spot_img
Thursday, April 25, 2024
More
    spot_img
    Homeဆောင်းပါးအမှန်တရားကိုဖုံးအုပ်ထားသော နာမ်စားများ

    အမှန်တရားကိုဖုံးအုပ်ထားသော နာမ်စားများ

    -

    အမည်နာမတစ်ခုသည် သက်ရှိသက်မဲ့အရာဝတ္ထုများကို သတ်မှတ်ထားသော ပညတ်ချက်နာမ်စားများပင် ဖြစ်သည်။ အမည်တစ်ခုအပေါ် သူနှင့်လားလားမျှ သက်ဆိုင်မှုမရှိသည့် အခြားပေါ်ပင်အမည်တစ်ခု ဖုံးအုပ်လိုက်ခြင်းသည် မုန့်ပဲသရေစာအပေါ် သကာလူးထားခြင်းနှင့် ဆင်တူသည်။ ရေတိုအကျိုးပြုမှု၊ ချိုမြိန်ခြင်းအရသာ ခေတ္တမျှသာ ခံစားနိုင်မည်ဖြစ်သည်။ ထာဝရအခြေတည်ရန် လုံလောက်သော သာဓက၊ အခြေခံအကြောင်းတရားများ လွှမ်းမိုးမှု ရှိမည်မဟုတ်ပါ။

    ကိုယ်ပိုင်သတ်မှတ်ချက်အပေါ်မူတည်၍ ကွဲထွက်လာသော အနှစ်သာရ၊ တစ်ကိုယ်ရည်ကျော်ကြားမှု၊ အရည်အသွေး၊ အရည်အချင်းများသည် လူအများမှ ဖန်တီးသတ်မှတ်ပေးလိမ့်မည်။ တံဆိပ်ကပ်၊ မှတ်ချက်ရေးပြလိုက်ရုံဖြင့် ပြာဖုံးနေသောမီးခဲကို တာရှည်ဖုံးအုပ်နိုင်မည်မဟုတ်ပါ။ အမှန်တရားသည် လေအလွင့်တွင် ရဲရဲတောက်မီးကျည်ခဲပမာ ရဲရဲနီနေပေလိမ့်မည်။ အတု၊ ပုံရိပ်ယောင်တို့မည်သည် အစစ်အမှန်မပေါ်ခင်ထိ ပြယုဂ်တစ်ခုအနေဖြင့် ရှိနေတတ်သည်။ နောက်ဆုံး ဇာတ်ပေါင်းထုတ်လိုက်လျှင် အမှန်တရားကိုဖုံးအုပ်ထားသော အရေခွံနာမ်စားများသည် ပြိုကျပျက်စီးသွားစမြဲပင် ဖြစ်သည်။

    မွန်ဘုရင် ရာဇာဓိရာဇ်ရုပ်တု(Facebook)

    မည်သို့ပင်ဆိုစေ အမှန်တရားကိုမျက်ကွယ်ပြု ဆန့်ကျင်ဘက်နာမ်စားတစ်ခုကို ဇွတ်အတင်းသတ်မှတ်လိုက်လျှင် မည်သူမှ လက်ခံမည်မဟုတ်။ ထိုနည်းတူ အများမှလက်ခံပြီးသား ရှိရင်းစွဲနေရာတစ်ခုအပေါ် အာဏာရလူတစ်စုမှ ပုံဖျက်၊ တံဆိပ်အမျိုးမျိုးကပ်ထားသည့်တိုင် ယင်းနာမသည် အာဏာရှိလူတစ်စု အာဏာရှင်သန်ချိန်၌သာ အကျုံးဝင်နေလိမ့်မည်။ လူအများမှ လက်ခံနိုင်ခြင်းမရှိသောကြောင့် ခမ်းနားမှုသရုပ်များ ပျောက်ဆုံးနေလိမ့်မည် ဖြစ်သည်။

    နာမ်စားတစ်ခုကို အမည်ပေးဖို့ရာ လွယ်ကူသော်လည်း ထိုနာမကိုဖော်ဆောင်ပေးနေသော သူနှင့်သက်ဆိုင်သည့် သတ်မှတ်ချက် အရည်အချင်းများ တူညီမှုမရှိပါ။ အချိန်၊ နေရာဒေသ၊ ပထဝီအနေအထားများလည်း ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။ အမည်မှည့်ခေါ်တာခြင်း တူညီသော်လည်း ရှင်သန်ခြင်းဆိုသည့်အပိုင်းတွင် နှစ်မျိုးကွဲထွက်သွားသည်။ သက်ရှိရှင်သန်ခြင်းနှင့် သက်မဲ့ရှင်သန်ခြင်းတို့ပင်ဖြစ်သည်။ အချို့သောရှင်သန်ခြင်းများသည် သက်ရှိဖြစ်သော်လည်း အမည်နာမ သေဆုံးသွားပြီးဖြစ်သည်။ အချို့မှာ လူပုဂ္ဂိုလ်သေဆုံးသည့်ကာလ ကြာမြင့်ပြီးဖြစ်သော်လည်း ယနေ့ထိတိုင် ထာဝရကမ္ဗည်းထိုးရှင်သန်နေသည့် သက်မဲ့ရှင်သန်ခြင်း အများအပြားလည်းရှိသည်။

    မြန်မာ၌သာမက ကမ္ဘာအရပ်ရပ်တွင်လည်း ခေတ်စနစ်အလိုက် အမျိုးမျိုးသော အပြောင်းအလဲများ၊ သမိုင်းတွင်ကျန်ရစ်လျက်ရှိသော အမည်နာမများစွာ ရှိပါသည်။ သို့သော် အမည်နာမတစ်ခုကို အများပြည်သူများ အသိအမှတ်ပြု မှတ်တိုင်အဖြစ်ထားရှိဖို့ရာ လွယ်ကူသည့်ကိစ္စမဟုတ်။ ယင်းပုဂ္ဂိုလ်၏ ဖြတ်သန်းမှုသမိုင်း၊ ပေးဆပ်မှုအပေါ်မူတည်ပြီး လူအများမှ သတ်မှတ်ကြပါလိမ့်မည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းတွင် အသက်ခန္ဓာပေးဆပ်ရင်း ကျဆုံးခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကိုးဦးတို့၏ ဝိဉာည်များသည် ရှင်သန်နေသော သက်မဲ့နာမ်စားများပင်ဖြစ်သည်။ ထိုနည်းတူစွာ ပဒေသရာဇ်ခေတ် မြန်မာရာဇာဝင်တွင် တိုင်းတပါးလက်အောက်ကျမည့်အရေး၊ ပြင်ပရန်စွယ်မှကာကွယ်ခဲ့သော မွန်သူရဲကောင်း သမိန်ဗရမ်းသည်လည်း ရှင်သန်နေဆဲ သက်မဲ့နာမ်စားများပင်ဖြစ်သည်။

    ကမ္ဘာတွင်လည်း ခေတ်စနစ်အလိုက် အလားတူအပြောင်းအလဲများ၊ အမျိုးမျိုးသောမူဝါဒများ၊ စနစ်များနှင့် ခေါင်းဆောင်များသည်လည်း ဖြတ်သန်းမှုသမိုင်းအလိုက် အမှန်တရားကိုမျက်ကွယ်ပြု ဖုံးကွယ်ထားခြင်းမရှိပါ။ လူသားဆန်စွာဖြင့် အမှန်တရားကို မြတ်နိုးစွာချပြတတ်ကြသည်။ “ကောင်းလျှင်အတုယူရန်နှင့် ဆိုးမိုက်နေလျှင် သင်ခန်းစာယူပြုပြင်ရန်” ချပြတတ်ကြသည်။ ဂျာမန်အာဏာရှင် ဟစ်တလာ၊ အီတလီဖက်ဆစ်စနစ် အာဏာရှင် မူဆိုလီနီ၊ လစ်ဗျားအာဏာရှင် ကဒါဖီ နှင့် အခြားသောသမိုင်းဆိုးဖြင့် ကျော်ကြားသော ခေါင်းဆောင်များသည်လည်း ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်ထားခြင်းမရှိကြပါ။ နှောင်းလူများ သတိမူစေရန် အမှန်တရားကိုချပြထားသည့် ဆိုးမိုက်သောနာမ်စားများပင်ဖြစ်သည်။

    “ပဒေသရာဇ်စနစ်၊ ဖက်ဆစ်စနစ်၊ အရင်းရှင်စနစ်၊ အာဏာရှင်စနစ်၊ ဒီမိုကရေစီစနစ်” ဆင့်ကဲပြောင်းလဲလာသော စနစ်များ၏ “ကောင်းမွေ၊ ဆိုးမွေ” များသည် ပြန်ဖျက်မရတော့သည့် ခေတ်ပြကြေးမုံပြင် များပင်ဖြစ်သည်။ တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်လက်အောက်တွင် နှစ်ပေါင်း (၅၀)ကျော် အကြောက်တရားဖြင့် ရှင်သန်ခဲ့ရသည်။ ထိုနေ့စွဲများအောက်တွင် အမှန်တရားဘက်တော်သားများ၊ အညာတရရဲဘော်များသည် အိမ်နိမ့်စံဘဝဖြင့် အမှန်တရားသည် အမေ့ခံခဲ့ရသည်။ “ဂဠုန်ဆရာစံ၊ ဦးသန့်၊ ဦးနု၊ ဒေါက်တာသန်းထွန်း” တို့သည် ရှင်သန်နေကြသည့် သက်မဲ့နာမ်စားများ ပင်ဖြစ်သည်။

    အမှန်တရားဖုံးအုပ်ခံရသော နာမ်စားအများစုသည် အမှောင်ခေတ်တွင် ပိုလမိုက်ခဲ့ကြသည်။ သက်ရှိများသာမက သက်မဲ့အရာဝတ္ထုပေါင်းများစွာတို့သည်လည်း အမှန်တရားဖုံးအုပ်ခံခဲ့ရသည်။ အုပ်ချုပ်သူ အာဏာပိုင်အစိုးရ၏ ပေါ်လာစီကိုလိုက်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ လမ်း၊ တံးတားများနှင့် လူမျိုးစုတို့၏ အထွတ်အမြတ်ထားရာများ၊ အထိမ်အမှတ်ပစ္စည်းပေါင်းများစွာ အာဏာပိုင်အလိုကျ ဇာတ်ကောင်များအဖြစ် အသုံးတော်ခံခဲ့သည်။ ပြည်သူများ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ စိတ်ဝမ်းကွဲစေရန် အာဏာပိုင်အလိုကျ ပုံမှားရိုက်ခဲ့ကြသည်။

    ဤနေရာတွင် ကျွန်တော်တစ်ခု စဉ်းစားမိသည်။ သက်မဲ့ပစ္စည်းများသည် လူသားများအတွက် နေရာစုံအသုံးဝင်ချင်မှ အသုံးဝင်လိမ့်မည်။ ပညတ်ချက်တစ်ခုအနေဖြင့် သတ်မှတ်ချင်လည်း သတ်မှတ်ကြလိမ့်မည်။ သို့သော် ထိုအရာဝတ္ထုများသည် လူမျိုးစုတစ်ခု၏ အထွတ်အမြတ်ထားရာဖြစ်ခဲ့လျှင် ပြဿနာကို မီးမွှေးနေသကဲ့သို့ ဖြစ်သွားတတ်သည်။ စိတ်ဝမ်းကွဲ လွဲချော်မှုဖြစ်ပေါ်စေ၍ ပဋိပက္ခအခြေအနေတစ်ခုသို့ တွန်းပို့နေသကဲ့သို့ ဖြစ်သွားတတ်သည်ကို သတိပြုသင့်ပါသည်။ ရှိရင်းစွဲနာမ်စားများ၏ သမိုင်းဖြတ်သန်းမှုကို သေချာသိရှိခြင်းမရှိပဲ လိုရာဆွဲတွေး ဖြစ်သလိုသတ်မှတ်လိုက်ခြင်းသည် ယင်းပုဂ္ဂိုလ်၏ သမိုင်းဖြတ်သန်းမှုကို အိုးမဲသုတ်စော်ကား ဖျောက်ဖျက်နေသလိုပင်။ အထင်သေးနှိမ်ချခြင်း၊ မဟာဝါဒဖုံးလွှမ်းခြင်း၊ စသော အာဏာရှင်စရိုက်များ ရှင်သန်နေမှုကို ပြနေသယောင်ပါ။

    ဤလမ်းကို ကျွန်တော် အကြိမ်ကြိမ် ဖြတ်သန်းဖူးပါသည်။ ဖြတ်သန်းတိုင်းလည်း စိတ်ထဲမတင်မကျဖြစ်နေမိသည့် အကြောင်းအရင်းတစ်ခု ကျွန်တော်စိတ်ထဲ ပူးကပ်နေသည်။ မော်လမြိုင်တက္ကသိုလ်အနီး၊ မြိုင်သာယာရပ်ကွက် “ကဗျာကဖေး” တည်ရှိရာ မော်လမြိုင်မြို့မှ ကျိုက်မရောနှင့်ဘားအံဘက်သို့ ဆက်သွယ်ပေးသောလမ်းသည် “ဦးစစ်မောင်”ဆိုသည့် အနှီပုဂ္ဂိုလ်မှ ပုံမှားရိုက်ခဲ့သည်။ မြန်မာသမိုင်းတွင် ဖျောက်ဖျက်မရသော တိုင်းရင်းသားလူမျိုးအတွက် တိုင်းတပါးအရင်းရှင်များကိုအန်တုခဲ့သူ၊ သံလွင်ရေဆန်ခဲ့သူ အဖိုး ဦးနားအောက်(ခေါ်)နိုင်အောက် အပေါ်ဖုံးအုပ်ထားဆဲပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်နှစ်ဦး၏သမိုင်းမှာ မည်သို့မှ ယှဉ်ဖွယ်ရာမရှိပါ။ မှားယွင်းမှုဖြင့် ဖုံးအုပ်ထားသောနာမ်စားကို ပြန်လည်စိစစ် ပြင်ဆင်သတ်မှတ်ပေးသင့်သည်ဟု မျှော်လင့်မိပါသည်။

    အမှန်တရားကို ဖုံးအုပ်ထားသော နာမ်စားများသည် အုပ်ချုပ်သူ အာဏာပိုင်များ၏ အာဏာရှင်သန်မှုနှင့်သက်ဆိုင်ပါသလား။ လားလားမျှသက်ဆိုင်ခြင်းမရှိပါ။ အမှန်တရားကို မည်သည့်အာဏာ၊ပါဝါနှင့်မှ ဖိနှိပ်နိုင်မည်မဟုတ်။ တိုးတက်ပြောင်းလဲလာသော နည်းပညာခေတ်တွင် ပုံမှားရိုက်သည့်ဓလေ့ (ဆိုက်ဝါး)များ ဆွဲခွာစွန့်လွှတ်ချိန်တန်ပြီး ဖြစ်သည်။ အမှန်တရားသည် အမှန်တရားအတိုင်း ကိုယ်ပိုင်နာမ်စားဖြင့် ရဲရဲတောက်လာလိမ့်မည်။ ထို့ကြောင့် အမှန်တရားနှင့်အတူ လူသားဆန်ခြင်း၊ ကိုယ်ချင်းစာတရား၊ ငြိမ်းချမ်းခြင်း၊ ရိုးသားမှုများ မွေးဖွားလာ၍ တိုးတက်သောလူ့ဘောင်သစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts