spot_img
Tuesday, March 19, 2024
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ NCA ရေးထိုးဖြစ်လျင်

    မွန်ပြည်သစ်ပါတီ NCA ရေးထိုးဖြစ်လျင်

    -

    မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးကိစ္စတွင် အကြောင်းကြောင်းကြောင့် ကြန့်ကြာတစ်ဆို့နေခဲ့သည်မှာ သမ္မတဦးသိန်းစိန်လက်ထက်မှ လက်ရှိသမ္မတဦးထင်ကျော် အစိုးရလက်ထက် ယနေ့ကာလအထိ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေသေးသည်။

    ထိုသို့ NCA လက်မှတ်မရေးထိုးနိုင်သည့်အနေအထားတွင် ၂၀၁၇ ခု နှစ်ဆန်းပိုင်းမှစတင်ပြီး တပ်မတော်မှ မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသားနေ့နှင့် မွန်တော်လှန်းရေးနေ့အခမ်းအနားများတွင် စစ်ရေးပြမပြုလုပ်ရန်တားမြစ်ခြင်း၊ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ မွန်ပြည်သစ်ဂိတ်စခန်းအချို့ကို မောင်းထုတ်ပြီး ဝင်ရောက်နေရာယူခြင်း၊ ပြည်နယ်/ပြည်ထောင်စုအဆင့် သဘောတူချက်ရရှိပြီးဖြစ်သည့် မွန်ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားခြင်း စသည့်နည်းအမျိုးမျိုးဖြင့် ဖိအားပေးမှုများရှိခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုများတော့ မဖြစ်ပေါ်ခဲ့ပေ။

    မွန်အမျိုးသားကွန်ဖရင့်-၂၀၁၃ (MNA)
    သို့သော်လည်း ဤရက်ပိုင်းအတွင်း ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဆက်လက်တွေ့ဆုံ ဆွေးနွေးသည့်အခါ(နိုဝင်ဘာ ၁၆ ရက်) သဘောတူညီမှုရရှိနိုင်သည်ဟု အတည်မပြုနိုင်သည့် သတင်းများထွက်ပေါ်နေသည့်အပေါ် မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးဖြစ်မည်ဆိုပါက ရှေ့လာမည့် ငြိမ်းချမ်းရေးရောင်ခြည်ဦးကို မှန်းဆမျှော်ကြည့်မိပါသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးပြီးပါက အောက်ပါလမ်းပြမြေပုံ အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်များကို ဖြတ်သန်းရပါမည်။ (မှတ်ချက်-NCA စာချုပ် အခန်း(၅) နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း )

    နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲသဘောတူခြင်း။ ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း

    • ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း။ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ထိုနောက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း
    • ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်း တို့ဖြစ်ပါသည်။

    လက်ရှိအနေအထားတွင် NCA စာချုပ် လက်မှတ်ရေးထိုးပြီးသည်နှင့် လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ(တတိယ) အစည်းအဝေး” သို့ တရားဝင်ကိုယ်စားလှယ်အဖြစ် မွန်ပြည်သစ်ပါတီ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည့်အတွက် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါ AMDP တို့နှင့် နီးကပ်စွာထိတွေ့ဆက်ဆံမှုများ ရှိလာတော့မည် ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ဖော်ဆောင်ရေးကော်မတီ UPDJC ၏ နိုင်ငံရေးပါတီများ အစုအဖွဲ့တွင်လည်း MNP နှင့် AMDP ပါဝင်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့တွင် NMSP လည်း ထပ်မံဝင်ရောက်လာမည်ဖြစ်ရာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မွန်ပါတီကြီး ၃ ခု ပါဝင်လာမည့်အနေအထားကို တွေးမြင်နေမိသည်။

    ပေါင်းစည်းရေးမအောင်မြင်သေးသော AMDP နှင့် MNP မွန် ၂ ပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့က နှစ်ဖက်ကိုယ်စားလှယ်များ ပထမအကြိမ်တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ၁-တစ်လတစ်ကြိမ်ဆက်လက် တွေ့ဆုံဆွေးနွေးရန်နှင့် အကြောင်းပေါ်ပေါက်လာပါက အချိန်မရွေးတွေ့ဆုံဆွေးနွေးရန်။ ၂-မွန်နိုင်ငံရေးနှင့်ပတ်သက်၍ လက်တွဲဖော်ဆောင်သင့်သည့် ကိစ္စရပ်များတွင် အတူဆောင်ရွက်သွားကြရန်။ ၃-မွန် ၂ ပါတီပေါင်းစည်းနိုင်သည်အထိ ဆက်လက်လုပ်ဆောင်သွားကြရန် စသည့် သဘောတူညီချက် ၃ ချက်ရရှိသည့်အတွက် နှစ်ပါတီကြား ယခင်ကာလများထက် ဆက်ဆံရေးအခြေအနေ ကောင်းမွန်လာသည်ဟု မှတ်ချက်ပြုမိသည်။ ထို့ကြောင့် NMSP ပါတီလက်မှတ်ထိုးဖြစ်ပါက မွန်ပြည်နယ်တွင် NMSP,AMDP,MNP မွန် ၃ ပါတီလက်တွဲ၍ မွန်လူထုအခြေပြုအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအသင်းများ၊ နယ်ပယ်အလိုက်ကျွမ်းကျင်သည့်တတ်သိပညာရှင်များနှင့် ဖိတ်ကြားသင့်ပုဂ္ဂိုလ်များ ပါဝင်သည့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(မွန်) ကျင်းပသည့်အခင်းအကျင်းကို ရောက်ရှိလာပါတော့မည်။

    NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၄) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရာတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရလဒ်များကို ဆွေးနွေးဆုံးဖြတ်ခြင်းကို အဓိကပြုလုပ်မည်ဖြစ်သည့်အတွက် နိုင်ငံရေးကဏ္ဍမှ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသား လူမျိုးတစ်မျိုးချင်းစီအလိုက် ခံစားသင့်ခံစားထိုက်သော အခွင့်အရေးနှင့် လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့်အရေးကိစ္စရပ်များ၊ လူမှုရေးကဏ္ဍမှ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍမှ ဖက်ဒရယ်စနစ်ဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များကဏ္ဍမှ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များစသည့် ခေါင်းစဉ်တို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ၏ လက်ရှိနိုင်ငံရေးဆွေးနွေးမှုမူဘောင်အတိုင်း မွန်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(မွန်) ကျင်းပမည့်အခွင့်အလမ်း ရရှိပါတော့မည်။

    ခြုံငုံသုံးသပ်ကြည့်လျင် မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးဖြစ်ပါက လက်ရှိရင်ဆိုင်နေရသည့် စစ်ရေးနှင့် ဘဏ္ဍာရေးအရ ဖိအားပေးခံနေရသည့်ကိစ္စရပ်များသည်လည်း အလိုလိုဖြေလျော့သွားမည် ဖြစ်သလို ဖမ်းဆီးခြင်းခံထားရသည့် ပါတီဝင်များနှင့် ယခင်ဂိတ်စခန်းနေရာများကိုလည်း ပြန်လည်ရရှိနိုင်မှာဖြစ်ပြီး အစိုးရ၊ တပ်မတော်နှင့် ဆက်ဆံရေးအခြေအနေ ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိလာမည်ဖြစ်ပါသည်။ ထို့အပြင် မွန်ပြည်နယ်တွင် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(မွန်) ကို NMSP, AMDP, MNP ပါတီတို့အတူတကွ ဦးဆောင်ကျင်းပနိုင်မှာဖြစ်သည့်အတွက် ပြီးခဲ့သည့် မွန်အမျိုးသားကွန်ဖရင့်-၂၀၁၃ ထက်ကျယ်ပြန့်သည့် ဆုံးဖြတ်ချက်နှင့် ဦးတည်ချက်တို့ကို ရေးဆွဲအကောင်အထည်ဖော်နိုင်မည်ဖြစ်သောကြောင့် လက်ရှိမွန်နိုင်ငံရေး ရေစီးကြောင်းပေါ်တွင် ဖြစ်ပေါ်နေသည့် ပုံစံအမျိုးမျိုးသော အစုအဖွဲ့အလိုက်အားပြိုင်နေမှုတို့သည်လည်း ပြေလျော့လာမှာဖြစ်သလို ညီညွတ်သောမွန်အမျိုးသားအင်အားစုတစ်ရပ် ပေါ်ထွန်းလာမည်ဟု ရှုမြင်မိပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts