မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ၂၀၁၈ ခုနှစ်အတွက် ၁၉၆၂ သင်ခန်းစာ

၂၀၁၈ ခုနှစ်အတွက် ၁၉၆၂ သင်ခန်းစာ

ရေးသားသူ:

မကြာသေးခင်က “၂၀၁၈ ခုနှစ်အတွက် ၁၉၁၈ သင်ခန်းစာ” ဟူသောဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရသည်။ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်အပြီးကာလ တွေ့ကြုံရသော အထွေထွေအကြပ်အတည်း ပဋိပက္ခများမှ တိုင်းပြည်တွင် ဆိုရှယ်လစ်များ အားကောင်းလာပုံ၊ ဆိုရှယ်လစ်ဝါဒမှသည် နာဇီဝါဒီ၊ ဖက်ဆစ်ဝါဒစသော အမျိုးသားရေးဝါဒီဟစ်တလာနှင့် မူဆိုလီနီတို့ ပေါ်ပေါက်လာရပုံတို့ကို သမိုင်းကြောင်းချီထောက်ပြကာ လက်ရှိမြန်မာနိုင်ငံရေးအတွက် သတိပေးထားသည်။ လူထုက ၄င်းလမ်းကြောင်းကို လိုက်ခဲ့သဖြင့် သူတို့ (၂) ဦးလုံးသည် ရွေးကောက်ပွဲမှ လာကြသူချည်းဖြစ်သည်ကို သတိချပ်ရန် လိုသည်။

၄င်းကို ဖတ်ရှုပြီး နှစ် (၁၀ဝ) မကြာသေးသော်လည်း လွန်ခဲ့သောအနှစ် (၅၀) ကျော်က အခြေအနေမျိုးနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဆက်စပ်သတိချပ်နိုင်ရန်၊ လက်ရှိလူငယ်မျိုးဆက်သစ်နိုင်ငံရေး ခေါင်းဆောင်ဆိုသူများလည်း ပြန်လည်လေ့လာနိုင်ရန် ၁၉၆၂ မှ နိုင်ငံရေးအခင်းအကျင်းကို ၂၀၁၈ ခုနှစ် နိုင်ငံရေးအခြေအနေနှင့် ဆက်စပ်တင်ပြလိုသည်။ အထူးသဖြင့် ဖက်ဒရယ်အရေးနှင့် ပတ်သက်၍ဖြစ်သည်။

၂၀၁၈ ခုနှစ် နိုင်ငံတော်သမ္မတကြီး၏ လွပ်လပ်ရေးနေ့ သဝဏ်လွှာတွင် “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျှော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်” ဟူ၍ ထည့်သွင်းဖေါ်ပြခဲ့သည်။

ယေဘုယျအားဖြင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ဖြေရှင်းရမည့်အရေး (၃) ပါးရှိသည်ဟု ဆိုကြသည်။ ၄င်းတို့မှာ ငြိမ်းချမ်းရေး၊ ရခိုင်အရေးနှင့် စီးပွါးရေးတို့ဖြစ်သည်။ ၄င်းပြဿနာ (၃) ခုစလုံးနှင့် ဆက်စပ်သော တရုပ်အရေးသည် အရိပ်သဖွယ် နောက်ကွယ်တွင် ရှိနေသည်။ ထို့ပြင် အဆင့်အားဖြင့် နိမ့်ကျသော်လည်း အချိန်မရွေး အင်ဖြင့်အားဖြင့် မီးထတောက်နိုင်သည့် အနိမ့်ဆုံးနေ့စား (၄၈၀ဝ)ကျပ် သတ်မှတ်ရေးဆိုသည်ကလည်း အရေးပါသောကိစ္စဖြစ်နေပြန်သည်။

ထားပါတော့။ ယခုဆောင်းပါးတွင် ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသော ဖက်ဒရယ်အရေးကို အလေးပေးမည်ဆိုခြင်းကြောင့် လက်ရှိဖက်ဒရယ်အခင်းအကျင်းကို ဦးစွာဖေါ်ပြရန်လိုအပ်ပါသည်။

Federal(Internet)
လက်ရှိဖက်ဒရယ်အခင်းအကျင်းမှာ “ဖက်ဒရယ်” အသုံးအနှုန်း သုံးသင့် မသုံးသင့် အနေအထားမှ လွတ်မြောက်ခဲ့ပြီဖြစ်သော်လည်း အစိုးရဘက်မှ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” ဟု သုံးနှုန်းနေခြင်းနှင့် အတိုက်အခံတိုင်းရင်းသားများဘက်မှ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” ဟု ခြားနားစွာ အသုံးပြုနေသော အဆင့်ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီအစိုးရသစ်မှ ဒုတိယအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(ပထမအစည်းအဝေး) ကို ကျင်းပပေးခဲ့သည်။ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများနှင့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးအဖွဲ့များ တက်ရောက်ခွင့်ရရှိခဲ့သည်။ စာတမ်းများတင်ခွင့်ပြုခဲ့ရာ စာတမ်းပေါင်းမြောက်များစွာ တက်ခဲ့သည်။ တိုင်းရင်းသားများဘက်မှ ရပ်ခံသည့်မူ အများစုမှ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံတွင် တင်သွင်းခဲ့သည့် ရှမ်းမူနှင့် နွှယ်နေကြပြီး အထူအပါး အတင်းအမာသာ ကွာကြသည်။ တပ်မတော်ကလည်း လက်ရှိ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများကို တန်ပြန်တင်သွင်းခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပရေး ပူးတွဲကော်မတီ (UPDJC) က နှစ်ဖက်စလုံးမှ (မပြည့်ဝသော်လည်း) ငြင်း၍ မရနိုင်သည့် သဘောတူညီချက် အခြေခံရမည့်မူများကို တရားဝင်ထုတ်ခဲ့သည်။ တိုင်းရင်းသားများ၏ လိုအင်ဆန္ဒ အနှစ်သာရများအား ချန်လှပ်ခဲ့သည်။ ပြည်နယ်သစ်ကဏ္ဍ လုံးဝအဝင်အပါမခံခဲ့ပါ။ တချိန်က (နဝတ) အစိုးရအမြဲတမ်းပြောဆိုသုံးနှုံးခဲ့သော တပ်မတော်က “အာဏာမသိမ်းချင်လို့ (၂၅%) ယူထားရတာပါ” ဟူသော အနေအထားအတိုင်းဖြစ်သည်။

၁၉၆၂ ခုနှစ် “တိုင်းပြည်ချောက်ကမ်းပါးကျရန် လက်တစ်လုံးအလို” ဟူသော တော်လှန်ရေးအစိုးက သုံးနှုန်းခဲ့သည့် ဖက်ဖရယ်မူနှင့် ပတ်သက်သည့် ဖဆပလ နှင့် အတိုက်အခံ (ပမညတ) တို့၏ သဘောထားကို ယနေ့ခေတ်သစ်ခေါင်းဆောင်များ တိုင်းရင်းသားလူငယ်ခေါင်းဆောင်များ သိရှိနိုင်ရန် အကျဉ်းချုပ်တင်ပြလိုပါသည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် ပြည်နယ် ပြည်မနှီးနှော်ဖလှယ်ပွဲကြီးတွင် တောင်ကြီးညီလာခံမှလာသော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဖဆပလ ကိုယ်စားလှယ် ဦးဗဆွေ တင်ပြသွားသော သဘောထားကို အကျဉ်းချုပ်ရလျှင် အောက်ပါအတိုင်းဖြစ်သည်။

  • ကမ္ဘာတွင် ပြည်နယ်အစိုးရများက အားနည်းပြီး ဗဟိုအစိုးရက အင်အားတောင့်တင်းသော ပြည်ထောင်စု သိသိသာသာ ပိုများလာ။
  • ပြည်ထောင်စုစနစ်ဖြစ်လျှင်လည်း ဗဟိုအစိုးရအလုပ်ဖြစ်အောင် ပြည်နယ်များက လိုလိုလားလားနှင့် အင်အားဖြည့်တင်းပေးရသောခေတ်ဖြစ်။
  • ပြည်နယ်များထက် တိုးတက်ဖွံ့ဖြိုးမှုရှိပြီးဖြစ်သော ဗမာပြည်မက ကျန်ပြည်နယ်အားလုံး၏ တိုးတက်မှုကိုပါ တာဝန်ယူစေသင့်သည်ဟု ယူဆခြင်းကြောင့် ဗမာပြည်မကို ပြည်နယ်ဖွဲ့ခွင့်မပြုခဲ့ကြောင်း။
  • ဗမာပြည် (နယ်) ဟူသော ကျဉ်းမြောင်းသော စိတ်ဓါတ်များပေါ်ပေါက်လာပြီး ရှိရှိသမျှ မိမိအင်အားကို ဗမာပြည်နယ်တစ်ခုတည်းအတွက်သာ ပုံးအောသုံးစွဲလာနိုင်သည်။
  • ဗဟိုအစိုးရသည် အလွန်အင်အားချည့်နဲ့သော ရုပ်ပြဟန်ပြအစိုးရမျိုးသာဖြစ်သွားနိုင်သည်။
  • ဗဟိုအစိုးရအဖွဲ့တွင် အခြေခံဥပဒေအရ ပြည်နယ်များကို ကိုယ်စားပြုသော ဝန်ကြီးများ ပါဝင်ခွင့်ပေးထားခြင်းသည် မြန်မာနိုင်ငံမှာသာ တွေ့နိုင်သည့် ထူးခြားမှုဖြစ်ကြောင်း။
  • ကြွင်းကျန်သည့်အာဏာကို ဗဟိုအစိုးရတွင် ထားမိသဖြင့် ပြည်ထောင်စုအင်္ဂါ ချို့ယွင်းသွားသည်ဟု ပြောဆိုခြင်းမျိုး မကြားမိကြောင်း စသဖြင့် ပြောကြားသွားခဲ့သည်။

ထိုနည်းတူ အတိုက်အခံ (ပမညတ) အဖွဲ့မှ သခင်ချစ်မောင်၏ တင်ပြချက်ကိုလည်း အောက်ပါအတိုင်း အကျဉ်းချုပ်ဖေါ်ပြလိုပါသည်။
– (ပမညတ) နှင့် ကွဲလွဲချက် (၃) ရပ်ရှိကြောင်း၊
– ပထမကွဲလွဲချက်မှာ ပြည်မအခြေခံဗဟိုခေါင်းဆောင်မှုနှင့် ညီညွတ်ရေး စုစည်းမှုအဖြစ်နှင့်သာ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ပြည်နယ်များကို ပဏ္ဍာဆက်နိုင်ငံများအဖြစ် သဘောထားခြင်းမဟုတ်ကြောင်း။
– ပြည်နယ်များအနက် အချို့သည် ရာဇဝင်သဘောအရ ပြည်နယ်သဘောဆောင်ပြီး အချို့မှာ ယ္ခုမှ ပြည်နယ်ဘဝသို့ ကူးပြောင်းရန် ဖန်တီးနေရဆဲဖြစ်ကြောင်း။
– ဒုတိယကွဲလွဲချက်မှာ ရပ်တည်မှု ခြားနားခြင်းဖြစ်ကြောင်း၊ လက်ငင်းပြဿနာမှာ ပြည်မကို ပြည်နယ်ဖွဲ့ရန် မဟုတ်သေး၊ ပြည်နယ်ရထိုက်သော လူမျိုးစုများ ပြည်နယ်ရရှိရေးနှင့် ရရှိပြီး လူမျိုးစုများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မြှင့်တင်ရေးသာဖြစ်ကြောင်း။
– တတိယကွဲလွဲချက်မှာ ပြဿနာချဉ်းကပ်ပုံဖြစ်ကြောင်း၊ ပြည်တွင်းစစ် ပဋိပက္ခများကို မရှင်းလင်းနိုင်သေးသရွှေ့ ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ပြဿနာအဝဝကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးသည် ဒုတိယဖြစ်ကြောင်း။
– လက်ရှိအခြေခံဥပဒေတွင် လောလောဆယ်ပြင်ဆင်ပေးနိုင်သည့် အချက်များရှိကြောင်း (သခင်ချစ်မောင်၏ ဆွေးနွေးတင်ပြချက်တွင် ပြင်ဆင်ရန် အကြံပြုချက်များ ပါရှိရာ စာရှည်မည်စိုး၍ မဖေါ်ပြတော့ပါ)။

အထက်ပါ ဆွေးနွေးတင်ပြချက်များသည် ၁၉၆၂ ခုနှစ်ကာလ တိုင်းရင်းသားမဟုတ်သူများ၏ ဖက်ဒရယ်အပေါ် ထင်မြင်ချက်များဖြစ်ခြင်းကြောင့် ယ္ခုလက်ရှိ (၂၀၁၈) ခုနှစ် ဖက်ဒရယ်ပြည်ထောင်စုအပေါ် စိတ်ဝင်စားသူများအတွက် အထူးအသုံးဝင်သော ပေးထားချက် (သို့မဟုတ်) သင်ခန်းစာများဖြစ်နိုင်ပါသည်။ လက်ရှိဖက်ဒရယ်မူများအပေါ် ရပ်ခံနေသော တိုင်းရင်းသားပါတီ အဖွဲ့အစည်းများအတွက် ပြည်လည်ထိမ်းညှိနိုင်ရန် လမ်းကြောင်းဟုလည်း ဆိုနိုင်သည်။

သို့သော် ယနေ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်သန်းမင်တို့မဲများဖြင့် အနိုင်ရခဲ့သောပါတီနှင့် အစိုးရအပေါ် တိုင်းရင်းသားများ မဆိုထားနှင့် တိုင်းရင်းသားမဟုတ်သူများပင်လျှင် အားမလို အားမရဖြစ်နေသည်။ ၄င်းကိုကိုယ်စားပြုသော ကဗျာတပုဒ်ကို ဖေါ်ပြရင်းနှင့် ဤဆောင်းပါးကို နိဂုံးချုပ်လိုသည်။
မြေခွေးသည်
တော်တည့်ဖြောင့်မှန်နေသည်။
ယုန်သည်
သတ္တိရှိလွန်းနေသည်။
ခြင်္သေ့သည်
ကြောက်ရွံ့လွန်းနေသည်။
သို့သော်
သိုးသည်
သိုးသာတည်း။

ဤနေရာတွင် မည်သူကမြေခွေး၊ မည်သူက ယုန်၊ မည်သူကခြင်္သေ့နှင့် မည်သူက သိုး ဆိုသည်ကို စာဖတ်သူတို့ ကိုယ်တိုင်ခံစားတွေးခေါ်ရန်ဖြစ်သည်။ ကဗျာ၏အမည်က “ရာသီ၏ဝိုးဝါးခြင်းများ” ဖြစ်ပါသည်။

စာကိုး – ကျော်ဝင်း (တက္ကသိုလ်) ၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး- အခန်းဆက်ဆောင်းပါးများ၊ (၂) ခေတ်ရနံ့ – ဒီဇင်ဘာလ (၂၀၁၇) ထုတ်ပါ- မောင်ကြည်သာ (တောင်တွင်း) ၏ ရာသီ၏ ဝိုးဝါးခြင်းများဆောင်းပါး

About မွန်သတင်းအေဂျင်စီ

Check Also

၁၉၉၅ အပစ်ရပ် မွန်ပြည်သစ်နှင့် လက်ရှိ NCA အခင်းအကျင်း

၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ) စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ လက်မှတ် ရေးထိုးစရာမလိုဘဲ Gentleman Agreement လူကြီးလူကောင်းဆန်သော …

Leave a Reply

%d bloggers like this: