spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော်နှင့်အစိုးရတို့၏ အနှစ်ချုပ်သတင်းမှတ်တမ်း(၂၀၁၇ ခုနှစ်)

    မွန်ပြည်နယ်လွှတ်တော်နှင့်အစိုးရတို့၏ အနှစ်ချုပ်သတင်းမှတ်တမ်း(၂၀၁၇ ခုနှစ်)

    -

    အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အတွက် ငွေကျပ်သိန်း ၁၅၀ သိန်း ထောက်ပံ့မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့ကပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ရာထူးမှ ရပ်နားရန် ဖေဖော်ဝါရီ (၂၀) ရက်က နိုင်ငံတော်သမ္မတထံသို့နှုတ်ထွက်စာပေးပို့ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

    မွန်ပြည်နယ်လွှတ်တော်(Internet)
    လစ်လပ်နေသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် ကျိုက်ထိုမဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံအား ခန့်အပ်ရန် သဘောတူညီသည့်အတွက် မတ်လ ၁ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံသည် ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်ပြီး သတင်းမီဒီယာများအား တစ်ပတ်တစ်ကြိမ်ပုံမှန်တွေ့ဆုံရှင်းလင်းသွားမည်ဟု မတ်လ ၇ ရက်နေ့က ပြောကြားလိုက်ပြီး အပတ်စဉ်ကြာသပတေး သို့မဟုတ် သောကြာနေ့ညနေပိုင်းတွင် တွေ့ဆုံသွားရန် သတ်မှတ်ထားသည်။

    မော်လမြိုင်နှင့် ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်ကိုဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” အဖြစ် အတည်ပြုကြောင်း မတ်လ ၁၄ ရက်နေ့က ကျင်းပသည့်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

    ‘ဗိုလ်ချုပ်အောင်ဆန်းတံတား” အဖြစ် ပြည်သူ့လွှတ်တော်မှ မဲခွဲအတည်ပြုခဲ့သည့်အပေါ် မွန်ပြည်နယ်မှ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ ဒေသခံများလက်မခံသဖြင့် တံတားအမည်အား ပြန်လည်ရုပ်သိမ်းပေးရန် မတ်လ ၁၉ ရက်နေ့က မော်လမြိုင်မြို့ပေါ်၌ လူအင်အား ၂ သောင်းကျော် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး(Facebook)
    မွန်ပြည် ၁၀ မြို့နယ်တွင် အစိုးရလျှပ်စစ်မီးမရရှိသည့်ရေးမြိုနယ်၌ တစ်နှစ်အတွင်း လျှပ်စစ်မီးရရှိစေရမည်ဟု မတ်လ ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးခန်းမ၌ သတင်းမီဒီယာများအား မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

    မွန်ပြည်နယ် သံဖြူဇရပ်နှင့် ရေးမြို့နယ်အတွင်း Bedok Construction & Engineering Co; Ltd နှင့် အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် SEGEP တို့၏ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးစီမံကိန်းအား မွန်ပြည်နယ်လွှတ်တော်က မတ်လ ၂၄ ရက်နေ့တွင် အတည်ပြုခဲ့သည်။

    ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ မြိုနယ်အုပ်ချုပ်ရေးမှူးများသည် ခြံမြေအကွက်ရိုက်ရောင်းချခြင်းနှင့် မြေကြီးတူးပြီး ရောင်းချနေခြင်းတို့ကို ဥပဒေအရ အရေးယူမှာဖြစ်ကြောင်း မော်လမြိုင်မြို့ပေါ် ပြည်သူများနှင့် တွေ့ဆုံစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ သတိပေး ပြောကြားခဲ့သည်။

    အစိုးရအနေဖြင့် ကျောင်းချိန်ပြင်ပ မွန်စာသင်ကြားရေးကို ခွင့်ပြုပေးထားလျက်ရှိပြီး သင်ကြားခွင့်အားပိတ်ပင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းရှိခဲ့ပါက လွှတ်တော်သို့ ချက်ခြင်းတိုင်ကြားစေလိုဟု မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဌ ဦးထွန်းမင်းအောင်က (၁၈) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာသင်တန်း စာမေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ရေးမြို့နယ်တစ်ခုသာ အစိုးရလျှပ်စစ်မီးမရရှိသေးသဖြင့် ၁၈ လအတွင်း ရေးမြို့နယ်တခုလုံးလျှပ်စစ်မီးရရှိစေရမည်ဟု ဒေသခံများနှင့် မေလ ၁၂ ရက်နေ့ ရေးမြို့တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ပြောကြားခဲ့သည်။

    လစ်လပ်နေသော မွန်ပြည်နယ်အစိုးရအဖွဲ့ဆောက်လုပ်ရေးနှင့် စည်ပင်ဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်အား ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး၌ အတည်ပြုခဲ့သည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ်ဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ရာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်မှုများကို တွေ့ရှိရခြင်းကြောင့် အစီရင်ခံစာအား တိကျစွာရေးသားဖော်ပြရန် ဇွန်လက ကျင်းပသည့် ဒုတိယအကြိမ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သတိပေးခဲ့သည်။

    မွန်ပြည်နယ်အတွင်း ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းအား ပြည်နယ်အစိုးရ အနေဖြင့် ပိုမိုထိရောက်သော နည်းလမ်းများဖြင့် အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်းခြင်းအဆိုကို ဇွန်လ ၁၅ ရက်နေ့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

    မွန်စာပေ ယဉ်ကျေးမှုအပါအဝင် ပြည်နယ်အတွင်းရှိကိစ္စရပ်များအကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ကိုယ်တိုင် ဆောင်ရွက်နေသည့်အတွက်ကြောင့် မွန်ရေးရာဝန်ကြီးတစ်ဦး ပူးတွဲထားရှိရန်မလိုကြောင်း စက်တင်ဘာလ ၆ ရက်နေ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ပြောကြားလိုက်သည်။

    ကျိုက်မရောမြိုနယ်အတွင်းရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် ခွင့်ပြုချက်မရှိဘဲ ကျောက်မီးသွေးလောင်စာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်လည်ပတ်နေခြင်းကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရေးအဆိုအား မွန်ပြည်နယ်လွှတ်တော်က စက်တင်ဘာ ၆ ရက်နေ့တွင် မဲခွဲအတည်ပြုခဲ့သည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်အေးဇံ ဦးဆောင်သောအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်သောအဖွဲ့တို့ နိုဝင်ဘာလ ၂၈ ရက် ရေးမြို့နယ်ရှိ ပုပ္ဖဝတီသာသနာပြုနယ်မြေ ကိုရင်လေးကျောင်းတွင် မွန်ပြည်သစ်ပါတီ NCA ရေးထိုးရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

    မွန်ပြည်နယ်အတွင်းရှိ ရာဘာစက်ရုံများကို ခရီးသွားပြည်သူများ ကင်းလွတ်ရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူများနှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ပေးရေး အလေးအနက်တိုက်တွန်းကြောင်းအဆိုအား မွန်ပြည်နယ်လွှတ်တော်မှ စက်တင်ဘာလ ၈ ရက်နေ့တွင် အတည်ပြုခဲ့သည်။

    သို့ရာတွင် မွန်ပြည်နယ် မုဒုံမြို့ရှိရာဘာဝယ်ဒိုင် စက်ရုံများကို ပြည်သူများနှင့်ဝေးရာသို့ပြောင်းရွှေ့ရန်မဖြစ်နိုင်ကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပသည့်မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ ရေဆိုးရေညစ်ထုတ်လွှတ်မှုကြောင့် အခြားသောနေရာပြောင်းရွှေ့မည်ဆိုပါကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိမှာဖြစ်သည့်အတွက် လက်ရှိတည်ဆဲ နေရာတွင်စနစ်တကျ ပြန်လည်ပြပြင်ခြင်းက ပိုမိုထိရောက်မှုရှိကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဌမပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြီးစီး၍ အစည်းအဝေးတွင် မေးခွန်ပေါင်း ၄၀ နှင့် အဆို ၃ ခုတို့အား ဆွေးနွေးခဲ့ကြောင်း၊ အစိုးရ၏(၆)လပတ်အစီရင်ခံစာအရ မွန်ပြည်နယ်မှာတရားဥပဒေစိုးမိုးရေးမရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်သုံးမှု များပြားနေကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ သုံးသပ်ပြောဆိုခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts