spot_img
Friday, April 19, 2024
More
    spot_img
    Homeဆောင်းပါးအစိမ်းရောင်နေ့စွဲများ

    အစိမ်းရောင်နေ့စွဲများ

    -

    ကျွန်တော် အစိမ်းရောင်နေ့စွဲများကို ဖြတ်သန်းလွန်မြောက်ခဲ့တာ ဆယ်စုနှစ်တစ်ခုလွန်ခဲ့ပါပြီ။ ဆယ်စုနှစ်တစ်ခုစာမက အိပ်မက်တွေမက်ရင်း အိပ်မက်တွေကြား မျောပါခဲ့တယ်။ အစိမ်းရောင်လွင်ပြင်ကျယ်ကို ငေးမောပြီး တစ်ခါတစ်ရံ တောင်တန်းခင်းတန်းတွေအကြောင်း စိတ်လက်ပေါ့ပါးစွာ တွေးမိတယ်။ “လေးဖြူ”ရဲ့ ‘မိုးကုပ်စက်ဝိုင်းရဲ့ဟိုးအစွန်းတဖက်မှာဘာတွေရှိမလဲ’၊” လိပ်ပြာ” တေးသီချင်းအပိုင်းအစကို တိုးတိုးလေးရွတ်မိတယ်။

    တစ်ခါတလေ အစိမ်းရောင်ဟာ ပက်ပက်စက်စက်ဒုက္ခပေးတဲ့ကြောင်းလည်း တွေးမိတာပေါ့။ သူနဲ့ဆက်စပ်တဲ့ အစိမ်းရောင်ကမ္ဘာကိုမှီခိုပြီး သဘာဝတရားကို ဝါးမြိုဖျက်ဆီးတဲ့ စိုက်ခင်းဖျက်ပိုးမွှားတွေလည်း နေရာရလာတယ်။ အစိမ်းရောင်နေ့စွဲအောက် မွေးဖွားရှင်သန်ခဲ့တဲ့ကျွန်တော့် အရောင်များရဲ့အကြောင်းကို သေချာမသိခဲ့ဘူး။ ဒါပေမဲ့ အစိမ်းရောင်နေ့စွဲတွေကို ကျွန်တော်တို့ဖြတ်သန်းခဲ့ကြတယ်။

    Green Image (Internet)

    ဒီနေ့ခေတ်မှာ “ကျောက်မီးသွေးသုံးမှ တိုးတက်မယ်” စတဲ့အသံတွေ “Clean coal” နည်းပညာဆိုပြီး ယုံကြည်မှုရဖို့ ဂျင်းတွေထည့်နေခြင်းဟာ အရောင်ဆိုးခြင်းရဲ့ ရှေ့ပြေးနိမိတ်ပုံတွေပဲ။ အရောင်တွေဟာ တစ်ခုနဲ့တစ်ခုကြား ထူးထူးခြားခြား ပြောင်းလဲပစ်ဖို့မလွယ်ကူဘူးဆိုတာ သုံးသပ်မိတယ်။ တခြားအရောင်အမျိုးမျိုးနဲ့ ပုံဖျက်လိုက်ရုံနဲ့ ကြာရှည်ဖုံးအုပ်နိုင်မှာမဟုတ်ပါ။ အရင်းစစ်လိုက်ရင် ဖုံးအုပ်ထားတဲ့အရောင် ဗူးပေါ်သလိုပေါ်လာလိမ့်မယ်။ သဘာဝတရားအောက် ကမ္ဗလာပြင်ကျယ်ဟာ သဘာဝအတိုင်းရိုးသားနေဖို့သာ အဓိကျတယ်လို့ ယုံကြည်မိတယ်။ ဒါမှ လူသားတို့ မှီခိုအားထားယုံကြည်ဖို့ အဓိကကျလိမ့်မယ်။

    စိုက်ခင်းဖျက်ပိုးမွှားတွေနဲ့ ဇီဝဓါတ်တွေဟာ အစိမ်းရောင်ကမ္ဘာကို ဖျက်ဆီးသွားသလို ကျွန်တော်တို့အသက်တွေလည်း တဖြည်းဖြည်းကြီးလာခဲ့ပေါ့။ မူမမှန်တဲ့ရာသီဥတုက ဖောက်လွှဲဖောက်ပြန်ရင်း ဆောင်းမှာရွာတဲ့မိုးလို ဘယ်လိုမှဆက်စပ်မရဖြစ်နေတယ်။ Man-Made လူသားတွေပြုလုပ်တဲ့ အမှောင့်ပယောဂတွေကြောင့် အစိမ်းရောင်ကမ္ဘာဟာ တဖြည်းဖြည်းပါးလျလာတယ်။ အစိမ်းရောင်ကမ္ဘာရဲ့ ရေသောက်မြစ်အဆာပလာတွေ ဗိုက်ဖွင့်ခံနေရတာလည်းကြာပေါ့။ ဆက်ပြီးတော့လည်း ပုံမှားရိုက် ဗိုက်ဖွင့်ခံနေရဆဲပါပဲ။

    အဖြူရောင်တွေ အစိမ်းရောင်နဲ့ရောနှော ၊ပေးဆပ်ခြင်းအလင်္ကာတွေနဲ့တန်းတူထိုင်ပြီး မျှတခြင်း တရားကိုဟောကြတယ်။ ‘လှည်းကျိုးထမ်းသူများ’လို့ ကိုယ့်ကိုသမုတ်ပြီး ခေတ်တစ်ခုလုံးကို ထမ်းပိုးခဲ့သယောင် ရှေ့တန်းမှာခန့်ခန့်ကြီးထိုင်ပြီး ကိုယ်ဟန်ပြတတ်ကြတယ်။ ပေးဆပ်ခြင်း အလင်္ကာတွေကို မတန်မရာနင်းထားတယ်။ ထောက်ပြဝေဖန်မှုဒဏ်ကို ခံနိုင်ရည်မရှိတာကြောင့် အာဏာသုံးပြီးဖိနှိပ်တယ်။ အဖြူရောင်တွေ အစိမ်းရောင်ဝါဒကိုကာကွယ်ပေးရင်း အစိမ်းရောင်ဝါဒသံမှိုတွေ ဆက်လက်ရိုက်ထည့်ပေးတယ်။ ဒါဟာ နိမိတ်ပုံပျောက်ရှင်သန်ခြင်းလို့ ပုဂ္ဂလိကခံစားချက်အနေနဲ့ တိုတိုလေးသမုတ်လိုက်မိတယ်။

    တစ်ခါတရံ အတွေးများက ဆယ်ကျော်သက် အဖြူအစိမ်းဝတ်ကျောင်းသားဘဝလေးဆီ ခေတ္တအလည်သွားမိတယ်။ ယောင်ခြောက်ဆယ်နဲ့ ဘဝရည်မှန်းချက်တွေ သောင်းပြောင်းထွေလာဖြစ်နေတဲ့ကာလပေါ့။ ညနေကျောင်းဆင်းချိန်တွေမှာ အုပ်စုလိုက် ဘောလုံးချိန်းပွဲကန်တတ်ကြတယ်။ စနေ၊တနင်္ဂနွေနေ့တွေဆို ထမင်းမေ့ဟင်းမေ့ပေါ့။ ကစားရင်း မကျေနပ်ချက်တွေနဲ့ ချိန်းတဲ့ရန်ပွဲများလည်း တခါတရံဖြစ်တတ်သေးတယ်။ ဒါပေမဲ့ အမုန်းအဃာတ အငြိုးအတေးမရှိ။ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ချက်တွေကို စိတ်ကျေနပ်လောက်အောင်ထိုးကျိတ်ပြီးရင် ပြဿနာလည်းပြီးသွားစမြဲ။ နိုင်ငံသားချင်းတိုက်၍ မငြိမ်းချမ်းတဲ့စစ်ပွဲလိုမဟုတ်။ အခုတော့ အချို့ကျောင်းတွေမှာ ကျောင်းသားများ ဘောလုံးကစားချင်တာတောင် ဘောလုံးကွင်းမရှိ။ အုတ်တံတိုင်းကြီးခတ် ဘာညာ Project ဆိုပြီး အနီရောင်စာလုံးနဲ့ “မကျူးကျော်ရ” စာလုံးတပ်ထားတာများတယ်။

    ကျွန်တော်တို့စိတ်တွေ စောပြီးလူပျိုဖော်ဝင်တာလားမသိ။ အထက်တန်းရောက်တော့ ရှေ့က စီနီယာကျောင်းသားကြီးတွေကိုကြည့်ပြီး အတုမြင်အတတ်သင် “ဆေးလိပ်၊ကွမ်းယာ” များကိုစမ်းသပ်လာတယ်။ ဒါတွေလုပ်တတ်မှ ခေတ်မှီတယ်လို့ ထင်တဲ့အရွယ်ပေါ့။ ကျွန်တော်တို့တန်းကျောင်းသားအများစုဟာ အတွေးအခေါ်ပိုင်းလည်း အားနည်းပါတယ်။ မျက်စိမှိတ်နားပိတ်ပညာရေးနဲ့ တစ်ဖက်ပိတ်သမိုင်းတွေ သင်ခဲ့ရတယ်။ စာတော်ရင် လူကောင်းလူမွန်အဖြစ်သမုတ်ခံရပြီး ဆရာတွေချစ်တဲ့ကျောင်းသားအဖြစ် အခွင့်အရေးပိုရတယ်။ တချို့က မိဘရဲ့ရာထူးဂုဏ်ရှိန်ကြောင့်လည်း အခွင့်ထူးခံကျောင်းသားတွေ ဖြစ်တာလည်းရှိတယ်။

    ကျောင်းခန်းထဲ စာသင်နေဆဲမှာပင် ကပ်ဆိုးကြီး ကျနော်တို့နိုင်ငံကို ဖြတ်တိုက်သွားတယ်လို့ ဆရာတွေကပြောနေကြတယ်။ မြို့နယ်အလိုက် ကယ်ဆယ်ရေးအဖွဲ့တွေစုစည်းပြီ သွားရောက်ကူညီကြတယ်။ နောက်မှ ‘နာဂစ်မုန်တိုင်းကြီး’က ဧရာဝတီတိုင်းကိုဝါးမြိုသွားကြောင်း သိခဲ့ရတယ်။ တချို့ဆို ရွာလုံးကျွတ် တစ်ညတည်းပျောက်ကွယ်ခဲ့ရတာ အင်မတန်ဝမ်းနည်းစရာ ဖြစ်ခဲ့ရတယ်။ ဒါတောင် တချို့ကျောင်းသားတွေ ဘာမှန်းမသိဖြစ်နေဆဲပါ။

    မြန်မာမှာသာမက ကမ္ဘာကတောင်ပြောစမှတ်တွင် ပြစ်တင်ရှုတ်ချခဲ့တဲ့ “ရွှေဝါရောင်တော်လှန်ရေး” ကာလတွေလည်း ကျွန်တော်တို့ဘာမှန်းမသိခဲ့ကြပါ။ ဆရာတွေကလည်း မည်သူတစ်ဦးတစ်ယောက်မှ အရေးတယူပြောပြလေ့မရှိ။ တော်တော်အ့ံသြစရာကောင်းတဲ့ သက္ကရာဇ်တွေပေါ့။ ဒီလိုသက္ကရာဇ်ကို ဘာမှန်းမသိဖြတ်သန်းဖူးတဲ့ ကိုယ့်ကိုကိုယ်တောင် အ့ံသြမိတယ်။ ဒီလောက်တောင်ဗဟုသုတနည်းရသလားလို့လည်းယူကြုံးမရဖြစ်မိတယ်။ ဒါတွေဟာ ပြန်ပြင်မရတော့တဲ့ ကျနော်တို့ဖြတ်သန်းလာခဲ့တဲ့ နေ့စွဲတွေပါပဲ။
    အစိမ်းရောင်နေ့စွဲတွေဟာ ကျွန်တော်တို့အတွက် သိပ်ပြီးပျော်စရာမကောင်းဘူးလို့ ထင်မိတယ်။ လွယ်အိပ်သေးသေးလေးကို ကြိုးထုံးလွယ်၊ လုံချည်ကိုခါပေါင်စထုတ်ဝတ်၊ အကျီအဖြူအပေါ်ဆုံးကြယ်သီးကိုဖြုတ်၊ နားမှာနားကွင်သေးသေးလေးတပ်ပြီ ဂျစ်ကန်ကန်မျက်နှာပေါက်နဲ့ ဂျလေဘီဟန်လည်း ဖမ်းတတ်သေးတယ်။ အာမွှေးစုံကွမ်းယာကို ပါးစပ်ရဲပဒေါင်းခတ်အောင်ဝါး ၊စီးကရက်လည်း စတိုင်ကျကျ ခဲတတ်ကြသေးတယ်။ ကျောင်းအိမ်သာ၊ သေးပေါက်ခန်းတွေဆို စီးကရက်ဖင်ဆီခံတွေ ပြည့်နှက်လို့ပေါ့။ ဆရာတွေ လှည့်လည်စစ်ဆေးလို့မိရင် ကြိမ်ဒဏ်နဲ့ အပြစ်အဖြစ်ပြီးတဲ့အခါလည်းပြီးတယ်။ တချို့က မျက်နှာငယ်လေးနဲ့ အုပ်ထိန်းသူမိဘခေါ်ယူ သတိပေးခံဝန်ချက်ထိုးခံရသူတွေလည်းရှိတယ်။ လုပ်တဲ့လူကလည်း လုပ်မြဲဆက်လုပ်ဆောင်နေတော့ စည်းကမ်းပိုင်း သိပ်တော့ပြောင်းလဲလာတာ မတွေ့ရဘူး။

    ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ ပူပူနွေးနွေးပြီးဆုံးထားတဲ့ကာလဖြစ်တော့ ဘောလုံးဝါသနာအိုးတိုင်း စမြံှု့ပြန်ပြောနေကြတယ်။ အဲဒီပွဲနဲ့ဆက်စပ်ပြီ ပရီးမီးယားလိဂ်ဘောလုံးပွဲတွေ ဆက်လက်အားပေးခဲ့ကြတယ်။ ပရီးမီးယားဘောလုံးပွဲနဲ့ (PS2)ဂိမ်းတွေ စပြီးခေတ်စားတဲ့ နှစ်တွေပေါ့။ ညည့်နက်ဘောလုံးပွဲတွေစောင့်ရင်း (PS2)ဘောလုံးဂိမ်းတွေ ညလုံးပေါက် ဆော့ခဲ့ကြတယ်။ (PS2)ဂိမ်းကြောင့် နောက်ပေါက် ကျောင်းအုတ်တံတိုင်းကျော်ပြီး ကျောင်းလစ် ဂိမ်းဆိုင်မှာ အချိန်းဖြုန်းတတ်တဲ့အကျင့်လည်း ပါခဲ့တယ်။

    အဆောင်နဲ့ ဝိုင်းကျူရှင်တွေ ခေတ်စားလာတဲ့ နှစ်တွေလည်းဖြစ်တယ်။ ကျူရှင်နဲ့ အဆောင်လခတွေ ဂဏန်း၁၀အထက်ရှိတဲ့ ကာလတွေဖြစ်တယ်။ မိဘများကိုယ်တိုင်က “ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ” ဆိုတဲ့ ပုံစံခွက်နဲ့ဖိအားပေးတယ်။ ကိုယ့်ကလေးရဲ့ ညာဏ်ရည်ညာဏ်သွေး ဘယ်အတိုင်းအတာရှိတယ်ဆိုတာ သေချာမသိရှိကြဘူး။ ပညာရေးကို ဖိအားပေးရင်း စက်ရုပ်လူသားဆန်ဆန် အဆောင်များမှာ ငွေကျပ်သိန်း ၁၀ ဂဏန်းကျော် ပိုက်ဆံပုံအော် ပေးခဲ့ကြတယ်။ ဖိအားဒဏ်မခံနိုင်တဲ့ ကျောင်းသားအများစုမှာ စိတ်ထွက်ပေါက်ရှာရင်း လမ်းမှားရောက်ခဲ့ရတယ်။ ပိုးဆိုးတာက ရာမ(မြင်းဆေး)တွေ လူငယ်များအကြား ကနဦး စတင်စိမ့်ဝင်တဲ့ကာလပေါ့။ မိဘအုပ်ထိန်းသူနဲ့ဝေးနေတာကြောင့်မကောင်းမှုတွေ စမ်းသပ်လုပ်ခဲ့ကြတယ်။ တချို့ဆို ကျောင်းတောင် ဆက်လက်မတက်နိုင်အောင် စိတ်လေလွင့်ဘဝပျက်ခဲ့ရတယ်။ မှတ်မှတ်ရရ ကျောင်းသား(၅၂)ရှိတဲ့ ကျွန်တော်တို့တန်းခွဲမှာ ကျွန်တော်အပါအဝင် အတန်းတင်စာမေးပွဲ (၄၅)ယောက်ကျတယ်။

    ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အစိမ်းရောင်နေ့စွဲများဟာ ခံယူချက်တွေ ယောင်ဝါးဝါးပါပဲ။ စာကို ဘာအတွက်သင်ကြားရတာလဲတောင် တစ်ခါမှမဆန်းစစ်မိဘူး။ “ဗျူး၊ ဂျူလိုင်မိုး၊ အဂ္ဂရာဇာ၊ မြိုင်ရာဇာတွတ်ပီ၊ မင်းသိင်္ခ” စတဲ့ အပျော်ဖတ်ရုပ်ပြစာအုပ်တွေ၊ အချစ်လုံးချင်းဝတ္ထုတွေနဲ့ သိုင်းဝတ္ထုတွဲတွေသာ စာပေနဲ့ ထိတွေ့ခွင့်ရခဲ့ပါတယ်။ ရသစာပေတွေ ခွန်အားကောင်းနေချိန်ဖြစ်ပေမယ့် နယ်ဒေသတွေမှာ စာပေနဲ့ အလှမ်းဝေးခဲ့တာလည်းပါတယ်။ ဒါကိုပဲ ကျွန်တော်တို့က တကယ့်စာပေအနှစ်သာရတွေပါလို့ မှတ်ယူပြီး အချင်းချင်းကြား ဆရာလုပ်တတ်သေးတယ်။ ပြန်ဆန်းစစ်ကြည့်လျှင် တကယ့်ကိုပေါကြောင်နိုင်တဲ့ သက္ကရာဇ်တွေပဲ။

    အစိမ်းရောင်ကမ္ဗလာပြင်ကျယ်ဟာ သက်ရှိတို့အတွက် စိမ်းလန်းပြီးရိုးသားနေဖို့သာ အဓိကကျတယ်လို့ ကျွန်တော်ယုံကြည်မိတယ်။ ပုံမှားရိုက်တဲ့ရုပ်ရှင်တွေ ရွံမုန်းလို့ ဆက်မကြည့်ချင်တော့တာလည်းပါမယ်။ အစိမ်းရောင်နေ့စွဲကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ဖူးတော့ မာယာတွေမလိုချင်တော့ဘူး။ ကမ္ဘာမြေငလျင်လှုပ်ရင်တောင် အခါတော်ပေးတယ်လို့ ရူးနှမ်းတဲ့အတွေးနဲ့လောဆော်ဦးမယ့် ခပ်နိမ့်နိမ့်အတွေးလောက်ကို တွေးနေလို့မဖြစ်ဘူး။ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အစိမ်းရောင်နေ့စွဲများဟာ ပျော်စရာမကောင်းဘူး။ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အစိမ်းရောင်နေ့စွဲတွေဟာ ရည်မှန်းချက်ယောင်ဝါးဝါးပဲ။ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အစိမ်းရောင်နေ့စွဲတွေဟာ အမှတ်တရများများမရှိပါဘူး။ အစိမ်းရောင်နေ့စွဲအောက် ရှင်သန်ခဲ့တဲ့ကျွန်တော် အရောင်တွေရဲ့အကြောင်း သေချာမသိခဲ့ပါဘူး။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts