မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မြို့ဝင်ကြေးငါးကြင်းဆီနှင့် ငါးကြင်းမကြော်စေချင်တော့ပါ

မြို့ဝင်ကြေးငါးကြင်းဆီနှင့် ငါးကြင်းမကြော်စေချင်တော့ပါ

ရေးသားသူ:

ပြည်သူတင်မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရဟု အများအခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ တာဝန်ယူအုပ်ချုပ်ခဲ့တာ အခုဆိုရင် တစ်နှစ်ခွဲနီးပါး ရောက်ရှိလာပါပြီ။ ပြည်သူတွေက မျှော်လင့်ချက်ကြီးမားစွာနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အင်တိုက်အားတိုက်ရွေးချယ်ပေးခဲ့ကြလို့ အန်အယ်လ်အစိုးရဟာ လက်ရှိအချိန်မှာ တစ်နှစ်ခွဲအရွယ်ရောက်ရှိလာခဲ့ပေမယ့် မြေစမ်းခရမ်းပျိုးနေရဆဲဆိုတာ အများအသိပါပဲ။ အစိုးရတာဝန် စတင်ယူခါစ ဝန်ကြိီးတွေ၊အမတ်တွေရွေးချယ်ခန့်အပ်တဲ့နေရာမှာ သူတို့တွေရဲ့ လုပ်ရည်ကိုင်ရည်ကြည့်ပြီး ပါတီဝင်တွေနဲ့ ခေါင်းဆောင်တချို့ကိုလည်း အပြောင်းအလဲတွေ အများကြီးလုပ်ခဲ့ရသလို လက်ရှိလည်းလုပ်နေရဆဲပါပဲ။ ထူးခြားမှုတစ်ခုအနေနဲ့ကတော့
ဝန်ကြီးချုပ်အဆင့်ရာထူးရှိသူ နုတ်ထွက်တာကတော့ မွန်ပြည်နယ်က ပထမဦးဆုံးပဲဖြစ်ပါတယ်။

ဦးမင်းမင်းဦးဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကိုယူထားသည့်အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့မှာ ဆောက်လုပ်ရေးနဲ့ စည်ပင်သာယာရေးဝန်ကြီးအဖြစ်လည်း ပူးတွဲတာဝန်ယူခဲ့သူဖြစ်ပြီး လွှတ်တော်က အတည်ပြုထားတွေကို အကောင်ထည်ဖော်ဖို့အားနည်းနေတာ၊ ကျိုက်ထီးရိုးကိစ္စများကိုပြေလည်အောင် ဖြေရှင်းမပေးနိုင်တာနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဆောင်ရွက်မှုအားနည်းနေလို့ တိုင်ကြားခံခဲ့ရသူဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ်မှ မိမိသဘောဆန္ဒအရ နုတ်ထွက်လိုကြောင်း ၂၀၁၇ ခုနှစ်၊ဖေဖော်ဝါရီ (၂၀) က နိုင်ငံတော်သမ္မတထံသို့ နုတ်ထွက်စာတင်ခဲ့ပြီး ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတရုံးမှ ဖေဖော်ဝါရီလ(၂၃) ရက်နေ့မှာ တရားဝင်နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခဲ့ပါတယ်။

ပေါင်မြို့ဝင်ကြေးဂိတ်(Internet)
ဒါကြောင့် မွန်ပြည်နယ်ရဲ့ လစ်လပ်နေတဲ့ ဝန်ကြီးချုပ်တာဝန်ကို ကျိုက်ထိုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးဇံကို ခန့်အပ်ခဲ့ပြီး မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်ကို ခန့်အပ်ခဲ့ပါတယ်။
စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး အပြောင်းအလဲတွေရှိခဲ့တဲ့အတွက် ယခင်က ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းခဲ့တာတွေ၊ မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေက စည်ပင်ဝန်ကြီးအသစ်အတွက် စိန်ခေါ်မှုတွေရှိလာပါတယ်။ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကို ပြည်သူလူထုသာမက လွှတ်တော်အမတ်ချို့ပါ ဝေဖန်ထောက်ပြမှုတွေရှိနေပြီး အဲ့ဒီထဲက ဝေဖန်မှုအမြင့်ဆုံးကတော့ ဘီးခွန်လို့ ခေါ်တဲ့ “မြို့ဝင်ကြေး” ကောက်ခံတဲ့ကိစ္စပါပဲ။

“ဆောက်လုပ်ရေးပိုင် လမ်းမများမှာ စည်ပင်သာယာရေးအဖွဲ့က ဥပဒေနှင့်မညီပါက ဘတ်ဂျက်နှစ်ကုန်သည်အထိ စောင့်ဆိ်ုင်းအနေဘဲ ဂိတ်များကို ပိတ်သိမ်းဖို့ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးတို့က ညှိနှိုင်းရန်” ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဇူလိုင်လ(၂၀) ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အရင်အစိုးရလက်ထက်က ကုမ္ပဏီက တစ်နှစ်ပေးရမယ့်လေလံငွေရရှိရုံနဲ့ စည်ပင်က မျက်နှာလွှဲ ခဲပစ်ခဲ့ပေမယ့် လက်ရှိအစိုးရလက်ထက်မှာတော့ လိုင်စင်ချပေးခဲ့တာတွေ၊ လေလံချပေးခဲ့တာတွေနဲ့ ခွင့်ပြုပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့အသံကို နားထောင်နေတယ်လို့ဆိုပါတယ်။

မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “မြို့ဝင်ကြေးဆိုတာ ကျွန်တော်တို့စည်ပင်သာယာ မှာက ဥပဒေနဲ့ ပြဌာန်းပြီးတော့မှ ဘီးလှိမ့်ခွန် ဆိုတာရှိတယ်။ နိုင်ငံတော်ကလည်း အခွန်အခတွေနဲ့ သွားနေတော့ ဒါက ဥပဒေနဲ့ အညီပါပဲ။ ဘီးလှိမ့်ခွန်ဆိုတာ မြို့ဝင်ကြေးလို့ ခေါ်ကြတာပဲ။ ကျွန်တော်တို့ ကတ္တရာလမ်းတွေခင်းတယ်။ အဲ့ဒီအပေါ်မှာ ပြည်သူလူထုက ဘီးလှိမ့်သွားတယ်။အဲ့ဒါ မြို့ဝင်ကြေးလို့ခေါ်တာပါ။ ဥပဒေနဲ့အညီပါပဲ”လို့ဆိုပါတယ်။

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က“မြို့ဝင်ကြေးဆိုတာကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ကောက်တာပါပဲ။ အခုလ အစိုးရဆီတိုက်ရိုက်ကောက်တာက တစ်လ ဝင်ငွေပဲ ရှိပါသေးတယ်။မွန်ပြည်နယ်မှာ လိုအပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့အတွက် မြို့ဝင်ကြေးဆိုတာ ရှိသင့်တယ်။ ထားသင့်တယ်။ ရန်ကုန်ဆိုလည်းမြို့ဝင်ကြေးရှိနေတာပဲ။ မွန်ပြည်နယ်တခုတည်းမဟုတ်ပါဘူး”လို့ ဆိုပါတယ်။

မြို့ဝင်ကြေးတွေကို အရင်ကအစိုးရလက်ထက်က ဆိုရင် ရွှေသံလွင်နဲ့ အေကေ ကုမ္ပဏီနှစ်ခုကို လေလံစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ ဥပမာ အားဖြင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရဲ့ ကောက်ခံနှုန်းထားကို ပြန်လည်သုံးသပ်ရရင် အရင်နှစ်က လေလံအောင်မြင်နှုန်း သိ်န်း ၅၀ဝ သာရှိပြီး အခုနှစ် တစ်ရက်တာ ကောက်ခံနှုန်းထား ၈ သိန်း ၅သောင်း၊ တစ်နှစ်တာ အတွက် သိန်း ၃၀၆၀ ကောက်ခံရရှိနေတဲ့အတွက် လေလံရငွေထက် သိန်း (၂၅၀ဝ) ကျော် ပိုလျှံခဲ့ပါတယ်။

ဒါကြောင့် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကို မြို့ဝင်ကြေးတွေကောက်ခံမှုအတွက် ကုမ္ပဏီတွေကို လေလံမချပေးဖို့ ပြည်နယ်အစိုးရက ညွှန်ကြားခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ် ဇွန်လက စတင်ပြီး စည်ပင်သာယာရေးအဖွဲ့က ကိုယ်တိုင် စတင်ကောက်ခံခဲ့ပါတယ်။ အဲ့ဒီလို တိ်ုက်ရိုက်ကောက်ခံတဲ့အခါမှာ စတင်ကောက်ခံတဲ့သုံးလအတွင်းမှာပဲ ငွေကျပ်သိန်းပေါင်း ၃၇၄၉ ဒသမ ဝ၃ ကျပ် ရရှိခဲ့ပါတယ်။ စည်ပင်က တိ်ုက်ရိုက်ကောက်ခံခဲ့လို့ လာမယ့် ဘတ်ဂျက်နှစ်ကုန်အထိ ဆိုရင် မြို့ဝင်ကြေးကောက်ခံရငွေ စုစုပေါင်း ကျပ် သိန်းတစ်သောင်း နီးပါးရရှိမယ်လို့ မွန်ပြည်နယ်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ဆက်ပြောပါတယ်။

“ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ ရွှေသံလွင်ကုမ္ပဏီနဲ့ အေကေ ကုမ္ပဏီကို လေလံစနစ်နဲ့ ချထားပေးခဲ့တုန်းက အခု ၁၇-၁၈ ဘဏ္ဍာရေးနှစ်ဆိုရင် ငွေကျပ် ၅၉၉ သန်း လောက်ရမယ်လို့ လျာထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ကုမ္ပဏီတွေကို BOT မပေးတော့ဘဲနဲ့ မိမိဝန်ထမ်းတွေနဲ့ပဲလုပ်ပါဆိုတော့ လမိုင်းမြို့အပါအဝင် (၁၁) မြို့နယ်မှာ ဘီးခွန်ကောက်တဲ့လုပ်ငန်းတွေကို ဝန်ထမ်းတွေနဲ့ဆောင်ရွက်နေပါတယ်။ အခု ကိ်ုယ်ကိုယ်တိုင်ဆောင်ရွက်ပြီဆိုတော့ သန်း ၉၀ဝ နဲ့ သန်း ၁၀ဝ၀ ကြားလောက်မှာ ရမယ်လို့ လျာထားပါတယ်”လို့ ဆိုပါတယ်။

တကယ်လို့သာ ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့် ဆက်ပေးခဲ့မယ်ဆိုရင် ဘတ်ဂျက်နှစ်အကုန် သန်း ၆၀ဝ နီးပါးပဲရရှိမှာပါ။ အခု စည်ပင်က တိုက်ရိုက်ကောက်တာ သန်း ၁၀ဝ၀ ရမယ်ဆိုတော့ သန်း ၄၀ဝ လောက်ကွာဟခဲ့ပါတယ်။ ဒါ ဘတ်ဂျက်နှစ်တစ်ခုတည်းကို ဆိုလိုတာဖြစ်ပြီး အရင်ဘတ်ဂျက်နှစ်တုန်းက ဘယ်လောက်တောင်ကွာဟခဲ့မလဲ။ ပြည်နယ်အတွက် နစ်နာစရာတွေပါ။

လက်ရှိမှာ မြို့ဝင်ကြေးတွေကို လမိုင်းမြို့အပါအဝင် မွန်ပြည်နယ် (၁၁) မြို့နယ်လုံးမှာ ယာဉ်ငယ်ကို ၂၀ဝ ကျပ်၊ အလတ်စားယာဉ်ကို ၃၀ဝ ကျပ်နဲ့ ယာဉ်ကြီးကို ၅၀ဝ ကျပ်စီ တပြေးညီ ကောက်ခံနေတာဖြစ်တယ်လို့ ဦးမြင့်အောင်က ဆိုပါတယ်။ မြို့ဝင်ကြေးကောက်တာတမြို့နဲ့တမြို့မတူဘူးဆိုပြီး ပြည်သူတွေ တိုင်ကြားတာတွေလည်း ရှိလာပါတယ်။

တလောကပဲ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က “ သထုံမြို့၊မြို့ဝင်ကြေးကောက်ခံရေးဂိတ်မှ မြို့ဝင်ကြေးကောက်ခံနေသူများသည် ၂၀ဝပေးဆောင်ရမည့်ကားများကို ၃၀ဝကောက်ခံနေပြီး၊ ၃၀ဝရာကောက်ခံရမည့်ကားများကို ၅၀ဝကောက်ခံနေကြောင်း ၊ ဘာကြောင့် ၅၀ဝ ကောက်ခံရတာလဲဟု အကျိုးအကြောင်းမေးရာ ၅၀ဝ မပေးရင် ဒီကားပေးမထွက်နဲ့ဟု ရိုင်းပြစွာ တားမြစ်လျက်ရှိကြောင်း ပြည်သူများမှ တိုင်ကြားလားပါသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် မြို့ဝင်ကြေးကောက်ခံမှုကို သေချာစွာစီမံခန့်ခွဲမှုမပြုနိုင်လျှင်၊ မြို့ဝင်ကြေးကောက်ခံမှူကိုဆက်လက် မပြုသင့်တော့ပါ။ မြို့ဝင်ကြေးကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပြည်သူများ၏ငြိုငြင်မှု တနေ့တခြား ပိုမိုများပြားလာပါသည်။ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူက လက်မခံလျှင် ဆက်လက်လုပ်ဆောင်ရန်မသင့်တော့ပါ။(မှတ်ချက်) အခြားမြို့များက ၅တန်အထိကို ၃၀ဝ၊ သထုံတစ်မြို့ထဲ ၅ တန်နှင့်အထက် ၅၀ဝ” လို့ ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ အသိပေးခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ မော်လမြိုင်ဒေသခံတစ်ဦးကတော့ မြို့ဝင်ကြေးတွေကို မြို့တွင်းသွားလာနေရသူတွေပါ ပေးဆောင်နေပြီး မှန်မှန်ကန်ကန်ကောက်ခံစေချင်တယ်လို့ဆိုပါတယ်။

“စက်မှုဇုန်နဲ့ညောင်ပင်ဆိပ်ဆိုတာ ဝန်ကြီးချုပ် ဦးအုန်းမြင့် လက်ထက်က မော်လမြိုင်မြို့နယ်ထဲကို သွင်းထားတာပါ။ သူတို့က အတ္ထရံတံတားထိပ်မှာ မြို့ဝင်ကြေးထွက်ကောက်တယ်။အစ်ကိိုုတို့ စက်မှုဇုန်၊ ညောင်ပင်ဆိပ်သွားတယ်။ဒါတွေဟာ မြို့တွင်းပဲ။ ပြန်လာရင် မြို့ဝင်ကြေးပေးရတယ်။ ဒါမဖြစ်သင့်ဘူး။ ကောက်တာကို အပြစ်မမြင်ဘူး။ မြို့တိုးတက်ဖို့လုပ်တာပဲ။ မှန်မှန်ကန်ကန် ကောက်စေချင်တာပါ။ သထုံမှာ ပိုကောက်တယ်။အစ်ကိုတို့က ပြောတယ်။ နှစ်ဘီးတန်းတွေက တန်က ၈၅၀ ပဲ၊ တစ်တန်တောင်မပေါက်ဘူး။ သူတို့က လက်မခံဘူး။ အနောက်နှစ်ဘီးတန်း ဖြစ်လို့ဆိုပြီး ၃၀ဝ ကောက်တယ်။ အစ်ကိုတို့လည်း သိပ်မပြောတော့ဘူး။ ပိုက်ဆံ ၁၀ဝ လေးနဲ့ ခေါင်းရှုပ်မခံတော့ဘူး။ ပေးစရာရှိတာပဲ ပေးလိုက်တော့တယ်” လို့ သူက ဆိုပါတယ်။

သထုံမြို့ဝင်ကြေးကောက်ခံတဲ့အပေါ် မြို့ဝင်ကြေးပိုကောက်နေတာတွေကို ပြည်သူက မေးမြန်းရင် လူကြီးက ကောက်ခိုင်းတာဆိုပြီး စည်ပင်ဝန်ထမ်းတချို့ ရိုင်းပြစွာ ဆက်ဆံပြုမှုတာတွေရှိနေပြီး အရေးယူပေးဖို့တိ်ုင်ကြားမှုတွေရှိနေပေမယ့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင် ပြောပြတာက “အဲ့ဒါကတော့ Technical Error ပါ။ဘောင်ချာကို ပြန်ပြင်ခိုင်းတယ်။၅ တန်အတိကတော့ ၃၀ဝ ပါပဲ။ပေးတဲ့သူကလည်း ခပ်ငေါက်ငေါက်လေးပြောပါလိမ့်မယ်။ တို့ဆီက ခပ်ဆတ်ဆတ်ဝန်ထမ်းနဲ့တွေ့တဲ့အခါကျတော့ အခြေအတင်ဖြစ်ကုန်တာပေါ့။ ထိန်းတော့ ထိန်းလိုက်ပါပြီ။ ဘောင်ချာတွေပြန်စစ်လိုက်တဲ့အခါ Error နည်းနည်းပါသွားလို့ (၂) တစ်လုံးပိုသွားလို့ ဘောင်ချာတွေကို ပြန်သိမ်းခိုင်းထားတယ်။ ပိုကောက်တာလည်း မဟုတ်ပါဘူး။ အရေးယူတာတို့ တိုင်ကြားတာတို့ အဲ့ဒီအဆင့်တော့ မရှိပါဘူး” လို့ ဆိုပါတယ်။

ဘောင်ချာအမှားကြောင့်ဟု ဝန်ကြီးရဲ့ တုံ့ပြန်ပြောကြားချက်အပေါ် ဘောင်ချာကို အရေးပေးဖို့ကိုလည်း လူမှုကွန်ရက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ မြို့ဝင်ကြေးကောက်ခံငွေတွေကို ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးချ နေပြီး လမ်းပိုင်းတချို့ကိုလည်းနိုင်လွန်ကတ္တရာခင်းဖို့ရှိတယ်လို့ဆိုပါတယ်။

“ရရှိတဲ့ အခွန်အခအားလုံးဟာ ကျွန်တော်တို့ အဖွဲ့ ရံပုံငွေထဲကိုဝင်ပြီးတော့သက်ဆိုင်ရာအစိုးရရဲ့ ပြည်နယ်ရံပုံငွေ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ မြို့ပေါ်မှာ ဆောင်ရွက်နေတဲ့လမ်းတွေ၊ တံတားတွေ၊ ရေပေးရေးတွေ အခြားသန့်ရှင်းရေးကိစ္စတွေ၊ ယာဉ်စက်ယန္တရားတွေ ဝယ်တာတွေ ဒီရံပုံငွေထဲကပဲ ဆောင်ရွက်နေတာပါ။ သမိန်ဗရမ်းလမ်းရယ်၊ သာသနာ့ဗိမာန်လမ်းရယ်၊အာမခံတြိဂံကနေ ပတ္တမြားကုန်ဆင်း တောင်ဝိုင်းလမ်းတွေကို နိုင်လွန်ကတ္တရာလမ်းခင်းဖို့ရှိတယ်” လို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ဆိုပါတယ်။

မုတ္တမ မှ မော်လမြိုင်ကို နေ့စဉ် ဖြတ်သန်းသွားလာနေသည့် မုတ္တမဒေသခံ တစ်ဦးဖြစ်သူ ဦးကိုကိုလင်းပြောတာက “မုတ္တမ မှာ နေတဲ့လူကို တံတားဟိုဘက်ခြမ်းက မော်လမြိုင်ကို သွားရင် တနေ့ နှစ်ခေါက်သွားရင် နှစ်ခေါက်ပေးရတယ်။အသွား (၆၀ဝ) ၊ အပြန်(၆၀ဝ) ၊ မြို့ဝင်ကြေးက ၂၀ဝ ၊ တခါသွားရင် ၁၄၀ဝ ပေးနေရပါတယ်။မြို့ဝင်ကြေးတွေ ကောက်ပြီး ဒေသဖွံ့ဖြိုးရေးမှာသုံးမယ့်အစား ဖျက်သိမ်းလိုက်တာမှ ပြည်သူတွေပို ဝမ်းသာမှာပါ။”

ရေး-မော်လမြိုင် ပြေးဆွဲနေတဲ့ ယာဉ်မောင်းတစ်ဦးကလည်း “စုစုပေါင်းဆိုရင် ရေးကနေ မော်လမြိုင်ကိုသွားရင် အသွားကို ၁၉၀ဝ ၊ အပြန်ကို ၁၄၅၀ အရင်က BOT ကတွဲကောက်တယ်။ အခုမကောက်တော့ဘူး။ စည်ပင်က သက်သက် BOT က သက်သက်ဆိုတော့ နှစ်ခါပေးရသလိုဖြစ်နေတယ်။ သံဖြူဇရပ်လွန်သွားပြီဆိိုရင် ပိန္နဲတောလမ်းရယ်၊ ကုန်းမြင့်သာယာရယ် လမ်းတွေဆိုးတယ်”လို့ ဆိုပါတယ်။
မြို့ဝင်ကြေးကောက်ခံသည့် ကိစ္စ ဆက်လက်လုပ်ဆောင်ရန် သင့်မသင့် ၂၀၁၈ ခုနှစ်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရတို့နဲ့ ဆွေးနွေးတိုင်ပင်သွားဖို့ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိ်ုယ်စားလှယ် ဦးအေးမင်းဟန်က“မြို့ဝင်ကြေးကောက်ခံတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ပြည်သူတွေရဲ့အသံကို နားထောင်နေတယ်။မြို့ဝင်ကြေးကောက်တဲ့အပေါ် ကျွန်တော်တို့ပြည်သူတွေက အကောင်းမြင်လား၊ အဆိုးမြင်လားပေါ့။ ပြည်သူတွေရဲ့ သဘောထားနဲ့လုပ်ဖို့ရှိပါတယ်။ ပြည်သူတော်တော်များများကတော့ မြို့ဝင်ကြေးမကောက်ဖို့ပြောထားပါတယ်။ ဝန်ကြီးချုပ်တို့ ပြည်နယ်အစိုးရတို့နဲ့ တိုင်ပင်ပြီးတော့ ၂၀၁၈ ကျရင်တော့ ပြန်တိုင်ပင်ကြမယ်။ မကောက်ဖို့တော့ ကျွန်တော်တိုက်တွန်းဖို့များပါတယ်။ ကျွန်တော်ကတော့ မကောက်သင့်တော့ဘူးလို့မှတ်ယူထားပါတယ်။” လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ ဒုတိယအပတ်ကနေ သြဂုတ်လကုန်အထိ စည်ပင်သာယာရေးအဖွဲ့ရဲ့စာရင်းများအရ သထုံမြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၈၉၃.ဝ၉ နဲ့ အများဆုံးကောက်ခံရရှိပြီး ဘီးလင်းမြို့နယ်မှာ သိန်း ၆၄၉.၉၇ ကျပ် ၊ မုဒုံမြို့နယ်မှာ သိန်း ၆၂၄.၅၇ ကျပ်၊ ကျိုက်ထိုမြို့နယ်မှာ သိန်း ၅၃၅.၆၆ ကျပ် ၊မော်လမြိုင်မြို့နယ်မှာ သိန်း ၅၀၆.၃၁ ကျပ် ၊ ပေါင်မြို့နယ်မှာ သိန်း ၁၈၂.၃၃ ကျပ်၊ သံဖြူဇရပ်မြို့နယ်မှာ သိန်း ၁၅၆.၁၅ ကျပ် ၊ ရေးမြို့နယ်မှာ သိန်း ၁၂၈.၇၃ ကျပ်၊ ချောင်းဆုံမြို့နယ်မှာ သိန်း ၄၉.၆၆ ကျပ် အထိ ရရှိခဲ့ပြီး ကျိုက်မရောမြို့နယ်မှာ သိန်း၂၂.၅၆ ကျပ်နဲ့ အနည်းဆုံးရရှိခဲ့ပါတယ်။

သို့သော်လည်း ရခိုပြည်နယ်မှာတော့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အတွက် ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်(၁၀/၂၀၁၇)အရ မြို့ဝင်ကြေးကောက်ခံတဲ့လိုင်စင်တွေကို ဇွန်လ(၁) ရက်နေ့မှ စတင်ဖျက်သိမ်းခဲ့ပါတယ်။

ထို့အပြင် ရခိုင်ပြည်နယ်မှာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြို့ဝင်ကြေးလိုင်စင်စုစုပေါင်း ၁၉ ခုရှိပြီး လေလံကြေးမှာ ကျပ်သိန်းပေါင်း ၉၄၂ ဒသမ ၇၀ ဖြစ်ပြီး မြို့ဝင်ကြေးကောက်ခံခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ထည့်သွင်းဆောင်ရွက်ခြင်း မပြုသင့်ဘူးဆိုပြီး ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်ကြေးကောက်ခံခြင်းကို ဖျက်သိမ်းပေးရန် မေလ (၂) ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရမှ လိုင်စင်ကြေးတွေကို ပေးချေကာ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ ချွေးနည်းစာတွေနဲ့ ကောက်ခံရရှိခဲ့တဲ့ ပြည်သူ့ငွေတွေနဲ့ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နေတဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေမယ့်အစား စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ စီးပွားရေးလုပ်ငန်းများမှရရှိမယ့် အခွန်အခတွေကို တိတိကျကျကောက်ခံပြီး ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုသင့်ပါကြောင်း တင်ပြအပ်ပါတယ်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: