spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးလွမ်းနေမိသော ရာမညမြေက ဇာတိရွာကလေး

    လွမ်းနေမိသော ရာမညမြေက ဇာတိရွာကလေး

    -

    မောင်နောင်မွန်

    စိမ်းညှို့နေသောတောင်တန်းကြီးနှင့် ပြာလဲ့လဲ့ပင်လယ်ပြင်အကြားရှိရွာလေးတွင်ကျွန်တော်ကိုမွေးသည်။ ကျွန်တော်တို့ငယ်စဉ်ကဆိုလျှင် တောင်တန်းကြီးသည်ယခုထက်ပင် ပို၍စိမ်းညှို့နေသည်။ မိုးလေးတစက်နှစ်စက်ခန့်ကျလျှင်ဖြင့် တောင်တန်းပေါ်တွင်ရေခိုးရေငွေ့တွေနဲ့ရစ်ပတ်နေသည်။ ကျွန်တော်တို့ငယ်စဉ်ကတောင်ပေါ်ရောက်တိုင်း တိမ်တွေပေါ်ရောက်နေသကဲ့သ့ိုခံစားရသည်။

    အလေ့ကျပေါက်ပင်တွေကအစ သစ်ကြီးဝါကြီးများဖြင့်စိမ်းလန်းနေသောထို့တောင်ခြေအောက်ကရွာလေးတွင် ကျွန်တော်ကြီးပြင်းခဲ့သည်။ ယခုအခါ ထိုတောင်တန်းပေါ်တွင် ရာဘာစိုက်ခင်းများဖြည့်ပြည့်နေသည်။ ယခင်ကလောက်မစိမ်းလန်းတော့သော်လည်း အခြားဒေသများကဲ့သို့ တောင်ကတုံးများမဖြစ်သေးပါ။

    ထိုတောင်တန်းကြီးသည် ရွာ၏အဓိကကျေးဇူးရှင်ဖြစ်သည်။ ရွာ၏ရာသီပေါ်အစာအစားများကို ထိုတောင်တန်းပေါ်မှရသည်။ ယခုကဲ့သို့ မိုးရာသီဆိုလျှင် မျှစ်ချိုးမှိုခူး အင်ဥများတူးရန်ထွက်ကြသည်။ တောင်ခြေတလျှောက်တွင် ရာဘာစိုက်ခင်းများက တစ်မျှော်တစ်ခေါ်ရှိနေသည်။ ရွာသားများပိုင်သောရာဘာစိုက်ခင်းများထက် နိုင်ငံတော်ပိုင်ရာဘာစိုက်ခင်းများကပိုများသည်။ ထိုရာဘာစိုက်ခင်းများသည်ရွာ၏အဓိကစီးပွားရေးမဏ္ဍိုင်တခုဖြစ်သည်။

    ရွာအနောက်ဘက်တွင်လယ်ခင်းကြီးများကလည်းစိမ်းလန်းနေသည်။ ရွာ၏ပထဝီဝင်အနေအထားကိုက ရွာအရှေ့ဘက်တွင်အဝေးပြေးလမ်းမကြီးရှိသည်။ ရွာအနောက်ဘက်တွင်ရထားလမ်းရှိသည်။ ထိုရထားလမ်းအနောက်ဘက်တွင်လယ်ကွင်းများတစ်မျှော်တစ်ခေါ်ရှိသည်။ ထိုမှဆက်လျှင်ပင်လယ်ကမ်းခြေထိကိုရောက်မည်ဖြစ်သည်။


    Photo-ဇာတိရွာကလေး(မောင်နောင်မွန်)

    တောင်တန်းနဲ့ပင်လယ်ရဲ့အရိပ်အာဝါသအရှိန်အဝါများကြောင့် ရာသီဥတုကတော့မှန်ကန်သည်။
    ကျွန်တော်တို့ရွာလေးသည် မြို့နဲ့အလှမ်းမဝေးချေ။ အနီးဆုံးမြို့နှင့်အလွန်ဆုံး ဆယ့်ငါးမိနစ်ခန့်သာ ဆိုင်ကယ်ဖြစ်သော်လည်းကောင်း၊ကားဖြစ်သော်လည်းကောင်း ရောက်နိုင်သော မြို့ပြနှင့်မဝေးသောရွာဖြစ်သည်။ အိမ်ခြေနှစ်ထောင်ကျော်ခန့်ရှိသော ရွာကြီးတစ်ရွာလည်းဖြစ်သည်။
    သို့သော်ကျွန်တော်တို့ရွာလေးသည်ကား မြို့ပြ၏အရှိန်အဝါလွှမ်းမိုးမှုမရှိချေ။ လုံးဝလွှမ်းမိုးမှုမရှိတော့မဟုတ်ပါ။ လုံးဝကိုမြို့ဆန်သွားကာ ရွာဓလေ့ပျောက်သွားသည်ကလည်းမရှိပါ။ ရွာဆန်နေတုန်းပင်ဖြစ်သည်။

    ရွာသူရွာသားများသည် မွန်လူမျိုးများဖြစ်ကြသည်။ သို့သော်ဗမာစကားလည်းပြောကြသည်။ ကျွန်တော်တို့ရွာသည် ယခုထိအရိုင်းဆန်နေဆဲ။ တောဆန်နေဆဲဖြစ်သည်။ မွန်ဓလေ့ထုံတမ်းများကို ယခုထိဖက်တွယ်နေဆဲဖြစ်သည်။

    ယခုကဲ့သို့မိုးတဖြိုက်ဖြိုက်ကျသောရာသီတွင် ဘယ်ဒေသကိုရောက်နေရောက်နေ မွေးရပ်ဇာတိကိုလွမ်းမိသည်။ မိုးစက်များကိုမြင်လျှင် ရာမညမြေကိုသတိရမိသည်။ ရာမညမြေကိုလွမ်းမိသည်နှင့် ဇာတိရွာလေးကအတွေးထဲပေါ်လာသည်။ မိုးကျသည်နှင့်ထွန်ရေးပြင်နေသောလယ်သမားကြီးတွေရှိသည်။

    စက်မှုလယ်ယာပြောင်းနေသည်ဟုဆိုသော်ငြားလည်း ချစ်မဝသော ငညိုငနီတရှဉ်းကိုဖက်တွယ်နေသော လယ်သမားများက ရွာတွင်ပိုများသည်။ သို့သော် ခေတ်အဆက်ဆက်တွင်တော့ လယ်သမားများက ပင်ပန်းသလောက် အကျိုးမခံစားရသောပြယုဂ်အဖြစ် ကျနော်တို့ရွာကလယ်သမားအများစုကလည်း ဆင်းရဲတွင်းနက်နေဆဲဖြစ်သည်။ မိုးဦးမကျခင် အစိုးရမှချပေးသော စိုက်ပျိုးရေးချေးငွေကိုအားကိုးနေရဆဲဖြစ်သည်။ လက်သမားများပြောကြသကဲ့သို့ “သူများတွေအတွက်အိမ်ကောင်းတွေဆောက်ပေးနေတယ်ကွ၊ ငါတို့ကတော့ အိမ်စုတ်လေးမှာမိုးယိုနေတာ ခုထိမပြင်နိုင်သေး” ဆိုသကဲ့သို့ အခြားသူတွေအတွက်ဆန်အကောင်းစားတွေစိုက်ပျိုးထုတ်လုပ်နေသော်လည်း သူတို့၏ထမင်းဝိုင်းတွင် ဆန်ကြမ်းကိုသာ အားပါးတရလွေးကြသော လယ်သမားကောင်းများရှိသည်။

    ညနေစောင်းတွင် လယ်ကွင်းဆီမှပြန်လာသော ရွာသူရွာသားများကိုတွေ့ရမည်။ ထိုမြင်ကွင်းသည် မိုးဦးကျကောက်စိုက်ရာသီတွင် မြင်နေကျပန်းချီကားတချပ်ဖြစ်သည်။ နှစ်များမည်မျှပြောင်းပြောင်း မရိုးနိုင်သောဓလေ့တခုဖြစ်သည်။ လူများသာပြောင်းသွားမည်။ မျိုးဆက်များသာအဆက်ဆက်ပြောင်းသွားမည်။ မိုးဦးကျကောက်စိုက်ရာသီတွင်ရွံ့များတလူးလူးနဲ့ ကောက်စိုက်ရာမှပြန်လာသောမြင်ကွင်းကတော့ မပြောင်းချေ။

    လယ်ယာစိုက်ပျိုးရေးကိုအဓိကထားလုပ်သော မြန်မာနိုင်ငံရှိနေရာတိုင်းတွင် ကောက်စိုက်ပြန်မြင်ကွင်းသည် လှပသောရိုးရာဓလေ့တခုဖြစ်နေသည်။ ဝါတွင်းကာလသည် ကျွန်တော်တို့ရွာတွင် အလွန်စည်ကားသောကာလဖြစ်သည်။ ထိုအချိန်သည် ရွာရှိအိမ်တိုင်းလိုလိုတွင် မိသားစုစုံကြသည်။ တစ်နယ်တစ်ကျေးတွင်စီးပွားရှာသူများကလည်း ဝါတွင်းကာလရောက်လျှင် ဆော်လမွန်ငါးများသားဖွားရာဒေသသို့ရေဆန်တက်လာသကဲ့သို့ ရွာကလေးသို့အမြဲလိုလိုပြန်လာကြသည်။

    ချစ်စရာကောင်းသောဓလေ့များအများကြီးကျန်ရှိနေသေးသည်။ နည်းပညာများတိုးတက်ကာ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင်လည်း ချစ်စရာကောင်းသောဓလေ့များ ရှိနေသေးသည်။ ဝါတွင်းဥပုသ်ရက်ဖြစ်သော ရှစ်ရက်၊လပြည့်၊လကွယ် နေ့များတွင် ရွာရှိလမ်းများတွင်ကာလသားများက ဥပုသ်သီတင်းသီလစောင့်ရန်ဘုန်းတော်ကြီးကျောင်းသို့သွားသော လူကြီးသူမ များကို ပန်းများ ဖယောင်းတိုင်များလှူဒါန်းကြသည်။ ကျွန်တော်တို့ရွာလယ်တွင်မွန်ဓလေ့ ရင်ကွဲဇရပ်ကြီးရှိသည်။

    ရင်ကွဲဇရပ်ဆိုသည်မှာ လမ်းကိုခွလျှက်တည်ဆောက်ထားသောဇရပ်ဖြစ်သည်။ ထိုဇရပ်သည် မိုးတွင်ကာလ အာရုံဆွမ်းလောင်းသူများ မိုးမစိုစေရန်အတွက်ဆောက်လုပ်ထားသည်။ ရှေးအခါကထိုဇရပ်မျိုးသည် ရွာတိုင်းရပ်ကွက်တိုင်းရှိလမ်းထောင့်တိုင်းလိုလိုတွင်တွေ့ရသည်။ ယခုအခါတော့ အလွန်ရှားပါးသွားသည်။ ရပ်ကွက်စုပေါင်းတရားပွဲများ အလှူပွဲများ စသော ကုသိုလ်ကောင်းမှုများစုပေါင်းလုပ်ဆောင်ကြသည်။ ထိုရင်ကွဲဇရပ်သည် ညဘက်တွင်ကာလသားများ၏အပန်းဖြေရာတခုဖြစ်သည်။

    ဥပုသ်နေ့များတွင် ထိုရင်ကွဲဇရပ်တွင်စတည်းချ၍ ဘုရားသွားကျောင်းသွားသော လူကြီးသူမ များကို ပန်းများဆီမီးတိုင်များပေးကမ်းလှူဒါန်းသောဓလေ့သည် မပျောက်ဆုံးသော ချစ်စရာဓလေ့တခုဖြစ်သည်။
    ထိုပန်းများကို အဖိတ်နေ့တွင် ကာလသားလူငယ်များက ရွာအရှေ့ဘက်တောင်တန်းများဆီတွင် အောင်သပြေနှင့်အခြားသောတောပန်းလေးများကိုခူးကြသည်။ ရလာသောပန်းများနှင့် ရွာထဲမှအလှူရှင်များလှူဒါန်းသော ပန်းလေးများနှင့်ရော၍ မိန်းကလေးများက ပန်းကမ်းရန်ပန်းစည်းတွေပြုလုပ်ကြသည်။ ရွာရှိလူငယ်များအတွက်ပျော်စရာအခိုက်အတံ့များဖန်တီးကြသည်။

    ရွာရှိလူငယ်လေးများအတွက် ပျော်စရာကောင်းသောချစ်စရာကောင်းသော ဓလေ့များလည်းရှိသေးသည်။ ဥပုသ်နေ့မနက်ခင်းတွင် ပန်းများဖယောင်းတိုင်များလှူဒါန်းသောဒါနကုသိုလ်များပြုလုပ်ပြီးလျှင် ညနေဘက်တွင် နောက်အပတ်အတွက်အလှူခံပွဲစသည်။ ထို့ဓလေ့ကို ကျွန်တော်တို့ဘက်ခြမ်းတွင် ဥပုသ်ဆွမ်းကျွေး ဟုခေါ်သည်။ ဆွမ်းကျွေးဟုခေါ်သော်လည်း ရဟန်းသံဃာတော်များကို ဆွမ်းကပ်လှူဖြင့်မဟုတ်ချေ။
    ရပ်ကွက်ထဲ လမ်းထဲရှိ ကာလသားခေါင်းအိမ်တွင်စတည်းချ၍ လူငယ်အချင်းချင်းစကြနောက်ကြသောပွဲဖြစ်သည်။ ထိုအချိန်သည် ပိုးပန်းသူတွေအတွက်အချိန်ကောင်းဖြစ်သည်။ လက်ဖက်သုပ်နဲ့ရေနွေးကြမ်းသည် ထိုပွဲလေးအတွက်အဓိကဧည့်ခံရာစားစရာဖြစ်သည်။ ရပ်ကွက်ထဲရှိလူငယ်များထိုအိမ်တွင်စုဝေးကြသည်။

    အခြားရပ်ကွက်မှကာလသားများ လူပျိုလှည့်လာသောအခါ ထိုအိမ်ပေါ်တက်၍ စားသောက်စကားပြောကြသည်။ သို့သော်မောင်နှမကဲ့သို့ဖြူစင်ကြသည်။ ထို့နောက်ပြန်ခါနီးလျှင် အလှူခံဖလားထဲအလှူငွေထည့်ကြသည်။ ထိုကဲ့သို့ ဥပုသ်ဆွမ်းကျွေးဟုခေါ်သော အလေ့အထသည် ညဆယ်နာရီဆယ့်တစ်နာရီလောက်ထိပြုလုပ်ကြသည်။ ကျွန်တော်တို့ရွာပတ်ဝန်းကျင်တွင် ဝါတွင်းကာလ၌ယနေ့ထိထွန်းကားဆဲနေဖြစ်သည်။ ရပ်ကွက်တိုင်းလိုလိုရှိရာ အပြန်အလှန်သွားကြလာကြသည်။

    ဖူးစာပါသွားသူများလည်းရှိသည်။ ကုသိုလ်ရေးနှင့်ချစ်စရာကောင်းသောအလေ့အထမို့ လူကြီးများကလည်းခွင့်ပြုကြသည်။ ရှေးအခါ သမီးပျိုရှိသောမွန်အိမ်များတွင် အပျိုပေါက်ထားပေးရသောဓလေ့ကမူပျောက်ကွယ်သွားချေပြီ။

    ကျွန်တော်တို့ရွာလေးသည်လည်း အခြားသောမွန်ရွာများကဲ့သို့ဝါတွင်းကာလရှိလပြည့်များကိုမွန်ရိုးရာဓလေ့အတိုင်း ရတနာသုံးပါးအားကြည်ညိုကြသည်။ ဝါဆိုလပြည့်နေ့တွင် ဝါဆိုသင်္ကန်းနှင့် မွန်ရိုးရာမုန့်ဖက်ထုပ်ဖြင့် ပူဇော်ကြသည်။ ဝါခေါင်လပြည့်နေ့တွင် ရွှေအိုးကြီးလေးလုံးမြှပ်နှံကြသည်ကို ရည်စူးကာလှူဒါန်းကြသည်။

    ဝါခေါင်လပြည့်နေ့တွင် ဆီဆွမ်းများလည်းလောင်းလှူကြသည်။ တော်သလင်းလပြည့်နေ့သည်ကာ မဂ္ဂင်ဖောင်ကြီးကိုဦးတည်၍ ဘုန်းကြီးကျောင်းတိုင်း ဘုရားတိုင်းတွင် သင်္ဘောပုံသဏ္ဍာန်ဆွမ်းသပိတ်များပြုလုပ်ကြသည်။ တော်သလင်းလပြည့်နေ့မတိုင်မှီအဖိတ်နေ့ညနေတွင် လှူဖွယ်ပစ္စည်းများကို ထိုသဘောၤပုံသပိတ်ထဲတွင်လာရောက်လှူဒါန်းကြသည်။ တော်သလင်းလပြည့်နေ့အာရုံတက်တွင် ဆွမ်းတော်ကြီးကပ်လှူပွဲကျင်းပသည်။ သီတင်းကျွတ်လပြည့်နေ့သည် ဝါကျွတ်အလှူ အဘိဓမ္မာအခါတော်နေ့နှင့် ဆီမီးထွန်းပွဲတွေခြိမ့်ခြိမ့်သဲကျင်းပကြသည်။ ထို့နောက်မိုးအကုန်ဆောင်းအဝင်တွင် ကောက်ဦးပေါ်ပွဲအလှူပွဲများကဆက်တိုက်လာတော့သည်။

    မိုးစက်လေးများကျသည်ကိုမြင်လျှင် ရွာကိုသတိရမိသည်။ မိုးတွင်းဆိုလျှင်ရွာနောက်ကတောင်ကျချောင်းမှာရေတွေလျှံနေတော့သည်။ ထိုအခါရွာမှလူကြီးများက ချောင်းကို တမံပိတ်ကြသည်။ ထိုရေသည် ကျွန်တော်တို့ရွာလေးအတွက် တနှစ်ပတ်လုံးသောက်ရေသုံးရေကိုထောက်ပံ့ပေးသည်။ ရွာ၏ညမှောင်မှောင်တွင်လျှပ်စစ်မီးတိုင်တွေက လင်းတလှည့်မှိတ်တလှည့်နဲ့တာဝန်လွှဲပြောင်းယူပေးနေသည်။ သို့သော် ညရှစ်နာရီကျော်လျှင်တော့ ရွာရှိလမ်းတွေပေါ်တွင် လူသူတိတ်နေတော့သည်။ နံနက်အာရုံမတက်မှီထနိုင်ရန်အတွက် စောစောအိပ်ကာ အားမွေးနေကြသည်။ မိုးရာသီမဟုတ်သောညများတွင် နံနက်တစ်နာရီနှစ်နာရိသည် ရွာ၏အိပ်ယာထချိန်လုပ်ငန်းခွင်ဝင်ချိန်ဖြစ်သည်။

    ခေါင်းထိပ်တွင်ဓာတ်မီးအိမ်တပ်ကာ ရာဘာခြံများတွင်ရာဘာအစေးခြစ်ကြသည်။ ထိုအချိန်များတွင် ရာဘာခြံများကိုအဝေးမှကြည့်သော် ပိုးစုန်းကြူးများပျော်ပါးနေကြသလားထင်ရမည်ဖြစ်သည်။
    မြို့ပြနှင့်မဝေးသောအခြေအနေတွင်ရှိသည်။ ဂလိုဘယ်လိုက်ဇေးရှင်းကိုလိုက်မှီနိုင်သော ခေတ်မီရုပ်ဝတ္ထုပစ္စည်းများအိမ်တိုင်းလိုလိုတွင် ရှိသည်။ သို့သော် ရိုးရာဓလေ့အချို့ကိုတော့ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ ထိုထိန်းသိမ်းနိုင်မှုသည်လည်း မည်မျှကြာရှည်နိုင်မည်နည်းဟု ကျွန်တော် စိတ်ပူမိသည်။ သို့သော် ယနေ့အချိန်ထိတော့ ထို့အရာတွေသည်မပျောက်ရှဘဲကျန်ရှိနေသေးသည်။ ခေတ်ကိုအမှီလိုက်၍ ရိုးရာဓလေ့ကိုခေတ်နဲ့လျော်ညီစေအောင်ပြုလုပ်ကာ ကြည်နူးစရာကောင်းသောဓလေ့တချို့ကိုထိန်းသိမ်းသင့်သည်ဟုထင်မိသည်။

    ခေတ်ကိုနောက်ပြန်ဆွဲနေသောဓလေ့တချို့ကိုတော့ ပယ်သင့်သည်ကပယ်ရမည်ထင်မိသည်။ လူကြီးနှင့်လူငယ်မျိုးဆက်တိုင်းက ရိုးရာဓလေ့တချို့ကိုတော့လက်ဆင့်ကမ်းသင့်သည်။ မည့်သိုပင်ဆိုစေကာမူ အဝေးမှာရောက်နေသော ကျွန်တော်တို့အဖို့တော့ မိုးရေစက်များကိုမြင်တိုင်း ချစ်စရာကောင်းသော ကျွန်တော်တို့ရွာလေးကို တမ်းတမိနေဆဲဖြစ်သည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts