မြို့နယ်ရဲစခန်းတစ်ခု၏ ဆန္ဒပြခွင့်ငြင်ပယ်သည့်အမိန့်စာ(Internet)

သတင်း

ကျိုက်မရောမြို့နယ်ရဲစခန်းက ဓမ္မသတ်ရွာသားများကိုဆန္ဒပြခွင့်မပြု

By မွန်သတင်းအေဂျင်စီ

October 25, 2012

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာ မူလတန်းစာသင်ကျောင်း မြေရောင်းစားခဲ့သည့် ရွာဥက္ကဌဟောင်းကိစ္စတိုင်ကြားသူအား အသရေဖျက်မှုဖြင့်ထောင်ချခဲ့ သည့် ကိစ္စရပ်အပေါ် မကြေနပ်ကြသော ရွာသားများဆန္ဒပြခွင့်ပြုတောင်းဆိုမှုကို ကျိုက်မရောမြို့နယ် ရဲစခန်းက ခွင့်မပြုဟု သိရသည်။

ထိုသို့ဆန္ဒပြခွင့်ပြုမိန့်မရှိသဖြင့် မော်တော်ကားများဖြင့် လူခြောက်ရာခန့်လိုက်ပါလာသော ဓမ္မသတ် ရွာသားများသည် ယမန်နေ့၊ နေ့လည်ပိုင်း၌ မော်လမြိုင်ခရိုင်တရားရုံးသို့ ၄င်းအမှုအယူခံစီရင်နေချိန် သွားရောက်နားထောင်ခဲ့ကြသည်။

မြို့နယ်ရဲစခန်းတစ်ခု၏ ဆန္ဒပြခွင့်ငြင်ပယ်သည့်အမိန့်စာ(Internet)

ရွာဥက္ကဌဟောင်း ဦးထွန်းလင်း မူလတန်းကျောင်းမြေအချို့ရောင်းစားခဲ့သည်ဟု ဆိုသည့် ကိစ္စရပ် တွင် သက်ဆိုင်ရာသို့မမှန်မကန်တိုင်ကြားသည်ဟု ဓမ္မသတ်ကျေးရွာနေ ဦးစိုးသိန်းအား ကျိုက် မရောမြို့နယ်တရားရုံးက ယခုလ ၂ ရက်နေ့တွင် အသရေဖျက်မှုပုဒ်မ ၅၀ဝ ဖြင့် ထောင်ခြောက် လကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယင်းအမှုကို မော်လမြိုင်ခရိုင်တရားရုံးသို့ ဆက်လက်အယူခံဝင်လျှက်ရှိရာ လာမည့် နိုဝင်ဘာ ၁ ရက်နေ့တွင် အပြီးသတ်စီရင်ချက်ချမည်ဟု သိရသည်။

“ရွာဥက္ကဌအကြီးအကဲဟောင်းတွေက မြို့နယ်အဆင့်အာဏာပိုင်တွေနဲ့ ရင်းရင်းနှီးနှီးရှိကြတယ်၊ အပေးအယူတွေရှိခဲ့တယ်၊ ကျနော်တို့တရားရေးလောကမှာ ခြစားမှုတွေရှိခဲ့တာကိုဘယ်သူမှလည်း မငြင်းနိုင်ပါဘူး၊ ဒါပေမယ့် ဒီအမှုကို ဆက်ပြီးလေ့လာစောင့်ကြည့်သွားမှာပါ၊ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခွင့် တရားဝင်တောင်းဆိုတာကို ခွင့်မပြုတာကလည်း စဉ်းစားစရာဖြစ်နေတယ် ” ဟု မော်လမြိုင်မြို့မှ အမှုလိုက်ရှေ့နေတစ်ဦးက ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ပြဋ္ဌာန်းလိုက်ပြီးနောက် မကျေနပ်မှုများ၊ နစ်နာမှုများအား ဆန္ဒထုတ် ဖေါ်ခွင့်များရရှိခဲ့သည်။

ယခုလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဓမ္မသတ်ကျေးရွာသားများက ကျိုက်မရောမြို့နယ် တရားရုံး ရှေ့၌ ဆန္ဒထုတ်ဖေါ်ရန် ရဲစခန်းသို့ကြိုတင်လျှောက်ထားရာ၌ ဆန္ဒပြမည့် လူအရေအတွက်၂၀ဝ မှ ၁၀ဝ၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ ၅ အရ သက်ဆိုင်ရာရဲစခန်းမှ ခွင့်ပြုမိန့်ငြင်းပယ်နိုင်သော်လည်း ၄င်းဥပဒေပုဒ်မ ၉ အရအယူခံဝင်နိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လတွင် ကျရောက်သောအာဇာနည်နေ့အခမ်းအနားများ မွန်ပြည်နယ်မြို့နယ်အသီးသီးတွင် ငြိမ်းချမ်းစွာစုဝေးခွင့်တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာရဲစခန်းများက ကျင်းပခွင့်မပြုခဲ့ပေ။