ စာရေးသူကို မေးမြန်းကြပါသည်။ မွန်နှင့်ခမာ ဘာသာစကားအုပ်စုတူနေ၍သာ စာရေးသူအတွက် ခမာဘာသာစကားကို အလွယ်တကူလေ့လာ သိရှိခဲ့ရခြင်း ဖြစ်သည်။ သို့သော်စာရေးသူသည် မွန်လူမျိုးသာဖြစ်ပြီး ခမာလူမျိုးမဟုတ်ပါ။ မွန်နှင့်ခမာတို့သည် လူမျိုးတစ်မျိုးစီသာဖြစ်သည်။
“ပျူစစ်လျှင်မြန်မာ” ရေးသားချက်များတွင် ဘာသာစကားအုပ်စုတူသော တိဘက်-မြန်မာဘာသာ စကားပြောသည့် ပျူလူမျိုးနှင့် မြန်မာလူမျိုးတို့ စကားလုံးအသုံးအနှုန်းတူယုံမျှနှင့် လူမျိုးတစ်မျိုးတည်းဟု လိုရာဆွဲသွင်းလိုက်သည်မှာ သဘာဝမကျလှပါ။ မြန်မာလူမျိုးတို့ တိဘက်ဘာသာစကားကို အကယ်၍ လေ့လာမည်ဆိုပါလျှင် အလွယ်တကူတတ်လွယ်မည်ဟု စာရေးသူယူဆပါသည်။ “တိဘက်သည်မြန်မာ” “မြန်မာသည်တိဘက်” မဖြစ်နိုင်သကဲ့သို့ “ပျူလည်းမြန်မာ” “မြန်မာလည်းပျူ” ဟု မယူဆနိုင်ပါ။ ဤသို့ လူမျိုးမတူကြောင်း ပြန်ပြောနိုင်သော ပျူလူမျိုးများမရှိတော့၍ တဖက်သတ် တူခိုင်းနေသည့်အလား ဖြစ်နေပေသည်။
ယနေ့ ပြည်မြို့အနီးတဝိုက် သရေခေတ္တရာသားများစစ်စစ်က မွန်လူမျိုးများအား အပြစ်တင်နေကြသူများကိုလည်း တွေ့ဆုံခဲ့ရဘူးသည်။ ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့၏ အနှစ်(၄၀) မွန်ဗမာစစ်ပွဲကြောင့် မွန်တို့အောက်ပြည်ကိုသိမ်းထားသည့်ကာလရှည်ကြာ၍ လူမျိုးရေးအရဝါးမြိုခံရပြီး ပျူတို့ပျောက်ကွယ်ရသည်ဟု ဆိုကြ၏။ သို့သော်လည်း ယခုအခါ ၄င်းဒေသတလျှောက်တွင် ပျူများသာမက မွန်များနေထိုင်ခဲ့ကြသည့် ဟံသာဝတီမဏ္ဍလ(ပဲခူး)၊ ပုသိမ်မဏ္ဍလ(ပုသိမ်)ဒေသတစ်ဝန်းတို့တွင် မွန်များသည်လည်း ပျောက်ချင်းမလှ ပျောက်ကွယ်နေကုန်ကြပါပြီ။
၂။ လူမျိုးစရိုက်ဓလေ့နှင့် ယုံကြည်ကိုးကွယ်ခြင်း ကွာခြားမှု
လူမျိုးတစ်မျိုးတို့၏ စရိုက်လက္ခဏာ၊ ဓလေ့ထုံးစံ၊ ယုံကြည်ကိုးကွယ်သော ဘာသာတရားတို့ကို လေ့လာကြည့်ခြင်းအားဖြင့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူကွဲပြားကြောင်း သိသာပါသည်။ စာရေးသူ၏ကိုယ်တွေ့ လေ့လာမှုတစ်ရပ်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ အိမ်ယာဆောက်လုပ်ရေးဝင်းခြံကြီးတစ်ခုထဲရှိ လူမျိုးကွဲအလုပ်သမားများ၏ ဘာသာစကားကိုလေ့လာခဲ့ရပါသည်။ ထိုလူမျိုးကွဲတို့သည် အလုပ်သမားတန်းလျားများတွင် သူ့လူမျိုးနှင့်သူ သီးခြားနေထိုင်ကြသော်လည်း တန်းလျားများ အလွန်နီးကပ်လျှက်ရှိကြသည်။ မွန်နှင့် ခမာအလုပ်သမားတန်းလျားတို့ရှိကြပါသည်။ တန်းလျားအသီးသီးတွင် မိမိလူမျိုးဘာသာစကားများ ပြောဆိုကြပြီး လူမျိုးကွဲအလုပ်သမားများအချင်းချင်းတွင် ထိုင်းဘာသာစကားကို ပြောဆိုကြသည်။ ထိုင်းသုတေသနမှူးကြီးက ထိုင်းအလုပ်ရှင်နှင့်အလုပ်သမားများထံမှ ထိုင်းဘာသာစကားဖြင့်မေးမြန်းလေ့လာသိရှိချက်အရ မွန်နှင့်ခမာ အလုပ်သမားများ နေထိုင်မှုစရိုက်မတူညီကြကြောင်း အင်္ဂလိပ်ဘာသာဖြင့် စာရေးသူအားပြန်လည်ရှင်းပြသည်။
မွန်အုပ်စုက ကျိုးနွံသည်ဟု ဆိုပြီး ခမာအုပ်စု ကြမ်းတမ်းသည်ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ မိဘဆရာသမားတို့၏ အဆုံးအမကိုခံယူသူများဖြစ်ကြပြီး ခမာလူမျိုးတို့မှာ ဗုဒ္ဓဘာသာထက် ဗြဟ္မဏဝါဒနှင့် ခမာနီအုပ်စိုးမှုကို ခံခဲ့ကြရပါသည်။ ထို့ကြောင့် စရိုက်ခြင်းမတူဟု ဆိုသည်။
ပုဂံခေတ်ဦးပိုင်းတွင် ပျူလူမျိုးများ မဆိတ်သုဉ်း၊ မပျောက်ကွယ်သေးပါ။ ပျူလူမျိုးတို့သည် ပုံဂံခေတ်ဦးမှ ရှေးပိုင်းကိုလှမ်းကြည့်ပါက AD ၂ / ၃ ရာစုမှ ၈ ရာစုအထိ ဗုဒ္ဓဘာသာ သာသနာကို ထင်ထင်ရှားရှား ယုံကြည်ကိုးကွယ်လျှက်ရှိကြောင်း “ဦးခင်ဘကုန်း” တူးဖေါ်ရရှိခဲ့သော ရွှေပေ( ၂၀) ချပ်ပါ ဗုဒ္ဓဘာသာ ပိဋိကတ်တော် အနှစ်ချုပ်တွင် သက်သေအဖြစ်ကျန်ရှိခဲ့သည်။ ထို့အပြင် ပျူတူရိယာအတီးအမှုတ်အဖွဲ့တစ်ဖွဲ့ တရုတ်ပြည်သွားမှတ်တမ်းနှင့် ကြေးရုပ်များကိုလည်း တူးဖော်တွေ့ရှိခဲ့၍ တန်ဖိုးမဖြတ်နိုင်သော သမိုင်းအထောက်အထားများ ကျန်ရှိခဲ့သည်။
ထို့ကြောင့် လူမျိုးဓလေ့စရိုက်နှင့် ယုံကြည်ကိုးကွယ်သည့်ဘာသာကို ကြည့်ခြင်းအားဖြင့် ပျူလူမျိုးသည် မြန်မာမဖြစ်နိုင်ပါ။
၃။ အသုံးပြုသောအက္ခရာနှင့် စာအရေးအသားကွာခြားမှု
အကယ်၍ “ပျူလည်းမြန်မာ” ဟုဆိုပါလျှင် ထိုစဉ်ကပျူလူမျိုးနှင့်စာပေရှိပါလျှက် မြစေတီကျောက်စာတွင် မြန်မာတို့ ပျူအက္ခရာ မသုံးစွဲဘဲ မွန်အက္ခရာကို အဘယ့်ကြောင့်ယူငင်သုံးစွဲရပါသလဲဆိုတာ စဉ်းစားရန်လိုပါသည်။ သမိုင်းသုတေသီတို့သည် လူမျိုးစွဲမထားဘဲ အမှန်တရားကိုသာ ရှာဖွေရန် ဖြစ်သည်။ ခေတ်ကာလအလိုက် အက္ခရာပုံသဏ္ဍာန်ရေးသားမှု ကွာခြားလာသော်ငြား ယခင်နှစ်ပေါင်းထောင်ချီ ကာလမှ“က” ကြီးသည် ယနေ့တွင်“က”ကြီးပင် ဖြစ်နေပါသည်။
ထို့ကြောင့် အသုံးပြုခဲ့သော အက္ခရာနှင့်စာပေအရေးအသား ကွာခြားမှုအားဖြင့် “ပျူလူမျိုးသည် ပျူလူမျိုး” “မြန်မာလူမျိုးသည် မြန်မာလူမျိုး” သာဖြစ်ပြီး ပျူလူမျိုးသည် မြန်မာလူမျိုးမဖြစ်နိုင်ကြောင်း သိသာထင်ရှားလှပါသည်။
၄။ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအရ ဖန်တီးသုံးစွဲလာမှု
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ဝ ကျော်ကတည်းက အတူရှိနေခဲ့သော ပျူလူမျိုးနှင့် မွန်လူမျိုးတို့တွင် ယနေ့တွင် ပျူလူမျိုးများမရှိတော့ပြီ။ မရှိတော့သောပျူလူမျိုးကိုယ်စား မိတ်ဆွေမွန်လူမျိုးတစ်ဦးအနေဖြင့် အထက်တင်ပြပါအချက်များကို ထောင့်ရှုပြီး ပျူလူမျိုးသည် လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ မရှိတော့တော့သော ပျူလူမျိုးအတွက် “ပျူလည်းမြန်မာ” “မြန်မာလည်းပျူ” ဟုဆိုလာသောအခါ ခံစားရမိသော မွန်လူမျိုးတစ်ဦးအနေဖြင့် ရိုးသားစွာတင်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။
မဝေးခဲ့သော အတိတ်ဖြစ်ရပ်တစ်ခုပါ။ ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးဦးနုလက်ထက်တွင် ဖဆပလအစိုးရက မဖြစ်စလောက်သော မွန်ပြည်နယ်သတ်မှတ်ပေးရမည်ကို မလိုလားသဖြင့် “မွန်လည်းမြန်မာ” “မြန်မာလည်းမွန်” ဟု ကြွေးကျော်ဝါဒဖြန့်ခဲ့သည်ကို မှတ်မိနေသေးသည်။ မဆလခေတ်တွင်လည်း စာရေးဆရာသတင်းစာဆရာကြီး သိန်းဖေမြင့်က “ကျနော်တို့မွန်မြန်မာ” ဟု ဝါဒဖြန့်ရေးသားမှုများရှိခဲ့သည်။ လူမျိုးအရ စာပေအရ သမိုင်းအရ သက်ရှိထင်ရှားစွာ ရှိနေသော မွန်လူမျိုးများကိုပင်လျှင် “မွန်လည်းမြန်မာ” “မြန်မာလည်းမွန်” ဟု လုပ်ဆောင်မှုများရှိခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေတခွင် မျိုးသုဉ်းပျောက်ကွယ်ခဲ့သော ပျူလူမျိုးတို့ကို “ပျူလည်းမြန်မာ” “မြန်မာလည်းပျူ” ဟူသော သမိုင်းအကြံအဖန်လုပ်ဇာတ်ခင်းကြသည်မှာ မဆန်းပါကြောင်း၊ မြန်မာမှု(Burmanised) ပြုနေကျ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအရ ဝါဒဖြန့် ဖန်တီးသုံးစွဲမှုများသာဖြစ်ကြောင်း ရိုးသားစွာတင်ပြအပ်ပါသည်။
နိုင်မောင်တိုး(B.A; Dip.Lib;R.L)
ညွှန်ကြားရေးမှူး(အငြိမ်းစား)
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန
မှတ်ချက်။ ။ ပျူစစ်လျှင်မြန်မာစာအုပ်ရေးသားချက်နှင့်ပတ်သက်၍ စာရေးသူ၏ဆွေးနွေးတင်ပြချက် စာတမ်းအား အမြင်နှင့်သုံးသပ်ချက်ကဏ္ဍအတွက် ပြန်လည်တည်းဖြတ်ပါသည်။- စာတည်း။