မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / အလင်းတံခါးပိတ်ချိန်

အလင်းတံခါးပိတ်ချိန်

ရေးသားသူ:

နံနက်ခင်းသစ်သည် ပစ်ပစ်နှစ်နှစ်ဆဲဆိုသံများဖြင့် နေ့သစ်ကန့်လန့်ကာကို စဖွင့်သည်။ အချိန်ကို စနစ်တကျအသုံးချ စည်းကမ်းတကျ နေတတ်ပါမှ ဤပတ်ဝန်းကျင်နဲ့ အသားကျလိမ့်မည်။ လူမျိုးစုံ၊ အလွှာစုံ၊ စရိုက်စုံဖြင့် မစည်ကားသင့်သည့်အရပ်မှာ စည်ကားနေခြင်းသည် အတိတ်ဘဝ၏ ၀ဋ်ကြွေး တစ်ခုမဟုတ်။ အမှားတစ်ခုနဲ့ ထိုက်တန်သည့် တန်ပြန်သက်ရောက်မှု ပြစ်ဒဏ်ကိုကျေပွန်အောင် ပေးဆပ်နေခြင်းဟု အတိုချုပ်ကောက် ချက်ချမိသည်။ ထိုက်တန်သည်ဖြစ်စေ၊ မတရား ပြုခံရသည်ဖြစ်စေ အမှောင်ညထဲ တိုးဝင် ရောက်ရှိခဲ့ပြီးဖြစ်သည်။

အလင်းတံခါးဖွင့်ချိန် ရောင်နီဦးသည် စိတ်မချမ်းမြေ့စရာ အမင်္ဂလာများဖြင့် ပြည့်နှက်နေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ တစ်စက္ကန့်တောင် မနေလိုသည့်နေရာ။ ထိုနေရာသည် လူ့လောက ငရဲစစ်စစ်ပင်မဟုတ်လား။ ‘မ တစ်ထောင်သားများ စုဝေးအုပ်ချုပ် နေရလို့ ငါတို့လည်း နှုတ်ကြမ်းနေတာပါ’ ဟု အုပ်ချုပ်သူထောင်ဝါဒါများက အကြောင်းပြချက် ပေးတတ်ကြသည်။ ဤသည် လုံလောက်သည့် ဖြေရှင်းချက်တော့ မဟုတ်ပါ။ အကြောင်းပြချက်ကောင်းရန် ဆင်ခြေတစ်ခုမျှသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တိရစ္ဆာန်သာသာ ရိုက်နှက်မှုမရှိ၊ လူကို လူလို့ မြင်လာသည့် အမြင်သစ် တိုးလာခြင်းသည် အပေါင်းလက္ခဏာဆောင်သည့် ဆင့်ကဲ့ပြောင်းလဲမှုဖြစ်စဉ်ဟု မြင်မိသည်။ ထိုသို့ပြောင်းလဲလာမှုကို ကျွန်တော်တို့ ၀မ်းသာစွာဖြင့် လက်ကမ်းကြိုဆိုပါသည်။

အထက်အောက် အပြာရောင် တူညီဝတ်စုံများဖြင့် အလှည့်ကျ တန်းစီပုံစံထိုင်နေကြသည့် မြင်ကွင်းသည် ကျွန်တော့်အတွက်ဘယ်တော့မှ မရိုးနိုင်သည့် နိစ္စဓူဝ မြင်ကွင်းဖြစ်သည်။ ညှိုးငယ်သည့် မျက်နှာ၊ နွမ်းလျသည့် ဟန်ပန်နှင့် အိမ်မပြန်နိုင်သူတွေရဲ့ စက်ရုပ် လူသားဆန်ဆန် ဖြတ်သန်းခြင်းအပေါ်လည်း ကရုဏာ သက်မိသည်။ အိမ်လွမ်းဝေဒနာကို အိပ်ဆေးသောက် ဖြေဖျောက်နေသူများပင် မဟုတ်လား။ တချို့သော စုန်းပြူးများသည် နောင်တတရား လက်ကိုင်ထားခြင်းမရှိ၊ အမှောင်ညကို ပိုကြိုက်သည်။ မိုက်တွင်း နက်သထက် နက်၊ ၀င်လိုက် ထွက်လိုက် အကျဉ်းထောင်နှင့် အပြင်လောက အိမ်ဦးနှင့်ကြမ်းပြင်ပမာ မှတ်ယူနေကြသည်။ အသိတရားခေါင်းပါးပြီး သူတစ်ပါး ချွေးနည်းစာပစ္စည်းကို အလကားလိုချင်နေသည့် အချောင်သမားများဖြစ်သည်။ ထိုသူများ၏ ပလီပလာ လီဆယ်ဟန်လုပ်နေသည့် မြင်ကွင်းကိုမြင်မိသောအခါ ပို၍ ရွံမုန်း သံဝေဂရမိသည်။

တဒင်္ဂဒေါသစိတ်ကို မထိန်းနိုင်၍ ပေးဆပ်ရသည့် လောကငရဲ။ မူးယစ်သားကောင်ဘဝဖြင့် လမ်းဆုံးအပယ်ခံဘဝရောက်သွားသည့် လူငယ်တစ်ဦး၏ ယိုင်နဲ့ပျောက်ဆုံးသွားသည့် ပန်းတိုင်။ အချောင်စိတ်ဖြင့် မတော် လောဘ ငယ်ထိပ်ရောက်နေသူတစ်ယောက်၏ ခြောက်ခြားဖွယ်ညတစ်ည။ ရမ္မက်မှော်ရုံတောကို တိုးဝင်မိသည့် လူမဆန်သူတစ်ယောက်၏ ရက်စက်ယုတ်မာမှု။ သာသနာကို ခုတုံးလုပ် စီးပွားရှာသူတစ်ယောက်၏ ဘဝ မကူးသည့် တန်ပြန်ဝဋ်ကြွေး ။ တန်းစီရပ်နေသူများ၏ မျက်နှာပေါ်က စိတ်ခံစားချက်မျက် ၀န်းမျိုးစုံကို ဖတ်နေမိသည်။ အားလုံးခြုံငုံကြည့်လိုက်လျှင် သူတို့သည် မေတ္တာတရားကို ငတ်မွတ် တမ်းတနေသူများဖြစ်သည်။

တစ်နေ့တာ အလုပ်လုပ်ဖို့ရန်နှင့် သတ်မှတ်ထားသည့် တာဝန်များ လစ်ဟင်းမှုမရှိစေရန် အားအင်ပြည့်ဝဖို့ လိုအပ်သည်။ ‘မျက်နှာသစ်၊ ပုံစံထိုး’ လုပ်ငန်းခွင်အတွက် အသုံးတော်ခံရန် အသင့်အနေအထား ပြင်ထားရသည်။ ‘သံချောင်းခေါက်သံ၊ သတင်းပို့သံ၊ သံခြေချင်း သံ’များနှင့်အတူ ရောင်နီအလင်းတံခါးကို ဖွင့်လှစ်သည်။ ‘အချစ်ထောင်—-သံယောဇဉ်နဲ့ တည်းနှောင်ထားတဲ့ အကျဉ်းဆောင်’ စိုင်းထီးဆိုင်ရဲ့ ‘အချစ်ထောင်’ တေးအပိုင်းအစကဲ့သို့ ဘဝခံစားချက်ကို လွတ်လပ်စွာ ခံစားခွင့်ရနေသူများ မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အပြင်လောကနှင့် အဆက်ဖြတ်ခြင်းခံနေရသူများ (သို့မဟုတ်) အကျဉ်းကျနေသူများဖြစ်သည်။

အပေးအယူဆန်သည့် ပေးဆပ်မှုပြစ်ဒဏ်ကို အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပေးဆပ်နေရသည်။ ‘ပြစ်မှုကြွေးကို ချွေး ဖြင့်ဆပ်’ ဆိုသည့် ကိုလိုနီစရိုက်ဆောင်ပုဒ်လို တိရစ္ဆာန်သာသာ ရိုက်နှက်စေခိုင်းခြင်းတွေ လျော့ပါးလာသည်။ အလင်းတံခါးဖွင့်ချိန်နှင့် ပိတ်ချိန်ကြား အလုပ်ပင်ပန်းမှုဒဏ်တော့ ရှိသည်။ ဒါဟာ လောကဓံကြိုးဝိုင်း အမှောင်ကမ္ဘာထဲ ခံနိုင်ရည်ကို စမ်းသပ်နေခြင်းပင် ဖြစ်သည်။ သွေး၊ ချွေး၊ မျက်နှာအောက်ကျသည့် ဘဝနွမ်းနွမ်းဖြင့် တန်ပြန်ပေးဆပ်မှုတွေ ပေးဆပ်နေရသည့်ဘဝများဖြစ်သည်။ ‘လွတ်လပ်မှုနဲ့ မွန်းကျပ်မှုကြား’ ‘အမှောင်နှင့် အလင်း’ ဆန့်ကျင်ဘက် ပိုင်းခြားထားသည့် အလွှာခြား တစ်ခုပင်ဖြစ်သည်။

အခြေခံသဘော တရားအရ လောကငရဲသည် လူသားတစ်ဦး ပုံမှန်ရရှိနေသည့် အခွင့်အရေးများကို ပိတ်ပင်တားဆီးလိုက်ခြင်းပင် ဖြစ်သည်။ ပုံစံထမင်း၊ ပဲဟင်းနှင့် တစ်ပတ်အတွင်း နှစ်ရက်စားသောက်ရသော အသားဟင်းသည် လောကငရဲ၏ ပြက္ခဒိန်ဖြစ်သည်။ လှောင်အိမ်ထဲ ပိတ်လှောင်ခံရသည့် လူတစ်ယောက်ရဲ့ အနိမ့်ဆုံး အခြေခံအခွင့်အရေးများပင်ဖြစ်သည်။ ခေတ်ရေစီးပြောင်းလဲမှုကြောင့် ထင်သည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုံလောက်သည့် ဆေးဝါးကုသခွင့် ရလာသည်။ ရေကိုလည်း ၀လင်စွာ ချိုးခွင့်ရသည်။ဧည့်တွေ့ ညအိပ်ခွင့်လည်း သတ်မှတ်ထားသည့် ရက်အတိုင်း သုံးရက်အပြည့်လွတ်လပ်စွာတွေ့ခွင့်ရသည်။
ကိုယ်ချင်းစာတရား လက်ကိုင်ထားသည့် အုပ်ချုပ်သူ ထောင်ပိုင်များနှင့်ဆုံလျှင် နေရေးထိုင်ရေးအစ ပို၍ အဆင်ပြေ ချောမွေ့သည်။

အကျဉ်းစံများသည် ကျပ်တည်းမွန်းကျပ်မှုဖြင့် စိတ်ဒဏ်ရာရနေသူများပင်ဖြစ်သည်။ အိမ်လွမ်းသည့် ဝေဒနာအထီးကျန်ဆန်မှုကို ပို၍ခံစားရသည်။ မိသားစုဘဝကို ပိုမိုမက်မော တမ်းတလာသည်။ အပြင်လောကမှ လေကို တဝရှူရှိုက်ချင်သည်။ ဖိအားအောက် လှောင်ပိတ်ခံနေသူ၏ ဆွဲထုတ်ဖော်ပြခွင့်မရှိသော တစ်ကိုယ်ရည်လွမ်းဆွတ်မှုတွေပေါ့။ လူကို လူလို မြင်သူနှင့် လူကို လူလို့မမြင်နိုင်သည့် သူများကြား ရှင်သန်နေရသည့် လှောင်အိမ်ထဲက ငှက်များအတွက် လွတ်လပ်ခြင်းအရသာကို ပိုမိုငတ်မွတ်နေရဦးမည်ဖြစ်သည်။

‘လူကို လူချင်း အုပ်ချုပ်နေတာ’ အဆိုးမြင် ဝါဒနှင့် လူကို လူလို မမြင်နိုင်သည့် ကိုလိုနီစရိုက်များသည် ဟောင်းနွမ်းနေသည့် သင်ရိုးညွှန်းတမ်းများဖြစ်သည်။ ရာစုနှစ်တွေလည်း ပြောင်းခဲ့ပါပြီ။ ရိုက်နှက်စေခိုင်းမှုအတွက် ပေးဆပ်မှု အရင်းအနှီးကြီးသည်။ အခန့်မသင့်လျှင် မိသားစုအသိုက်အမြံု ပြိုကွဲပျက်စီးသွားနိုင်သည်။ ထမင်းအိုးကွဲမည်စိုး၍ စိတ်လျှော့လိုက်ဟန် ရှိသည်။ သို့သော် ‘ဆရာ၊ တပည့်’ ဆိုတဲ့ အထက်အောက် အသိုက်အဝန်းတစ်ခုကို ဖန်တီးရင်း အရိုးစွဲဝါဒကို အရေခွံလဲလှယ် အစားထိုးနေခြင်းလည်း ဖြစ်နိုင်သည်။ ဒါတောင် တချို့ ဝါဒါများက ကိုလိုနီအကျင့်စရိုက်ဟောင်းနဲ့ ပညာပြချင်နေဆဲ။

အခြားနိုင်ငံတစ်ခုမှ အကျဉ်းထောင်တစ်နေရာ(Internet)

အသက် ၆၀ ကျော် အကျဉ်းစံတစ်ယောက်သည် ရီဝေသောမျက်ဝန်းဖြင့် ကျွန်တော့်ကို ကြည့်ရင်း ရင်ဖွင့်ပြနေသည်။ “ဆရာရယ် ဒီတစ်လော ကျန်းမာရေးသိပ်မကောင်းဘူး။ ညဘက်လည်း အိပ်မပျော်ဘူး။ ကျန်းမာရေးပိုပြီး ချူချာလာသလို ခံစားရသည်။ ဒီတောင်ကို ကျွန်တော် မကျော်နိုင်တော့ဘူး ထင်ပါရဲ့” ဆွေးမြည့်စွာဖြင့် နာကျင်စွာဆိုသည်။ “ခင်ဗျား ဘယ်နှနှစ်ကျလဲ။ ဟာ နေသားတောင် အတော်ရနေပြီးပဲ။ အားတင်းထားစမ်းပါဗျာ။ ခင်ဗျားအိမ်က မိသားစုက ခင်ဗျားပြန်အလာကို မျှော်နေတာပါ။ ဒီနေ့ အလုပ်ခွင်ထဲ မလိုက်နဲ့။ ဆေးနားနေခဲ့။ ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ်။ ဒီဆေးတွေ ပုံမှန်သောက်နော်။ စိတ်ဆင်းရဲစရာတွေ မတွေးနဲ့။ မသက်သာရင် အပြင်ဆေးခန်းပြပေးပါ့မယ်” လို့ နှစ်သိမ့်အားပေးလိုက်သည်။ ဆေးနားခွင့်ရ၍ ပျော်ရွှင်စွာထွက်သွားသည့် အဘိုးအိုကျောပြင်ကို အကျဉ်းထောင် ဆေးပေးခန်းမှ ကျွန်တော် ငေးမောနေမိသည်။ အဘိုးအိုအတွက် ခေတ္တမျှ စိတ်ထွက်ပေါက်၊ ပျော်ရွှင်မှု စိတ်ခွန်အားတော့ ရသွားလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိသည်။

မိမိတို့မိသားစုဝင်ထဲ အကျဉ်းကျနေသူ တစ်ယောက်ရှိပြီဆိုလျှင် မိသားစုတစ်ခုလုံး ဒုက္ခရောက်ရသည်။ အကျဉ်းကျနေသူက အိမ်ဦးနတ်ဖြစ်ခဲ့လျှင် ဆိုဖွယ်ရာမရှိတော့။ မိသားစု ဘဝအခြေ ခိုင်စွာဆက်လက်ရပ်တည်ဖို့ ပင်ပန်းကြီးစွာ ရုန်းကန်ရသည်။ အကျဉ်းကျသူ မိသားစု ၀င်အဆင်ပြေပြေနေနိုင်ရန် ၀န်ထမ်းများကိုလည်း အဆင်ပြေစွာ ပေါင်းသင်းဆက်ဆံထားရသည်။ “သူ့ကို ခဏ ခဏ လာတွေ့ဖို့ မလွယ်ဘူးလေ။ လာရတဲ့ ခရီးကလည်း နီးမှမနီးတာ။ တိုလီမိုလီကအစ ကြာရှည်စွာ စားသောက်နိုင်ရန်အတွက် အကြော်အလှော်များအဆုံး ပုံမှန်ပြုလုပ်ပေးရသည်။ တချို့ အဝေး အရပ်ဒေသက မိသားစုဝင်များဆို တစ်နှစ် တစ်ခေါက်ပင် ဧည့်တွေ့လာဖို့ပင် အဆင်မပြေ။ အကျဉ်းကျသူအတွက်သာမက အခြားအပြင်က မိသားစုဝမ်းရေးလည်း ရှိနေသည် မဟုတ်လား” အကျဉ်းကျသူ မိသားစုဝင်တစ်ယောက်ရဲ့ မျက်ရည်စမ်းစမ်းနဲ့ ရင်ခွင်တံခါးဖွင့်ဟမှုကို နာကျင်စွာ ကျွန်တော်နားဆင်ခဲ့ဖူးသည်။ ကရုဏာသက်မှုဖြင့် တတ်နိုင်သလောက် အားပေးကူညီခဲ့သည်။

အလင်းတံခါးဖွင့်ချိန်နှင့် ပိတ်ချိန်ကြား ကျွန်တော် ဖြတ်သန်းခဲ့သည့်နေ့ရက်များသည် သက္ကရာဇ်သုံးခုတိုင်အောင် စီးဆင်းခဲ့ပြီးဖြစ်သည်။ မတူညီသော ဆင့်ကဲပြောင်းလဲမှုကြား ခံယူချက်နှင့် ကိုယ်ချင်းစာတရားများ ကျွန်တော့်ကိုယ်ထဲပို၍ ကိန်းအောင်းနေရာ ယူလာသည်။ လှောင်အိမ်ထဲက ငှက်တစ်ကောင်၏ ရင်နာစွာ ဖွင့်ဟဝန်ခံချက်ကို အချိန်ပေးပြီး ကျွန်တော် စီးမျောပေးဖူးသည်။ ကျွန်တော်၏ စိတ်ဝိညာည်သည်လည်း ပူလိုက်အေးလိုက်နှင့် မွန်းကျပ်မှုအရသာကို ပို၍ ခံစားလာမိသည်။ လေးလံထိုင်းမှိုင်းလာသည့် စိတ်ကို ထွက်ပေါက်ပေးဖို့ရန် ဒိုင်ယာရီစာ အုပ်ဟောင်းလေးထဲ ရေးခြစ်မိတဲ့ ကဗျာတစ်ပုဒ်ကို တိုးတိုးလေး ရွတ်ဆိုဖွင့်ထုတ်လိုက်သည်။

အလင်းတံခါးပိတ်ချိန်
မိုးသောက်တာနဲ့
သတင်းပို့သံက အချိန်မှန်
တစ်နေ့တာ အလုပ်လုပ်ဖို့
အားအင်ပြည့်ဝဖို့လိုအပ်။
ရေချိုး ပုံစံထိုး တန်းစီ
ခြေချင်းသံ တချွင်ချွင်
ကျန်းမာရေး သိပ်မကောင်းဘူး ဆရာ
ဒီတောင်ကို မကျော်တော့ဘူးထင်ရဲ့
ဒီနေ့ ခင်ဗျားဆေးနားနေခဲ့
ကျွန်တော် တတ်နိုင်သမျှ လုပ်ပေးမယ်။
နေသားတောင် အတော်ရ
လွတ်ပေါက် သိပ်မကျန်တော့ဘူးမဟုတ်လား
အားတင်းထားပါ
ခင်ဗျား အိမ်က မိသားစု
ခင်ဗျား ပြန်အလာကို စောင့်မျှော်နေ။
ရင်ဘတ်မှာ ပွေ့ပိုက်မိတာ
လက်တွေ့သင်ခန်းစာကြမ်းကြမ်း
မျက်နှာအောက်ချရတဲ့ ဘဝနွမ်းနွမ်း
လေဆန်လမ်းပေါ်
ဖိအိပ်မိတဲ့ လက်က ထုံကျဉ်ကျဉ်။
မနက်ဖြန်အတွက် အားသစ်မွေးဖို့
ပုံစံထမင်း ပဲဟင်း ငါးခြောက်ဟင်း
တစ်နေဝင်ပြီ အချိန်မှန်ရောက်လာ
‘ဒေါင်—–ဒေါင်—-ဒေါင်—–‘
စက္ခုအာရုံအလင်းတံခါးမှိတ်
တန်းပိတ်ပြန်ပေါ့။။

သက်ပြင်းကို ခပ်ပြင်းပြင်းမှုတ်ထုတ်ပြီး အကျဉ်းထောင်ဆေးပေးခန်းမှ လေးပင်တဲ့ ခြေလှမ်းနှင့် ကျွန်တော် ထွက်ခဲ့သည်။ ထောင်ဝါဒါတစ်ယောက်ရဲ့ ‘တန်းပိတ်မယ်ဟေ့’ လို့ ထောင်ပိတ် သတိပေးသံကို ကြားရသည်။ မကြာခင်မှာပင် သတင်းပို့သံများအိပ်ဆောင် အသီးသီးမှ ထွက်ပေါ်လာသည်။ သူရိန်နေမင်းက အနောက်ဘက်ဂေါ်ယာကျွန်းသို့ တဖြည်းဖြည်း စိုက်ဝင်၍ မကြာခင်နေဝင်တော့မည်။ ‘ဒေါင်—-ဒေါင်—-ဒေါင်’ နှင့် လှောင်အိမ်ထဲက ငှက်တွေရဲ့ စက္ခုအာရုံမှိတ် အလင်းတံခါး ပိတ်ချိန်ရောက်ပြန်ပေါ့။
ကျေးဇူတင်ပါတယ်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်သစ်ပါတီ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဝယ်ဇင်စခန်းတွင် ဆက်လက်ပြုလုပ်မည်

NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဒုတိယခြေလှမ်းအဖြစ် ရေးမြို့အရှေ့ဖက်ခြမ်းရှိ NMSP ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌ လာမည့်ဧပြီ ၂၆-၂၇ ရက်များတွင် နှစ်ရက်ကြာဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက Related

Leave a Reply

%d bloggers like this: