မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / အရိပ်မဲနောက်သို့

အရိပ်မဲနောက်သို့

ရေးသားသူ:

ညရင်ခွင်သည် တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည်။ ပုရစ်နှင့်ပုဇဉ်းရင်ကွဲသံမှလွဲ၍ ကျွန်တော့်၏ကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိသလိုပင်။ ကျွန်တော်မျက်ဝန်းအိမ်ပိတ်ကားချပ်ပေါ် အရောင်မျိုးစုံ ဥဒဟို သွားလားလှုပ်ရှားနေသည်။ ကျွန်တော် အဝေးသို့ လှမ်းကြည့်မိသည်။ မြင်ကွင်းများက ယောင်ဝါးဝါးနှင့် သဲကွဲမှုမရှိ။ ကျွန်တော့်တကိုယ်လုံး တိမ်ပေါ်ခိုစီးနေသကဲ့သို့ ခံစားနေရသည်။ စိတ်ဝိဉာဉ်အတွေးများက ဘာမှတိတိကျကျ ပြောပြ၍မရလောက်အောင် ရှုပ်ထွေးနေသည်။ ည၏ပရိယာယ်များလားဟု ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သုံးသပ်ကြည့်သော်လည်း အဖြေကအဆင်သင့်မရှိ။

မူးယစ်ဆေးဝါး(Internet)

အိပ်ခွင့်မရှိသည့် ညည့်နက်များလည်း မရေတွက်နိုင်အောင်များနေပါပြီ။ စိတ်ထွက်ပေါက်ပေးသည့်အနေဖြင့် စန္ဒာလမင်း၏အလှကို ငေးမောရင်း ညရင်ခွင်ထဲ စီးမျောနေမိသည်။ မိုးကောင်းကင်ထက် ကြယ်တံခွန်တွေ စီစီရီရီ ထွန်းတောက်နေသည်။ ဓူဝံကြယ်ကို ကျွန်တော်လိုက်ရှာနေမိသည်။ ယခုချိန်ထိ ဓူဝံကြယ်၏အရိပ်အယောင်မျှ ကျွန်တော်ရှာမတွေ့သေးပါ။ ညသည် ကျွန်တော့်အားမျက်လှည့်ပြနေပြီဟု သတိထားမိလိုက်သည်။ ကျွန်တော့်၏ အတွေးပုံရိပ်အိပ်မက်များသည် ညဉ့်နက်အလယ်တွင် ကျပျောက်နေသလိုပင်။

ကျွန်တော် အိမ်အပြင်ဘက် ပေတစ်ရာလမ်းပေါ်သို့ ထွက်ခဲ့သည်။ အမှောင်ရိပ်ကြီးစိုးမှုက ကျွန်တော့်၏စိတ်ကို ခြောက်လှန့်နေသည်။ လမ်းပျောက်နေသူတစ်ယောက်ပမာ ကျွန်တော်လမ်းစတစ်ခုကို လိုက်ရှာနေမိသည်။ မှတ်တိုင်များ တစ်ခုပြီးတစ်ခုဖြတ်သန်းရင်း မီးရောင်မှိန်ပျပျအောက် ပေါင်းကူးအုတ်ခုံတစ်ခုပေါ် ခေတ္တထိုင် အမောဖြေမိသည်။ ကျွန်တော့်တကိုယ်လုံး ဇောချွေးများရွှဲနစ်နေသည်။ ကြောင်တောင်ပြူးကျယ်နေသည့်မျက်လုံးက အိပ်စက်ဖို့ လုံးဝအားမပေးပါ။ ပူလိုက်၊အေးလိုက် မွန်းကြပ်မှုအရသာကို ကျွန်တော်ခံစားနေရသည်။ ချစ်ခြင်းမေတ္တာကို ငတ်မွတ်တမ်းတစွာ လိုက်ရှာနေမိသည်။

ကျွန်တော့်၏ မျက်လုံးနှစ်ဖက်တို့ နီရဲကျိန်းစပ်နေသည်။ အစာအိမ်မှ တဂွီးဂွီးနှင့်ညာသံပေးသော်လည်း အစားအသောက်စားချင်စိတ်မရှိ။ ဘေးနားတွင်ချထားသည့် ရေသန့်ဘူးမှရေကိုသာ ကျွန်တော်အငမ်းမရမော့သောက်နေမိသည်။ အရသာခံလျှာက ခြောက်သွေ့သောနှုတ်ခမ်းကို ခဏခဏပွတ်သပ်နေမိသည်။ ဆေးပေါ့လိပ်ကိုမီးညှိပြီး မီးခိုးတဆုံးရှိုက်သွင်းရင်း စဉ်းစားမိသည်။ အတိတ်မှ ကျွန်တော့်၏ရုပ်ပုံလွှာများက မျက်ဝန်းအိမ်ပေါ် တရိပ်ရိပ်ပြေးလွှားနေသည်။ ခေတ်ဟောင်း အဖြူအမဲရုပ်ရှင်ပြကွက်ပမာ တစ်ခန်းပြီးတစ်ခန်း ပြသခဲ့သည်။ “ကျွန်တော်ကျရှုံးနေလား။ ဒါမှမဟုတ်အောင်မြင်မှုတစ်ပွေ့တစ်ပိုက်နဲ့ ပျော်မြူနေလား”ဆိုတာ ယခုထိဦးနှောက်ကို (memory call) ပြန်ခေါ်လို့မရသေးပါ။ သေချာတာက ညရင်ခွင်ထဲ ကျွန်တော်စီးမျောနေဆဲပါ။

ဒီလိုနှင့် ဖျတ်ခနဲ တစ်ချိန်ကစွဲလန်းစွာချစ်ခဲ့မိသူ အချစ်ဦး၏မျက်နှာပေါ်လာပြီး ကျွန်တော့်အား လက်ညှိုးထိုးကာလှောင်ရယ်နေသည်။ သူမသည် တစ်ချိန်က ကျွန်တော့်ဘဝဖြစ်ခဲ့ဖူးသည်။ နှစ်ယောက်အတူတူ လေထဲမှာချစ်အိမ်ကလေးတည်ဆောက်ဖို့ ကြိုးစားခဲ့ဖူးသည်။ နားလည်မှုတည်ဆောက်နိုင်စွမ်းမရှိ၍ ကျွန်တော်၏အရှင်သခင်မလေးဟာ ရက်စက်စွာ ကျွန်တော့်အား ထားရစ်ခဲ့သည်။ ယခုအချိန်ထိ သူမကိုမုန်းမရ၊ စိတ်မနာနိုင်သေးပါ။ သို့သော် သေသည့်အထိ သူမကိုဆက်ချစ်နေဦးမှာလည်း ကျွန်တော်အာမမခံနိုင်။ သူမနှင့် ဝေးခဲ့ကြပြီးမဟုတ်လား။
ငယ်စဉ်တောင်ကျေးကလေးဘဝ မိသားစုကမ္ဘာဆီ ကျွန်တော့်စိတ်တွေ ပျံ့လွင့်သွားပြန်သည်။ မိသားစုစီးပွားရေး အဆင်မပြေသည့်အတွက် အဖေအရက်မူးပြီး ကြိမ်းမောင်းသံတွေ။ ကျွန်တော့်ကိုဖက်ပြီး ငိုယိုနေတဲ့ အမေ့ရဲ့ရှိုက်သံတွေ နားစည်းထဲလာရိုက်ခတ်နေဆဲ။ ယခုထိ မိသားစုကမ္ဘာလေး၏ ဇာတ်နာမှုသည် ပြဇာတ်တစ်ပုဒ်၏ နောက်ဆုံးပြကွက်ပမာ ကျွန်တော့်အားခြောက်လှန့်နေဆဲ။ အဖေမရှိတော့သည့်အိမ်ကိုစွန့်ခွာပြီး အမေနှင့်ကျွန်တော် တစ်နယ်တစ်ကျေးသို့ ပြောင်းရွေ့ခဲ့ရသည်။

‘မော်လမြိုင်တက္ကသိုလ်’ ဟူ၍ မုခ်ဝတစ်ခု ကျွန်တော့်၏မျက်ဝန်းအိမ်ထဲ ထင်ဟပ်ပေါ်လာပြန်သည်။ ကျောင်းသူ၊ကျောင်းသားများ၏ နေ့စဉ်နိစ္စဓူဝ ကျောင်းသွားကျောင်းပြန်မြင်ကွင်းများ။ အဆောင်နေ ကျောင်းသားဘဝပုံရိပ်များသည် ကျွန်တော့်ကို ဘဝရုပ်ရှင်ပြနေသလိုပင်။ လူငယ်ဘဝ အပေါင်းအဖော်ဟောင်းများ၏မျက်နှာ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ သူတို့ ကျွန်တော့်အား ဆွဲဆောင်ဆွဲခေါ်ရင်း ကျွန်တော်ပထမဦးဆုံးအမှားကို ကျူးလွန်ခဲ့မိသည်။ စိမ်းရွှင်ရွှင်ရနံ့နှင့် အသီးကိုစမ်းသုံးမိရင်း ကျွန်တော်သည် သူ့၏ဝဲဂယက်တွင် မျောပါရင်း စာမေးပွဲအကြိမ်ကြိမ် ကျခဲ့ရသည်။ အိမ်မှ အမေ့ဆီလည်း ပိုက်ဆံလိမ်တောင်းပေါင်းများခဲ့သည်။ သိလျှက်နှင့် ပိုးဖလံပမာ ကျွန်တော်မီးရှိရာကိုတိုးဝင်နေမိသည်။

သံချောင်းခေါက်သံ ၊ ဝစီသံများ ပတ်ဝန်းကျင်တစ်ခုလုံး ပွတ်လောက်ရိုက်လျှက်။ ပစ္စုပ္ပန်အသိကိုနှိုးရန် အားတင်းကာ မျက်လုံးဖွင့်ဖို့ကြိုးစားသော်လည်း လုံးဝဖွင့်လို့မရ။ ကျွန်တော့်ကိုယ်ပေါ်၌ ဆန်အိတ်ကြီးတစ်အိတ် တက်ဖိနေသည့်အလား။ အသိကို သတိနဲ့ယှဉ်ပြီး ထဖို့ကျွန်တော်ကြိုးစားကြည့်သည်။

ကျွန်တော်၏ လက်နှစ်ဖက်ပေါ်သို့ လက်ထိပ်တစ်ခု လာရောက်ခတ်နှိပ်သံလိုက်သည်။ “ဟေ့ကောင် ထ ထ” ကျွန်တော့်အား ကန်ကျောက်နှိုးနေသော်လည်း လုံးဝထမရ။ “ရဲဘော် ဒီကောင်ဆေးလွန်နေပြီ။ ဆေးရုံမြန်မြန်ပို့ဖို့ လူနာတင်ကားစီစဉ်ပါ” “ဟုတ်ကဲ့ ဆရာ” ဟူ၍ ရဲအရာရှိ၏ နောက်ဆုံးအသံသာကြားရပြီး ကျွန်တော့်၏ကမ္ဘာသည် မှောင်အတိဖြင့် ပြန်လည်ချုပ်ငြိမ်းသွားသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်သစ်ပါတီ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဝယ်ဇင်စခန်းတွင် ဆက်လက်ပြုလုပ်မည်

NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဒုတိယခြေလှမ်းအဖြစ် ရေးမြို့အရှေ့ဖက်ခြမ်းရှိ NMSP ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌ လာမည့်ဧပြီ ၂၆-၂၇ ရက်များတွင် နှစ်ရက်ကြာဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက Related

Leave a Reply

%d bloggers like this: