spot_img
Friday, April 19, 2024
More
    spot_img
    Homeဆောင်းပါးဦးနာအောက် ဘုရားဆီသို့အလည်တစ်ခေါက်

    ဦးနာအောက် ဘုရားဆီသို့အလည်တစ်ခေါက်

    -

    မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာကပင်အသိအမှတ်ပြုခံရသည့် မွန်လူမျိုးများတွင် ဦးနာအောက်လည်း တစ်ဦးအပါဝင်ဖြစ်သည်။ လူအများအသိအမှတ်ပြု ချီးကျူးခံရသည့်ကိစ္စမှာ လွယ်ကူလှသည်မဟုတ်။ သူ၏လုပ်ဆောင်ချက်၊ ခံယူချက်၊ သဒ္ဓါတရားထက်သန်စွာဆောက်လုပ်လှူဒါန်းခဲ့သော ဘုရား၊ ဝတ်၊ ကျောင်း၊ တန်ဆောင်းများသာမက မြန်မာပြည်၏ ပထမဦးဆုံးမီးသင်္ဘောပိုင်ရှင်သူဌေး ဖြစ်ခဲ့သောကြောင့်ဟု ဆိုရပါမည်။

    ကိုလိုနီခေတ်အရင်းရှင် စီးပွားရေးတိုက်ပွဲတွင် ဗြိတိသျှဧရာဝတီမီးသင်္ဘောကုမ္ပဏီနှင့်အပြိုင် ဦးနာအောက်သည် မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးဘက်မှ ရပ်တည်ခဲ့သည်။ တိုင်းရင်းသားပြည်သူများအတွက် သင်္ဘောလိုက်ပါစီးနင်းခွင့်ကို ဗြိတိသျှကုမ္ပဏီထက် စရိတ်စကသက်သာအောင် ပြုလုပ်ခဲ့ပါသည်။ ထိုစဉ်က တိုင်းရင်းသားပြည်သူတို့သည် ဦးနာအောက်၏ မြန်မာပြည်အပေါ်ထားရှိသော မျိုးချစ်စိတ်ဓါတ်၊စေတနာကို အသိအမှတ်ပြုခဲ့ကြသည်။

    မဟာဝိဇယသိမ်တော်ကြီး(Thiri Hanthar)

    ထိုသို့များစွာဆောက်လုပ်လှူဒါန်းခဲ့မှုကြောင့် ကိုလိုနီခေတ်တွင် မွန်သူဌေးကြီးဦးနာအောက် လူမျိုးခြားများကြားတွင် နာမည်ကျော်လှသည်။ ဦးနာအောက်လှူဒါန်းခဲ့သောဘုရား၊ ကျောင်း၊ ဝတ်၊ တန်ဆောင်းများသည် ယနေ့အချိန်တွင် သမိုင်းအမွေအနှစ်သယံဇာတအဖြစ် ကျန်ရှိနေပြီဖြစ်သည်။ သမိုင်းဝင်အမွေအနှစ်သယံဇာတများဖြင့် ပြည့်နှက်နေသောကြောင့် “ကတိုးရွာ” သည်လည်း လူသိများခဲ့ပါသည်။ ဦးနာအောက်ဆောက်လုပ်လှူဒါန်းခဲ့သော သမိုင်းအမွေအနှစ်များကို မြန်မာပြည်သူများခံစားနိုင်ရန်အတွက် ကတိုး-ကော့နှတ်ရွာသို့ လာရောက်လည်ပတ်နိုင်ရန် လမ်းညွှန်လိုက်ရပါသည်။

    ကတိုးရွာသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ကော့နှတ်ကျေးရွာအုပ်စုတွင် ပါဝင်သောမွန်ရွာကြီးတရွာ ဖြစ်သည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့သွားရာ မွန်-ကရင်နယ်စပ် လမ်းပေါ်တွင် တည်ရှိသည်။ မော်လမြိုင်မြို့မှ လာခဲ့လျှင်(၁၁)မိုင်ခန့် ဝေးပြီးဘားအံမြို့မှလာလျှင်(၂၂)မိုင်ခန့် ဝေးကွာသည်။ မော်လမြိုင်-ဘားအံအဝေးပြေး ကားလမ်းမှတဆင့် အတ္တရံနှင့်ဂျိုင်း(ဇာသပြင်) ကြိုးတံတားနှစ်ခုကိုဖြတ်သန်းပြီး (၉)မိုင်ခန့်တွင် ဇာသပြင်ရွာကို ဦးစွာရောက်ရှိပါမည်။

    ဇာသပြင်ရွာတဖက်ကမ်းဂျိုင်း(ဇာသပြင်) တံတားကိုမဖြတ်မီ လမ်းခရီးတလျှောက်တွင် ထန်းပင်တန်းများ၊ သစ်ရိပ်ဝါးရိပ်တန်းကြီးများဖြင့် ဖုံးလွှမ်းနေသော ခရုံရွာကို ဦးစွာရောက်ရှိမည်ဖြစ်သည်။ ခရုံရွာ၌ရှိသော သမိုင်းဝင်ခရုံဂူကိုလည်း ဝင်ရောက်လည်ပတ်နိုင်သည်။ ခရုံဂူသည်သဘာဝလှိုဏ်ဂူတစ်ဂူပင်ဖြစ်သည်။

    ဇာသပြင်ရွာ၏လမ်းခွလမ်းခွဲတွင် လမ်းညွှန်ဆိုင်းဘုတ်က အိန္ဒုရွာသို့(၁၅)မိုင်၊ ဘားအံသို့(၂၄)မိုင်ဟူ၍ လမ်းညွှန်ထားပါသည်။ ဘားအံလမ်းသွယ်ဘက် အဝေးပြေးလမ်းမကြီးမှ(၂)မိုင်ခန့် ခရီးဆက်လျှင် ကတိုးရွာနှင့်ကော့နှတ်ရွာအဝင်လမ်း၊ လမ်းညွှန်ဆိုင်းဘုတ်နှင့် ဦးနာအောက်ဘုရားသို့ဟူ၍ အုတ်ချပ်အင်္ဂတေဖြင့်ပြုလုပ်ထားသော မြေစိုက်ဆိုင်းဘုတ်ကို တွေ့မြင်ရပါမည်။ ရွာဝင်လမ်းဝမှတဆင့်(၄)မိုင်ကျော်ခန့် ဝင်လာခဲ့လျှင် ကတိုးရွာနှင့် ကော့နှတ်ရွာအစွန်းနှစ်ခုဆုံရာတွင် တည်ရှိသောဦးနာအောက်ဘုရားဝင်းကို တွေ့မြင်ရမည်ဖြစ်သည်။

    သာသနိကအဆောက်အဦးတစ်ခု(Facebook)

    ကိုလိုနီခေတ်တွင် မော်တော်ကားလမ်းသွားလာရေးခက်ခဲသဖြင့် စက်လှေ၊ ပဲ့ချိတ်၊ စက်တပ်ယာဉ်များဖြင့် ရေလမ်းခရီးကိုအဓိကထားခဲ့ရသည်။ ဦးနာအောက်၏ စီးပွားရေးစျေးကွက် မွန်ဒေသကိုလွှမ်းမိုးသည့်ကာလများတွင် ကတိုးရွာမှာ လှေဆိပ်ကြီးအဖြစ်ရှိခဲ့သည်။ မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်လှေဆိပ်မှတဆင့် သံလွင်မြစ်ကြောင်းအတိုင်း မြောက်ဘက်ယွန်းယွန်းသို့(၃)မိုင်ခန့် ဆန်တက်ခဲ့လျှင် ကတိုးရွာလှေဆိပ်သို့ရောက်ရှိပါမည်။ ရှေးယခင် သံလွင်မြစ်အထက်ပိုင်းဒေသ ရှမ်းပြည်နယ်သစ်တောကြိုးဝိုင်းမှ သစ်များကိုကတိုးလှေဆိပ်ရောက်သည့်အထိ မျှောချရာတွင် ရေလမ်းခရီးက အလွန်အသုံးဝင်ခဲ့သည်။ ယနေ့ကာလတွင် တစ်နေရာမှတစ်နေရာသို့ ကားဖြင့်အလွယ်တကူသွားလာနိုင်သောကြောင့် ရေလမ်းခရီးကို အသုံးမပြုတော့ပါ။ ကမ္ဘာလှည့်ခရီးသည်များနှင့် တံငါသည်အနည်းအကျဉ်းမျှသာ စက်လှေများကို ဆက်လက်အသုံးပြုနေကြသည်။

    ရွာအဝင်လမ်းဝမှတဆင့်(၄)မိုင်ကျော်ခန့် ဝင်လာလျှင် ကတိုးရွာနှင့် ကော့နှတ်ရွာအစွန်နှစ်ခုကြားတွင် ဦးနာအောက်ဘုရားကို ခန့်ညားထည်ဝါစွာဖူးမြင်နိုင်ပါသည်။ အဝင်မုခ်ဝတစ်ဖက်တစ်ချက်တွင် ဦးနာအောက်၏ တူတော်စပ်သူဦးကွန်း၏ ကောင်းမှုအလှူရှေးဟောင်းလက်ရာဇရပ်ကြီးနှစ်ဆောင်ကို ဦးစွာမြင်ရမည်ဖြစ်သည်။ ထိုဇရပ်နှစ်ဆောင်သည် ယခုအခါတွင် သီလရှင်များသီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အဖြစ် ဆက်လက်အသုံးပြုနေသည်။

    မုခ်ဝတံခါးမှဝင်ခဲ့လျှင်ဘုရား၊ ဝတ်၊ ကျောင်း၊ တန်ဆောင်းပြသာဒ်များ ဝင်းတခုလုံးပြည့်နှက်နေပြီး အလယ်တွင်ဆုတောင်းပြည့်စေတီတစ်ဆူ သပ္ပါယ်စွာတွေ့မြင်နိုင်သည်။ ယာဘက်ပိုင်းတွင် ဦးနာအောက်ပုံတူရုပ်ထုနှင့် မဟာဝိဇယသိမ်တော် တည်ရှိသည်။ ဝဲဘက်ပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်း၊ ဒီပင်္ကာရဝတ်တန်ဆောင်းတို့ကို တွေ့မြင်နိုင်သည်။ ဝတ်၊ တန်ဆောင်း၊ သိမ်တော်ကြီးများအလယ်တွင် အလှူရှင်ဒါယကာမွန်သူဌေးကြီး ‘ဦးနာအောက်’နှင့်ဇနီး ‘မိဗျူ’ ကောင်းမှုဆုတောင်းပြည့်စေတီကို ဖူးမြော်နိုင်ပါသည်။ မြောက်ဘက်တွင် ဆင်စွယ်ဝတ်ကျောင်းနှင့် ကော့နှတ်ရွာသူဌေး ‘နိုင်ထောအာ’ လှူဒါန်းခဲ့သော ကော့နှတ်တိုက်ကျောင်းတို့ကိုလည်း တွေ့မြင်နိုင်ပါသည်။

    ဝတ်တန်ဆောင်းများ၏အတွင်းဘက်နံရံတွင် ရှေးဟောင်းပန်းပုလက်ရာများ ထွင်းထုထားသည်မှာ လက်ရာမြောက်စွာဖြင့် အ့ံဖွယ်တွေ့မြင်တွေ့နိုင်သည်။ ထွင်းထုထားသောအရုပ်များမှာ ဘုရားဖြစ်စဉ်သမိုင်းနှင့် သက်ဆိုင်သောဗုဒ္ဓဝင် ဇာတ်နိပါတ်များဖြစ်ကြသည်။ ဒီပင်္ကာရဝတ်တန်ဆောင်းအတွင်း ဘုရားဝတ်ပြုရာနေရာတစ်ခုရှိသည်။ ထိုဝတ်တန်ဆောင်းအတွင်းပိုင်းတွင် တည်ထားသောဘုရားများမှာ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကပစ္စက္ခအရှင်သူမြတ်များကို တရားဟောနေပုံ ရုပ်ပွားတော်များကိုလည် ဖူးမြော်နိုင်ပါသည်။ ဝတ်တန်ဆောင်းများ၏ အတွင်းအပြင်နံရံများတွင် ကျောက်မျက်အရောင်အသွေး စုံလင်စွာ ပြိုးပြိုးပျက်ပျက်အရောင်များဖြင့် ဝတ်တန်ဆောင်းကို တန်ဆာဆင်ထားပါသည်။

    ဆက်လက်ပြီးကော့နှတ်ရွာတွင် ဦးနာအောက်ဆောက်လုပ်လှူဒါန်းခဲ့သော သာသနိကအဆောက်အဦးများကို အလည်လာသူများဗဟုသုတအဖြစ် သိရှိနိုင်ရန် ထပ်မံစုစည်းတင်ပြလိုပါသည်။ ကော့နှတ်ရွာတွင် ဦးနာအောက်ဆောက်လုပ်လှူဒါန်းခဲ့သော သာသနိကအဆောက်အဦးများမှာ (၁)ကော့နှတ်ရွာစာသင်တိုက်၊ ဆွမ်းစားဆောင်နှင့်တန်ဆောင်း (၂)နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်း (၃)ဒီပင်္ကာရဝတ်တန်ဆောင်း (၄)မဟာဝိဇယသိမ်တော်ကြီး (၅)ဆုတောင်ပြည့်ဝတ်တန်ဆောင်း (၆)အတုမရှိကျောင်း၊ ယက္ကန်းစင်ကျောင်း(ယခုပျက်စီး) (၇)မဟာစေတီနှင့် ဆုတောင်းပြည့်စေတီတော်တို့ ဖြစ်သည်။

    ဦးနာအောက်သည် ဘုရား၊ ဝတ်၊ သိမ်၊ ကျောင်း၊ တန်ဆောင်းဒါယကာဖြစ်ရုံမျှမက မြန်မာပြည်၏ ပထမဦးဆုံး မီးသင်္ဘောပိုင်ရှင်သူဌေးလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် အလည်လာပတ်သူများ ဗဟုသုတရရှိရန် ဦးနာအောက်ပိုင်ဆိုင်ခဲ့သည့် မီးသင်္ဘောအမည်စာရင်းကို ထပ်မံတင်ပြလိုက်ရပါသည်။ ဦးနာအောက်၏ မီးသင်္ဘောများမှာ (၁)အောင်ခေမာ(အောင်ဇေယျ) (၂)အောင်ပန်း(အောင်နိဗ္ဗာန်) (၃)အောင်သိန်း (၄)အောင်တပ် (၅)အောင်စင်္ကြာ (၆)အောင်မာလာ (၇)အောင်ဒီပါ (၈)အောင်သီတာ (၉)အောင်မင်္ဂလာ တို့ဖြစ်သည်။

    ဦးနာအောက်အလှူအကြောင်းပြောလျှင် ကတိုး၊ ကော့နှတ်ရွာ၌ ပရိယတ္တိစာပေများ တဖန်ပြန်လည်ထွန်းလင်းခဲ့ပုံကို ချန်ထား၍မရပါ။ မြန်မာသက္ကရာဇ်(၁၂၄၀)ခုနှစ်တွင် မန္တလေးမဟာဝိသုဒ္ဓရုံကျောင်းတိုက်၌ ပရိယတ္တိစာပေများ လေ့လာသင်ကြားနေသော မွန်ဆရာတော်ဥူးပညာဓမ္မကို ကော့နှတ်ရွာပရိယတ္တိ စာသင်တိုက်ဖွင့်လှစ်ရန် ပင့်ဆောင်လာခဲ့သည်။ ဆရာတော်ဥူးပညာဓမ္မသည် မင်းတုန်းမင်း၏မိတ်ဆွေ၊ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ နောင်တော်ကြီးစေတီတော်၏ ထီးတော်ဒါယကာ နေမျိုးရာဇာသင်္ခရာဘွဲ့ခံ ဦးမွန်ထော်၏ယောက်ဖတော်သူ ဖြစ်သည်။

    ဆရာတော်ဥူးပညာဓမ္မကို နိုင်ထော်အာ+မိခမနား၊ နိုင်ထွန်းကျော်+မိထော၊ ဦးနာအောက်+မိဗျူသူဌေးကြီးသုံးဦးမှ ပစ္စည်းလေးပါးဒါယကာခံယူပြီး ကော့နှတ်ရွာသို့ပင့်ဆောင်လာသည်။ ဆရာတော်ဥူးပညာဓမ္မ ကော့နှတ်ရွာသို့ပြန်ရောက်ချိန် သက္ကရာဇ်(၁၂၄၀)တွင် မွန်ပြည်နယ်ဟူ၍ သီးသန့်မရှိသေး။ မွန်ဒေသအားလုံးတနင်္သာရီတိုင်းထဲတွင် သာရှိသေးသည်။ ယင်းအချိန်တွင် မွန်ဒေသ၌ မွန်ပရိယတ္တိသာသနာ အားနည်းဆိတ်သုဉ်းနေသည့်ကာလဖြစ်သည်။

    မွန်ပရိယတ္တိသာသနာ အားနည်းဆိတ်သုဉ်းနေရာမှ ပထမဦးဆုံးမွန်ပရိယတ္တိသာသနာကို စတင်အစပျိုးထူထောင်သော ရွာမှာဇာသပြင်ရွာပင်ဖြစ်သည်။ ဇာသပြင်ရွာတွင် ပရိယတ္တိသာသနာအားအင်စု အစပျိုးနေချိန်တွင် ဦးနာအောက်၊ နိုင်ထောအာ၊ နိုင်ထွန်းကျော်တို့မှ ပရိယတ္တိသာသနာကို အားပေးလို၍ ဇာသပြင်ရွာမှ စာသင်သားသံဃာအပါး(၆၀)ကျော်ကို ကော့နှတ်ရွာသို့ ပင့်ဆောင်လာပြီး စာသင်တိုက်စတင်ထူထောင်ခဲ့သည်။ စာသင်တိုက် စတင်ဖွင့်လှစ်သောနှစ်မှာ(၁၂၄၆)ခုနှစ် ဖြစ်သည်။ ထိုကြောင့် “မွန်ပရိယတ္တိစာပေအစကော့နှတ်က” ဟူ၍ ရှေးဆရာတော်ကြီးများ ပြောစမှတ်တွင်ခဲ့သည်။ ပရိယတ္တိစာသင်တိုက်သည် ယခုချိန်ထိအောင်မြင်စွာ ရပ်တည်လျှက်ရှိနေသည်။

    ထို့ကြောင့်အလည်လာရောက်မည့်ဧည့်သည်များအနေဖြင့် ကတိုး-ကော့နှတ်ရွာတွင် တည်ရှိသောဦးနာအောက်ဘုရားသည် အလည်လာသင့်သောနေရာ တခုပင်ဖြစ်သည်။ ဦးနာအောက် တည်ထားခဲ့သော မွန်တို့၏ယဉ်ကျေးမှုဓလေ့ထုံးထမ်းများသာမက ဆောက်လုပ်လှူဒါန်းခဲ့သော ဘုရား၊ ဝတ်၊ သိမ်၊ ကျောင်း၊ တန်ဆောင်းပြသာဒ် ရှေးဟောင်းအနုသုခုမလက်ရာများကိုလည်း ပြန်လည်ခံစားနိုင်မည်ဖြစ်သည်။ ဦးနာအောက်ဘုရားသို့ လာရောက်လည်ပတ်ရင်း ကရင်ပြည်နယ်ဘက်ရှိ ဂူဘုရားများသာမက မွန်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများကိုလည်း သွားရောက်လည်ပတ် ဖူးမြော်နိုင်ပါသည်။ အ့ံဖွယ်ရှေးဟောင်းလက်ရာများဖြင့် ပြည့်နှက်နေသော ဦးနာအောက်ဘုရားဆီသို့ အလည်အပတ်လာနိုင်ရန် ဧည့်သည်များကို ဦးနာအောက်ဘုရားဆီသို့ လမ်းညွှန်ဖိတ်ခေါ်လိုက်ရပါသည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts