spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအထိန်းအကွပ်မဲ့ ရေးနယ်က လျှပ်စစ်ဖြန့်ဖြူးရေး

    အထိန်းအကွပ်မဲ့ ရေးနယ်က လျှပ်စစ်ဖြန့်ဖြူးရေး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသ၊ လမိုင်းမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် လွန်ခဲ့သည့် လပိုင်း အတွင်းက လျှပ်စစ်ဓါတ်အား စတင်ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသော Southern Myanmar Development-SMD ကုမ္ပဏီအနေဖြင့် ဒေသခံ လျှပ်စစ်ညှိနှိုင်းရေးကော်မတီများနှင့် ဆွေးနွေးညှိနှိုင်းမှုမပြုဘဲ ကြီးမားသော လျှပ်စစ် မီတာခ နှုန်းထားများသတ်မှတ် ကောက်ခံနေသည်ကို ပြည်နယ်အစိုးရမှ မသိချင်ယောင် ဆောင်ပေး နေသလော။

    SMD ကုမ္ပဏီအနေဖြင့် လျှပ်စစ်မီတာနှုန်းထားခ တစ်ယူနစ် ၄၂၅ ကျပ် သတ်မှတ်၍ လျှပ်စစ်မီးသုံးစွဲသူ တစ်ဦး ချင်းစီနှင့် ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည့် သဘောတူညီမှုစာချုပ် အချက်အလက်များတွင်မပါရှိသော တစ်လ ဝန်ဆောင်ခ ၅၀၀ ကျပ်အပြင် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော လမ်းမီးခ ၄၂၅၀ ကျပ်ကိုပါ ကောက်ခံနေသော ကြောင့် ဒေသခံများနှင့် အငြင်းပွားနေခြင်းအပေါ်မှာလည်း ပြည်နယ်အစိုးရအနေဖြင့် ဝင်ရောက် ညှိနှိုင်းမှုပေးခဲ့ကြောင်း မကြားမိပေ။

    အလားတူ ရေးမြို့နယ် တောင်ပိုင်းဒေသတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က လျှပ်စစ်ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူးနေ သော SEGEP ကုမ္ပဏီသည်လည်း တစ်ယူနစ် ၃၉၅ ကျပ်နှုန်းဖြင့် ကောက်ခံလျှက်ရှိသော်လည်း လမ်းမီးခ မကောက်ခံပေ။ ထို့ကြောင့် ဒေသသခံတို့နှင့် အဆင်ပြေနေသည့်သဘော တွေ့ရသည်။

    ရေးမြို့နယ်အတွင်း Bedok Construction & Engineering Co.,Ltd နှင့် အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ် ကုမ္ပဏီလီမိတက် SEGEP တို့၏ စီမံကိန်းများကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် မွန်ပြည်နယ် လွှတ်တော်က သဘောတူ အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းလိုင်စင်များကို ဆောင် ရွက်နိုင်ခြင်း မရှိသေးပေ။

    ထို့ကြောင့် အထက်ပါ ကုမ္ပဏီနှစ်ခုကို မွန်ပြည်နယ် အသေးစား၊ အလတ်စား ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ယခုလ(သြဂုတ်လ)ပထမပတ်၌ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းသည့် အကြောင်းကြားစာ တစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

    “ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ပြည်နယ်အစိုးရအဖွဲ့က မဆောင်ရွက်ထားတဲ့အတွက် ဥပဒေအတိုင်း ဆောင် ရွက်ဖို့ ညှိုနှိုင်း အကြောင်းကြားစာ ပေးပို့လိုက်တာ ဖြစ်တယ်”ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက မော်လမြိုင်အခြေစိုက် မီဒီယာတစ်ခုတွင် ပြောခဲ့သည်။

    အထက်ပါ ကိစ္စကို လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး၌ ပြည်နယ် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ရေးမြို့နယ် တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့် လုပ်ငန်းများ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်အတွက် မွန်ပြည်နယ်အစိုးရအား ပထမအကြိမ် တိုက်တွန်းထားပြီး ဖြစ်သည်။

    “ယခုလက်ရှိ ရေးမြို့နယ်မှာ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့် လုပ်ငန်း အားလုံးသည် ခွင့်ပြုမိန့် ရရှိထားသလား မရရှိထားဘူးလား၊ ၂၀၁၄ ခုနှစ်က ပြည်ထောင်စုမှ ပြဋ္ဌာန်းထားတဲ့ လျှပ်စစ်ဥပဒေမှာကော၊ ၂၀၁၆ ခုနှစ် မွန်ပြည်နယ်ကနေ ဥပဒေအမှတ် ၄ အဖြစ် ပြဋ္ဌာန်းထားတဲ့ အသေးစားနဲ့အလတ်စား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေမှာကော၊ ခွင့်ပြုမိန့်ရရှိပြီးမှသာလျှင် ကျန်တဲ့ နောက်ဆက်တွဲ တွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က လွှတ်တော်တွင် မေးခွန်းမေးမြန်း ထောက်ပြခဲ့ခြင်း ဖြစ်သည်။

    ထိုစဉ် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးမင်းထင်အောင်ဟန်က “ပြည်နယ် အစိုးရက MoU ထိုးတယ်ဆိုတာ မူအားဖြင့် သဘောတူတာ၊ သူတို့ ဓာတ်အားလိုင်းတွေ ဆောက်တာ စက်တွေ ထားတာကို နောက် EIA စစ်ရသေးတယ်၊ အကုန်လုံး စံချိန်စံညွှန်း မှီတယ်ဆိုမှ ပြည်နယ် လျှပ်စစ်ကြီးကြပ်ရေး ကော်မတီ ဘုတ်အဖွဲ့ကနေ ဖြန့်ဖြူးရောင်းချခွင့် ထပ်ပေးရတယ်၊ အခုရွာတွေမှာ ဖြန့်နေတဲ့ဟာတွေက လျှပ်စစ် ဥပဒေနဲ့ အတိအကျကိုင်ရင် တစ်ခုမှ ဘောင်မဝင်နေဘူး” ဟု ဖြေသွားခဲ့သည်။

    ပြည်နယ် လျှပ်စစ်ဝန်ကြီးဟောင်း ပြောကြားချက်အရ လျှပ်စစ်ကုမ္ပဏီများ လုပ်ကိုင်ဆောင်ရွက်နေပုံမှာ လုပ်ငန်း မစတင်မီ သဘာဝ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု စစ်တမ်း-EIA ဆောင်ရွက်ထားမှုနှင့် လိုအပ်သော စံချိန်စံညွှန်းများ မပြည့်စုံ၍ လျှပ်စစ်ဝန်ကြီး ဥက္ကဌအဖြစ် ဆောင်ရွက်ရသည့် ပြည်နယ်လျှပ်စစ်ကြီးကြပ်ရေး ကော်မတီဘုတ်အဖွဲ့မှ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ထုတ်ပေးမရသည့်သဘောဟု ယူဆစရာရှိသည်။

    အာဏာရ NLD ပါတီ လွှတ်တော်သက်တမ်း ထက်ဝက်နီးပါးခန့်တွင် ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက် လိုက်ရပြီးနောက် မွန်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဒေါက်တာအေးဇံ ၂၀၁၇ ခုနှစ်၊ မတ်က ၁ ရက်က ကျမ်း သစ္စာ ကျိန်ဆိုအပြီး ၉ ရက်မြောက်နေ့တွင် Bedok ကုမ္ပဏီဥက္ကဌ ဦးစိန်ဝမ်းသည် မွန်ပြည်နယ် ဘက်စုံဒေသ ဖွံ့ဖြိုးရေးအတွက် ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် မွန်ပြည်နယ်အစိုးနှင့် နားလည်မှု စာချွန်လွှာ MoU လက်မှတ် ရေးထိုး နိုင်ခဲ့သည်။

    ယင်းကဲ့သို့ ဝန်ကြီးချုပ်သစ် ဖြစ်လာပြီး ရက်တိုလေးအတွင်း MoU လက်မှတ်ရေးထိုးနိုင်ခဲ့သည်မှာ Myanmar Lighting, Bedok, SMD ကုမ္ပဏီ ၃ ခု၏ဥက္ကဌ ဦးစိန်ဝမ်းနှင့် ဒေါက်တာအေးဇံတို့ ပုဂ္ဂိုလ်ရေးအရ ယခင် ကတည်းက အလွန် ရင်းနှီးကျွမ်းဝင်မှုကြောင့်ဟု သိရသည်။

    ကျိုက်ထိုမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ယခင် မွန်ပြည်နယ်လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးဇံ သည် ဦးစိန်ဝမ်း၏ ဇာတိမွေးရပ်မြေ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာအနီးတွင် လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရန် ၂၀၁၆ ခုနှစ်က လူထုတွေ့ဆုံ ရှင်းလင်းပွဲ သတင်းပေါ်ပြမှုများတွင် ၎င်းတို့အား အတူတကွ တွေ့ရှိခဲ့ဖူးသည်။

    တဖက်ရှိ ရေးမြို့နယ်တောင်ပိုင်းတွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးလျက်ရှိသည့် SEGEP ကုမ္ပဏီသည်လည်း တစုံတရာ ခွင့်ပြုချက်မရှိဘဲ ဥပဒေဘောင်ကျော် လုပ်ဆောင်ခဲ့သည်ကို လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး ယခင်က ထောက်ပြခဲ့ဖူးသည်။

    “အခု ကုမ္ပဏီဘက်က လုပ်ဆောင်နေတာဟာ လွှတ်တော်က သဘောတူချက်တို့၊ ဥပဒေတို့ ခွင့်ပြုပေးထားတာ မဟုတ်ဘူး၊ ဒီ SEGEP ကုမ္ပဏီရုံးဖွင့်တုန်းကလည်း အဲ့အချိန်တုန်းက ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးလည်း အခမ်းအနားတစ်ခုလိုပဲ သွားပြီးဖွင့်ထားပေးတယ်၊ အမှန်မှာ အဲ့လိုလုပ်လို့မသင့်ဘူး၊ လွှတ်တော်ကိုတင်ပြရမယ်၊ သဘောတူညီချက်ရပြီးမှ ဥပဒေအတိုင်း ခွင့်ပြုချက်တို့ လိုင်စင်တို့ကို ဆက်လုပ်ရမှာ ဒါက သူတို့လုပ်တာ ဘောင် နည်းနည်းကျော်နေတယ်” ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

    အထက်ပါ ဖြန့်ဖြူးရောင်းချရေး တရားဝင် လိုင်စင်မရှိသေးသည့် SEGEP ကုမ္ပဏီ မီးလင်းရေးကိစ္စတွင် ဝန်ကြီး ချုပ်ဟောင်း ဦးမင်းမင်းဦး လက်ထက်ကလည်း မျက်ကွယ်ပြုပေးခဲ့ပြီး လုပ်ထုံး လုပ်နည်းများကို ဘောင်ကျော် ဆောင်ရွက်ခွင့်ပြုခဲ့သလား ဆိုခြင်းမှာ မေးခွန်းထုတ်နေကြသည်။

    ထို့နောက် SEGEP ကုမ္ပဏီသည်လည်း ရေးတောင်ပိုင်းအလွန် ရေးမြောက်ပိုင်းတခွင်သို့ နယ်မြေချဲ့ထွင်၍ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရန် ဓါတ်တိုင်များ စိုက်ထူလာသဖြင့် လမိုင်း(မြို့)၊ မော့ကနင်၊ နှစ်ကရင်၊ ကော့ဒွတ်၊ သောင်ပြင်နှင့် တောင်ပုံကျေးရွာတို့တွင် SMD ကုမ္ပဏီနှင့် ဈေးကွက်အပြိုင်အဆိုင် ဖြစ်လာခဲ့သည်။

    နောက်ပိုင်းတွင် SEGEP ကုမ္ပဏီမှ ဓါတ်တိုင်စိုက်ထူ ကေဘယ်လ်မီးကြိုး သွယ်တန်းမှုများ တပိုင်းတပြတ်နှင့် ရပ်တန့်နေစဉ် SMD ကုမ္ပဏီက ဓါတ်တိုင်များ၊ မီးကြိုးများ တပ်ဆင်၍ တည်ဆောက်ရေး လုပ်ငန်းများ အမြန် ပြီးပြတ်စေရန် အားစိုက် ဆောင်ရွက်လာသည်ကို တွေ့ရသည်။

    ရေးမြောက်ပိုင်းဒေသတွင် လျှပ်စစ်ဖြန့်ဖြူးသည့် SMD Co., Ltd (Facebook)

    ပြီးခဲ့သည့် သၚ်္ကြန် မတိုင်မီ ဧပြီလ ၉ ရက်က သပြေရွာသစ်တွင် ကျင်းပခဲ့သော SMD Co.,Ltd. လျှပ်စစ် ဓါတ်အား စက်ရုံ ဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သော အစိုးရအဖွဲ့ဝင်ကြီးများ တက်ရောက်ခဲ့ရာ ပြည်နယ်လျှပ်စစ်ဝန်ကြီး မပါဝင်ခဲ့သည်က ပဟေဠိတစ်ခုလို ဖြစ်ခဲ့သည်။

    ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးမင်းထင်အောင်ဟန် မေလ ၂၉ ရက်တွင် ပြည်နယ်ဝန်ကြီးရာထူးမှ ရုတ်တရက် နုတ်ထွက်လိုက်ကြောင်း ဖြစ်စဉ် ပေါ်လာခဲ့သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လုပ်ငန်း လိုအပ်ချက်အရ မိမိ သဘောဆန္ဒအလျောက် ပြည်နယ် ဝန်ကြီး ရာထူးတာဝန်မှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဦးမင်းထင်အောင်ဟန်က ပြောခဲ့သော်လည်း အဆိုပါ ကုမ္ပဏီနှစ်ခု ပြဿနာနှင့် တနည်းတဖုံ ဆက်နွယ်နေသည်ဟု မွန်အသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိသည်။

    လက်ရှိတွင် လျှပ်စစ်ဖြန့်ဖြူး ရောင်းချရေး ခွင့်ပြုမိန့် မရှိသေးသော ကုမ္ပဏီများကိုလည်း ဥပဒေကြောင်းအရ ပြည်နယ်လျှပ်စစ်ကြီးကြပ်ရေး ကော်မတီမှ တိုက်ရိုက်ဝင်ရောက် ထိန်းကြောင်းမရသည့် အနေအထားတွင် ရှိနေသေးသည်။

    လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေအရ အစိုးရအဖွဲ့တစ်ဖွဲ့က ခွင့်ပြုမိန့် ထွက်ပြီးမှ ၎င်း ခွင့်ပြုမိန့်ကို ရရှိပြီးမှ မည်သည့် ကုမ္ပဏီမဆို၊ မည်သည့် အဖွဲ့အစည်းမဆို သက်ဆိုင်ရာ နယ်မြေမှာ တိုင်တစ် တိုင် ထောင်ခွင့်ရှိသည်၊ ခွင့်ပြုမိန့်မရှိဘဲ လုပ်ခွင့်မရှိဟု ဒေါ်ခိုင်ခိုင်လဲ့က လွှတ်တော်၌ ပြောခဲ့သည်။

    အဆိုပါ အခြေအနေများကို လေ့လာကြည့်လျှင် ဒေသခံများ ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို ပြည်သူ့ အစိုးရက တာဝန်သိစွာ ဖြေရှင်းပေးသင့်သလို အစိုးရ ဆုံးရှုံးနစ်နာစေမည့် နိုင်ငံ့အခွန်အခများ အလေ အလွင့်မရှိစေရေး ဆောင်ရွက်နိုင်စေရန် စဉ်းစားဖို့လိုအပ်နေပါပြီ။

    ညွှန်း
    -မွန်သတင်းအေဂျင်စီ သတင်းမှတ်တမ်းများ
    -ကိုယ်တိုင်ကွင်းဆင်းလေ့လာမှုများ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts