spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းအတာသင်္ကြန်ပွဲတော်

    အတာသင်္ကြန်ပွဲတော်

    -

    သင်္ကြန်ပွဲအကြောင်းစဉ်းစားမိတယ်။ သင်္ကြန်ပွဲဟာ ထေရဝါဒ စစ်သလားလို့ တွေးမိတယ်။ သင်္ကြန်တွင်းမှာ အတာရေကို ပက်ဖြန်းလို့ နှစ်ဟောင်းက မကောင်းမှုများကို ဆေးကြောပစ်ကြတယ်လို့ ဆိုပါတယ်။ ဒီအယူက ထေရဝါဒဗုဒ္ဓဘာသာ မပြောနဲ့၊ ဘယ်ဗုဒ္ဓဘာသာဓလေ့ထုံးစံနဲ့မှ မတူပါ။ ဗုဒ္ဓဘာသာမှာ မကောင်းမှုကို ရေနဲ့ ဆေးကြောလို့ မရပါ။ အကျင့်နဲ့သာ ဆေးကြောနိုင်တယ် မဟုတ်လား။

    အတာရေပက်ဖြန်းတာ၊ သင်္ကြန်ထမင်း ချက်တာ၊ တံခွန်ကုက္ကားနဲ့ ကလသာအိုး ပူဇော်တာဟာ ဘာယဉ်ကျေးမှု ဖြစ်နိုင်မလဲ။ ရေနဲ့ ပက်ဖြန်းပြီး မကောင်းမှုကို ပယ်ဖျောက်နိုင်တယ်ဆိုတာ ဟိန္ဒူဘာသာမှာ တွေ့ရှိတတ်တဲ့ အယူအဆပါ။ ဒါဖြင့်ရင် အတာရေယဉ်ကျေးမှုက ဟိန္ဒူနွှယ်နေတယ်လို့ ပြောလို့ ရနိုင်ပါသလား။
    တကယ်လို့ အဲ့လို ပြောနိုင်တယ်ဆိုရင်-
    (၁) ဟိန္ဒူက ဗုဒ္ဓဘာသာယဉ်ကျေးမှုထဲကို စိမ့်ဝင်လာသလား၊
    (၂) ဗုဒ္ဓဘာသာတွေက ဟိန္ဒူတို့ရဲ့ ယဉ်ကျေးမှုကို မောင်ပိုင်စီးလိုက်တာလား၊
    (၃) ဟိန္ဒူဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေက နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ကြပြီး ယဉ်ကျေးမှုအရ ပေါင်းစည်းသွားခဲ့သလား။

    ရှေးသင်္ကြန်ပွဲတော် ဆေးရေးပန်းချီကား(Internet)

    စဉ်းစားစရာ ရှိလာပါတယ်။ သမိုင်းနောက်ခံကို ပြောဖို့ လိုလာပါတယ်။ မြန်မာတို့က သင်္ကြန်ဆိုတာ ပုဂံခေတ်နရသီဟပတေ့မင်းလက်ထက်မှာ စတင်ခဲ့တယ်လို့ ဆိုကြပါတယ်။ နရသီဟပတေ့မင်းကို တရုတ်ပြေးမင်းလို့လည်း ခေါ်ပြီး ပုဂံရဲ့ နောက်ဆုံးမင်းတစ်ပါးပါ။ သင်္ကြန်မှာ ရေကစားနေတဲ့ မိဖုရားစောလုံကို နောက်မိရာ မိဖုရားစောလုံက ဘုရင်ကို သတ်ဖို့ ကြိုးစား၊ ဘုရင်က အချိန်မီ သိ၊ သူ့မိဖုရားကို အရှင်လတ်လတ် မီးရှို့သတ်တဲ့ ဇာတ်လမ်းပါ။ ဘုရင်ကိုယ်တိုင်က တရုတ်စစ်ကို ပြေးရင်း မွန်တို့ဒေသ ဒလနယ်မှာ ခိုလှုံခဲ့ပါတယ်။ ရှင်ဒိသာပြာမောက်ရဲ့ သံတမန်ရေးအရ တရုတ်က ဆုတ်ခွာသွားတဲ့အခါ ပုဂံကို အပြန် ပြည်မြို့အရောက် သူ့သားက အဆိပ်ကို သောက်ခိုင်းခဲ့လို့ နတ်ရွာစံခဲ့ရသူပါ။ ဒီတော့ ဒီဘုရင်လက်ထက်မှာ သင်္ကြန် စခဲ့တယ်လို့ ပြောခြင်းမှာ ယုတ္တိကင်းမဲ့တယ်လို့ ပြောချင်ပါတယ်။ နရသီဟပတေ့မင်းမတိုင်မီက ပုဂံခေတ်ဦးမှာတောင် သင်္ကြန်ယဉ်ကျေးမှု ရှိနေမှာ အသေအချာပါပဲ။

    ရခိုင်တို့ကတော့ သင်္ကြန်အစ မဟာမြတ်မုနိက လို့ ဆိုကြပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပဲ မြတ်စွာဘုရားက ရခိုင်ပြည်ကို ကြွရောက်ခဲ့ကြောင်းပါရှိပြီး မဟာမြတ်မုနိကို ရေသပ္ပါယ်ရာကနေ သင်္ကြန်ပွဲ စတင်ခဲ့ပါကြောင်း ရေးကြတယ်။ ထူးဆန်းပုံမှာ အဆိုပါဘုရားကြွရောက်လာပုံမှာ မွန်တို့နဲ့ထပ်တူ ရေးထားပါတယ်။ ဓညဝတီနဲ့ သုဓမ္မဝတီသာ ကွာပါတယ်။ ရခိုင်တို့က ဓညဝတီပြည်၊ မွန်တို့က သုဓမ္မဝတီလို့ ဆိုပါတယ်။

    မွန်တို့တိုင်းပြည်က အခါခါ ပျက်ခဲ့ရလို့ သမိုင်းအရင်းအမြစ်တွေ ပျောက်ကွယ်လုနီးနီးပါ။ ဒါပေမဲ့ အတာသင်္ကြန်ဆိုတဲ့ အမည်ကို ထောက်ပြီး သင်္ကြန်အစ မွန်တို့က ဖြစ်ကြောင်း ဘာသာဗေဒအရ ဆိုကြပါတယ်။ အတာရေလို့ ပြောတဲ့အတွက် "အတာ"ဆိုတာ မွန်စကားပဲ ဖြစ်ပါတယ်။ မြန်မာရဟန်းတော်အချိူ့က “အန္တာ” ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်ကြောင်း ကြံဆခြင်းမှာ မှားယွင်းပါတယ်။ ဖျာပုံကို ဖျာတွေ ပုံနေတဲ့ မြို့၊ ဒိုက်ဦးကို တိုက်ဦး၊ ဘန်ကောက်ကို ပန်းကောက်၊ ပုသိမ်ကို ပသီတွေးသလိုမျိုးပါ။ မမှန်ပါဘူး။

    နောက်ပြီး မဟာဗြဟ္မာကို ပူဇော်တဲ့အိုး၊ ဗိဿနိုးကို ပူဇော်တဲ့အိုး စတဲ့ အိုး(၅)လုံးကို မွန်တို့ဒေသမှာပဲ ပြုလုပ်ကြပါတယ်။ နောက်ပြီး သင်္ကြန်နဲ့ ပတ်သက်ပြီး သင်္ကြန်ဓလေ့ကို အကောင်းဆုံး ထိန်းသိမ်းနိုင်တဲ့လူမျိုးထဲမှာ မွန်တို့က ထိပ်ဆုံးမှာ ရှိနေပါတယ်။
    ၁။ မွန်တို့ရဲ့ အတာရေဟာ ကုန်ဆုံးစေခြင်း၊ ပယ်ဖျက်ပေးခြင်းအဓိပ္ပါယ်ရှိခြင်း၊
    ၂။ မွန်တို့ရဲ့ သင်္ကြန်ထမင်းဟာ အိန္ဒိယဟန် နွှယ်ခြင်း၊
    ၃။ ငရုတ်ကြီးကြော်ပုံမှာ အခုထိ အိန္ဒိယဟန်အတိုင်း ရှိနေသေးခြင်း၊
    ၄။ သိကြားမင်းနဲ့ ဗြဟ္မာ့ဦးခေါင်းကို ကလသာအိုး(အတာအိုး)နဲ့ အခုထိ ကြိုဆိုနေခြင်းကို
    ထောက်ပြပြီး မွန်တို့ဆီက စတင်ခဲ့ကြောင်း ဆိုကြပါတယ်။ ကမ္ဘောဒီယား၊ ထိုင်း၊ လာအိုမိတ်ဆွေများကို သင်္ကြန်အကြောင်း တီးခေါက်ကြည့်တော့ မွန်တို့အယူနဲ့ ပိုမိုနီးစပ်ပြီး မွန်တို့လောက် မပြည့်စုံတာကို တွေ့ရပါတယ်။

    ဒါပေမဲ့ သင်္ကြန်ကို ကျင်းပသူတိုင်းက –
    (၁) ဗြဟ္မာမင်းနဲ့ သိကြားမင်းတို့ (၈)ရက်နဲ့ (၇)ရက်အကြောင်း အငြင်းအခုံ ဖြစ်ပုံနဲ့ ဗြဟ္မာ့ဦးခေါင်းဖြစ်အင် ဂနေသျှ်ကဇာတ်လမ်းစဉ်ကို အတူတူ ယုံကြည်ကြတယ်။
    (၂) သင်္ကြန်ဆိုတဲ့ ဝေါဟာရဟာ သက္ကတစကားလုံးကနေ ဆင်းသက်လာပြီး ရာသီခွင်တစ်ခုကနေ အခြားတစ်ခုကို ကူးပြောင်းခြင်းဖြစ်ကြောင်း အတူတူ ယုံကြည်ကြတယ်။
    (၃) သင်္ကြန်အချိန်မှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာပြီး ကောင်းမှုကုသိုလ်ပြုသူများကို ရွှေပုရပိုက်နဲ့ မှတ်တမ်းပြုစုကာ မကောင်းမှုပြုသူများကို ခွေးသရေနဲ့ ရေးမှတ်သွားကြောင်းကိုလည်း အတူတူ ယုံကြည်ကြတယ်။
    (၄) သင်္ကြန်တွင်းမှာ ဆောင်ရန်ရှောင်ရန်များမှာလည်း မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီယားတို့မှာ လုံးဝနီးပါး ဆင်တူကြပါတယ်။

    အထူးသဖြင့် အိန္ဒိယနဲ့ အရှေ့တောင်အာရှဆက်ဆံရေးကို အလေးထားသင့်တယ်လို့ ယူဆပါတယ်။ အရှေ့တောင်အာရှမှာ အိန္ဒိယပြုမှုကို အများဆုံး ခံရတဲ့ လူမျိုးတစ်မျိုးကို အခြေခံစဉ်းစားရပါ့မယ်။ ဒီလိုစဉ်းစားလိုက်တာနဲ့ ခမာ(ကမ္ဘောဒီယား)လူမျိုးတို့ဟာ ဟိန္ဒူအယူဝါဒနဲ့ ပတ်သက်ပြီး အိန္ဒိယမှုအပြုခံရဆုံး ဖြစ်ပြီး ဗုဒ္ဓအယူဝါဒနဲ့ ပတ်သက်ပြီး မွန်တို့ဟာ အများဆုံးအပြုခံခဲ့ရပါတယ်။ အခြားအိန္ဒိယပြုမှုတွေ ခံကြရတဲ့ နိုင်ငံများဟာ ပျူမြို့ပြနိုင်ငံများနဲ့ အင်ဒိုနီးရှားရှိမြို့ပြနိုင်ငံများ ဖြစ်ကြပါတယ်။

    ဒီအုပ်စုတွေကို ခွဲကြည့်တဲ့အခါ ပျူလူမျိုးတစ်မျိုးကပဲ ကဒမ္ဗအက္ခရာကို ယူသုံးခဲ့ပြီး အခြားလူမျိုးများအားလုံးဟာ ပလ္လဝအက္ခရာကို ယူသုံးခဲ့ရပါတယ်။ မွန်၊ ခမာ၊ ဇဝါလူမျိုးများဟာ မိမိတို့စာပေ၊ ပါဠိစာပေ၊ သက္ကတစာပေတို့ကို ပလ္လဝအက္ခရာနဲ့ပဲ မှတ်တမ်းတင်ကြပါတယ်။ ပျူလူမျိုးတို့ကျတော့ သူတို့စာပေကို ကဒမ္ဗအက္ခရာနဲ့ ရေးကြပါတယ်။ ရခိုင်တို့ကျတော့ ဒေဝနာဂရီနဲ့ စတင်ခဲ့ပါတယ်။ ပလ္လဝနွှယ်တဲ့ အက္ခရာကိုကျတော့ နောက်ပိုင်းကျမှသာ တွေ့ရပါတယ်။ နောက်ပြီး ပျူစာပေမှာ သက္ကတလွှမ်းမိုးမှု အားနည်းပြီး မွန်၊ ရခိုင်၊ ခမာ၊ ဇဝါတို့မှာ သက္ကတသြဇာက ပါဠိထက် ပိုများပုံကိုလည်း လေ့လာနိုင်ပါတယ်။

    ဒါကြောင့် သင်္ကြန်ဆိုတဲ့ ဝေါဟာရဟာ ပုဂံက စတင်ခဲ့ဖွယ် မရှိဘဲ သက္ကတအားသန်တဲ့ ဒေသကနေ စတင်လာမှာ ဖြစ်သလို သင်္ကြန်ပွဲဟာလည်းပဲ ဒီကနေ စတင်ခဲ့ဖွယ် ရှိပါတယ်။ နောက်ပြီး မွန်နဲ့ ခမာလူမျိုးတွေရဲ့ အိန္ဒိယဒဏ္ဍာရီပုံပြင်များကလည်း ချွတ်စွပ်တူကြတယ်ဆိုတော့ သင်္ကြန်နဲ့သူတို့က ပိုနီးစပ်ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း အတာသင်္ကြန်ကာလမှာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတို့က ရောနှောနေကြခြင်း ဖြစ်ပါလိမ့်မယ်။

    သထုံ၊ လော့ဗူရီ၊ အန်ကောဝတ် စတဲ့ အရပ်တွေမှာ ရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို ကြည့်တော့လည်း ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတို့ အတူ ယှဉ်တွဲနေထိုင်ခဲ့ကြကြောင်း တွေ့ရှိနိုင်မှာ ဖြစ်တယ်။ နောက်ပြီး ထေရဝါဒနိုင်ငံများမှာပဲ သင်္ကြန်ကာလ တူညီနေကြခြင်းမှာလည်း သတိထားဖွယ်ပါ။ မဟာယာန အားသန်လွန်းတဲ့ တိဗက်၊ အင်ဒိုနီးရှား၊ ဗီယက်နာမ်တို့မှာ ဒါမျိုး သိပ်မတွေ့ရပါဘူး။ ထေရဝါဒ ထွန်းကားခဲ့ရာ သီရိလင်္ကာ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ဒီဓလေ့ကို အများဆုံးတွေ့ရတော့လည်း ထေရဝါဒဗုဒ္ဓသာသနာဟာ အများက ဝေဖန်သလို အမြင်ကျဉ်းတဲ့ ဗုဒ္ဓဘာသာတစ်ရပ် မဟုတ်ပါဘူး။

    အရင်တုန်းက လူသေလူဖြစ် ဦးဥက္ကဋ္ဌ၊ နောက် မိုးပြာဦးညာဏတို့က ထေရဝါဒဗုဒ္ဓဘာသာကို အများနဲ့ မရောနှောတဲ့ ဘာသာတရား၊ အတွေးအခေါ်တွေကို ချောင်ပိတ်ထားတဲ့ ဘာသာတရား၊ ဟိန္ဒူလွှမ်းမိုးမှုကို ခံရတဲ့ ဘာသာတရားတစ်ခုအဖြစ် သတ်မှတ်ချင်ကြပါတယ်။ အမှန်မှာ အဲ့လို မဟုတ်ပါဘူး။ အတာသင်္ကြန်ဆိုတာ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတို့ အတူယှဉ်တွဲနေထိုင်ခဲ့ကြကြောင်း သက်သေတစ်ခု ဖြစ်တယ်လို့သာ ဆိုချင်ပါတယ်။

    အလားတူကို ပြောရရင် အိန္ဒိယနိုင်ငံမှာ အရင်က ဟိန္ဒူတို့မှာ ဝေဒကျမ်းတွေပဲ ရှိခဲ့ပါတယ်။ ဥပနိသျှဒ်အပါအဝင် ဘယ်ကျမ်းမှာပဲ ကြည့်ကြည့်ပါ၊ အဘိဓမ္မာသဘောတရားကို တွေ့ရတာ မရှိပါဘူး။ သူတို့ရဲ့ သနန္တနတရားဟာ ဗုဒ္ဓအဘိဓမ္မာကို အများကြီး အခြေခံထားကြောင်း တွေ့ရမှာဖြစ်တယ်။ မြတ်ဗုဒ္ဓကို နဝမမြောက် ဗိဿနိုးဝင်စားသူအဖြစ် သတ်မှတ်ရတယ်ဆိုကတည်းက ဟိန္ဒူတို့အပေါ် မြတ်ဗုဒ္ဓအဘိဓမ္မာရဲ့ လွှမ်းမိုးပုံကို လေ့လာနိုင်ပါတယ်။

    ဒါကြောင့် အတာသင်္ကြန်ရောက်တိုင်းမှာ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းရသလို ဘာသာတရားအားလုံး အတူယှဉ်တွဲနေထိုင်ရေးပွဲတော်တစ်ခု ဖြစ်ကြောင်းကိုလည်း သတိချပ်စေချင်ပါတယ်။ ဒီစာကို ဒီမျှနဲ့ပဲ ရပ်လိုက်ပါမယ်။ မင်္ဂလာနှစ်သစ်လေး ဖြစ်ကြပါစေ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts