spot_img
Tuesday, March 19, 2024
More
    spot_img
    Homeမေးမြန်းချက်နိုင်အောင်မငေးနှင့် တွေ့ဆုံမေးမြန်းခြင်း

    နိုင်အောင်မငေးနှင့် တွေ့ဆုံမေးမြန်းခြင်း

    -

    နိုင်အောင်မငေးသည် မွန်ပြည်သစ်ပါတီ New Mon State Party ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ညီညွှတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ United Nationalities Federal Council – UNFC မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation – DPN တွင် ဒုတိယ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ နှစ်ရက်ကြာ ကျင်းပပြု လုပ်ခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့ တွေ့ဆုံးဆွေးနွေးမှုအပေါ် မွန်သတင်းအေဂျင်စီမှ အလွတ် သတင်းထောက် မင်းအောင်ထူးနိုင် တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

    မင်းအောင်ထူးနိုင် – ဒီတစ်ခေါက် ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN တွေ့ဆုံဆွေးနွေးမှုမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်ခဲ့ ပါသလဲ။
    နိုင်အောင်မငေး – အောက်တိုဘာ ၂၃ ရက်က ၂၄ ရက်အထိ တွေ့ဆုံခဲ့ရာမှာ ကျွန်တော်တို့အရင်က အဆိုပြု ထားတဲ့ (၉) ချက်ပေါ့။ ဒီ (၁၅)လကြာ (၉) ချက်က ဒီတစ်ခေါက်ဆွေးနွေးမှုမှာ တော်တော်လေး အောင်မြင်မှု ဖြစ်တယ်။ ဒီဆွေးနွေးမှုက ယေဘုယျအားဖြင့် အကုန်လုံးနီးပါးတော့ သဘောတူညီမှု ရတယ်။ ဒါပေမဲ့ တချို့ စစ်ဘက်ဆိုင်ရာကိစ္စတွေမှာ ကျွန်တော်တို့ရဲ့ စစ်ဘက်အဖွဲ့အစည်းဝင်တွေက သေသေချာချာ မသိသေးတဲ့ အချက်တွေက ဆွေးနွေးဖို့ နည်းနည်း ကျန်သေးတယ်။ ဒီအဆိုပြုအချက်တွေက ကျန်တဲ့အချက်တွေမှာလည်း အဓိပ္ပာယ်လွဲမှားမှုတို့၊ နေရာလွဲမှားမှုတို့ ဒါလောက်ပဲ ရှိပါတော့တယ်။ ကျန်တာတော့ သိပ်ကြီးကြီးမားမား မရှိတော့လို့ ယေဘုယျအနေနဲ့ ကောင်းတယ်လို့ ပြောရမှာပါ။

    DPN ဒုတိယခေါင်းဆောင် နိုင်အောင်မငေး(MNA)
    မင်းအောင်ထူးနိုင် – တပ်ပိုင်းဆိုင်ရာ ကိစ္စလေးတွေမှာ ဘယ်လိုစကားလုံး ကွဲပြားမှု ဖြစ်တယ်ဆိုတာ ရှင်းပြပေးပါဦး။
    နိုင်အောင်မငေး – ကွဲပြားမှုဖြစ်တယ်ဆိုတာက ကျွန်တော်တို့အရင်က အဆိုပြုချက် နံပတ်(၅) မှာ နိုင်ငံရေးဆိုင် ရာမူဘောင် ပြန်လည်ညှိနှိုင်းခြင်းနဲ့ JMC ထဲမှာ တပ်ပိုင်းဆိုင်ရာ အစီအစဉ်ပေါ့။ CoC တို့ ၊ ToR တို့၊ SoP တို့ ဆွေးနွေးတဲ့အခါကြရင် ဆွေးနွေးမှုအစီအစဉ်ကို ကျွန်တော်တို့ ကြိုတင်သဘောတူညီမှု ရဖို့လိုတယ်။ အဲဒီ ဆွေးနွေးမှု အစီအစဉ်ကို ပြန်ပြီးတော့ ထုတ်နုတ်တဲ့အခါကြရင် ကျွန်တော်တို့တင်ခဲ့တဲ့ ဆွေးနွေးမှုအစီ အစဉ်ဟာ ဘယ်လို ဆွေးနွေးကြမလဲ။ အဲဒီ အစီအစဉ်မှာ ကျန်တဲ့မူဘောင်ဆိုင်ရာ သဘောတူညီဖို့ ပြန်လည်လက်ခံမှု ရနိုင်ဖို့အတွက် မပြီးပြတ်သေးဘူး။ မပြီးပြတ်သေးဘူးဆိုတာက တပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေလာမှပဲ ကျွန်တော် တို့ကလည်း ကျွန်တော်တို့ရဲ့ တပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေလာမှ ညှိနှိုင်းပြီးမှပဲ သေချာမယ်လို့ ထင်တယ်။ ဒါက ကျွန်တော်တို့ ချန်ထားတဲ့အရာပေါ့။ ဥပမာ ဆွေးနွေးမှုအစီအစဉ်ဆိုရင် ကြားကာလအစီအစဉ် သတ်မှတ်ရေးတို့၊ တပ်ပိုင်းဆိုင်ရာနေရာ သတ်မှတ်ရေးတို့၊ နောက် JMC မှာပါတဲ့ CoC,ToR,SoP တို့ ပြန်လည်သုံးသပ်ရေးတို့ အဲဒီကိစ္စတွေ၊ နောက်ကျွန်တော်တို့နဲ့ တစ်ဖက်နဲ့တစ်ဖက် အဓိပ္ပာယ်သတ်မှတ်ရေးတို့၊ အပစ်ရပ်နေမြေတို့ ကြား ခံနယ်မြေတို့ အဲဒီကိစ္စတွေက ကျွန်တော်တို့ အသေးစိတ်ပြန်လည်ဆွေးနွေးမယ်။ ဒီခေါင်းစဉ်ပိုင်းမှာ လုပ်ငန်းအ ကောင်ထည်ဖော်မှုအပေါ်မှာဆိုရင်လဲ ကျွန်တော်တို့ NCA ရေးထိုးပြီးမှပဲ ပြန်လည်ပြီးတော့ စနစ်တကျလုပ်မယ်။

    မင်းအောင်ထူးနိုင် – အခု တရားဝင်ဆွေးနွေးပွဲလုပ်တာလည်း (၇)ကြိမ် ရှိပြီ။ ဆွေးနွေးပွဲတိုင်းမှာလဲ လေးချက်၊ ငါးချက် လောက်ပဲရပြီး အဆိုပြုချက်တွေက မပြတ်ဘဲ ပြန်သွားရတယ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
    နိုင်အောင်မငေး – ဒီတစ်ပတ်ဆွေးနွေးပွဲကတော့ ပြီးခဲ့တဲ့ ကျွန်တော်တို့ ဆွေးနွေးပွဲနဲ့ ပြန်ပြီးနှိုင်းယှဉ်ကြည့်ရင် ဒီတစ်ပတ် (၈) ချက်လုံး အပြီးအပြတ် ဆွေးနွေးလို့ရတယ်။ ဒါပေမဲ့ အချက်တစ်ခုချင်းစီရဲ့ အတွင်းထဲမှာပဲ စကားလုံးအထားအသိုတို့၊ အဓိပ္ပာယ်ဖွင့်ဆိုချက်က တစ်ယောက်နဲ့တစ်ယောက် မတူသေးတာတို့ ပြန်လည် မေးဖို့ပေါ့။ အဲဒီလောက်ပဲ ကျန်တော့တာပါ။ ဒီတစ်ပတ်ဆွေးနွေးမှုက နှစ်ဦးနှစ်ဘက် သဘောတူတဲ့အပိုင်း ဖြစ်ပါတယ်။

    မင်းအောင်ထူးနိုင် – DPN နဲ့ PC ဆွေးနွေးရတဲ့အခါမှာ တချို့အချက်တွေကို လျှော့ပေးပြီး ဆွေးနွေးခဲ့ရတယ်လို့ DPN က ဦးထွန်းဇော်က မနေ့က ပြောသွားတယ်။ အဲဒီတော့ ဘယ်လိုအချက်တွေကို လျှော့ခဲ့ရတာလဲ၊ ဘယ်လောက် အထိ လျှော့ပေးခဲ့ရသလဲ။
    နိုင်အောင်မငေး – ဥပမာ ကျွန်တော်တို့ရဲ့ မူရင်းအဆိုပြုချက် (၉)ချက်ထဲကို ပြန်ကြည့်လိုက်မယ်ဆိုရင် နံပတ် တစ်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲခြင်းကို ကြေညာရမယ်လို့ ကျွန်တော်တို့ ပြောထားတယ်။ အဲဒီတော့ ကျွန်တော်တို့ လွှမ်းခြုံတာ တစ်နိုင်ငံလုံးပေါ့။ ဒါပေမဲ့ နောက်ဆုံးဘယ်လိုဖြစ်လာလဲဆိုတော့ တစ်နိုင်ငံလုံးမဟုတ် ဘဲနဲ့ UNFC ရဲ့ အဝန်းအဝိုင်း လက်မှတ်ထိုးထားတဲ့အဖွဲ့အစည်းနဲ့ပဲ အပစ်ရပ်စဲရေးလုပ်မယ်ဆိုတော့ အတော် လေးနစ်နာတာပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့က တော်လှန်ရေးဖြစ်တာကြောင့် တိုင်းရင်းသားလက် နက်ကိုင်အဖြစ် ခံယူတယ်။ ဒါကို ကျွန်တော်တို့က တော်လှန်ရေးစကားလုံးမသုံးတော့နဲ့။ တော်လှန်ရေးဆိုတာ အားလုံးသဘောပေါက်တယ်ဆိုတာကို ကျွန်တော်တို့က လက်ခံတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာ ကျွန်တော် တို့လျှော့ပေးထားတာက စကားလုံးအနေအထားအရဖြစ်စေ၊ ဥပမာ NCA အငြင်းပွားမှု ဖြစ်လာခဲ့မယ်ဆိုရင် JICM မှာ နိုင်ငံတကာပါဝင်မှု၊ ဖျန်ဖြေမှုအဖွဲ့ ကျွန်တော်တို့ တောင်းထားတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ နောက်ဆုံးသဘောတူညီချက်က ဒီ JICM မှာ ကျွန်တော်တို့ အသီးသီးပဲ ပါဝင်ကြတယ်ဆိုတော့ ဒီ JICM မှာပဲ ဖြေရှင်းကြ အဲဒီလိုပုံစံပေါ့။ ကျွန်တော်ပြောချင်တာက မူရင်းကျွန်တော်တို့တင်ထားတာထက်ကို အခုအများကြီး လျှော့ပေးထားတယ်လို့ ပြောရမှာပေါ့။ ဒါကနှစ်ဘက်ညှိနှိုင်းမှုပုံစံပေါ့။ လျှော့တယ်လို့ မမြင်ဘူး။ ဖြစ်စဉ်ကို ပြီးမြောက်ဖို့အတွက် ရည်ရွယ်ပြီးပြောတာပါ။

    မင်းအောင်ထူးနိုင် – DPN က အဆိုပြုချက်အပေါ်မှာတော့ တရားသေကိုင်စွဲပြီး ဆွေးနွေးမှုမလုပ်ဘဲ လျှော့ပြီးဆွေးနွေးခဲ့ တယ်ဆိုပေမဲ့ ဆွေးနွေးနေရတဲ့ တစ်ဘက်အဖွဲ့အစည်းရဲ့ သဘောထားကရော ဘယ်လိုရှိတယ်လို့ မြင်လဲ။
    နိုင်အောင်မငေး – တစ်ဘက်က ဆွေးနွေးရတာမှာ ကျွန်တော်တို့နားလည်မှုရတာက သူတို့လည်း သူတို့အခက် အခဲ ရှိမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီလိုဆွေးနွေးမှုအပိုင်းက တစ်ခါမှ မရှိဘူးတဲ့အခင်းအကျင်း ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ ရည်းမှန်းတာက ဒီအပစ်အခတ်ရပ်စဲရေး စာချုပ်က အပစ်ရပ်မယ်၊ နိုင်ငံရေးဆွေးနွေးပွဲ တက်မယ်။ ဒီစာချုပ်က နှစ်ပိုင်းဖြစ်နေတယ်။ အပစ်အခတ်ရပ်စဲရေးအပြင် တကယ့်ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အပြီးအပိုင် ငြိမ်းချမ်းရေးရဖို့ အဲဒီလို ရည်ရွယ်ထားတယ်။ အဲဒီမှာ သူတို့လည်း အခက်အခဲ အကြပ်အတည်းတွေ ဖြစ်တယ်။ နောက် အပစ်ရပ်အဖွဲ့ (၈)ဖွဲ့မှာလည်း ကျွန်တော်တို့ ပြန်သုံးသပ်တာက သူတို့ရဲ့အားနည်းချက်ကို ချိန်ညှိပြီးတော့ ဒါကို ကျွန်တော်တို့က သူတို့ကိုလည်း သူတို့အခက်အခဲပေါ်မှာ သူတို့ကို နားလည်မှုပေးတာပေါ့။

    မင်းအောင်ထူးနိုင် – အခု DPN ဆွေးနွေးနေရတာက အစိုးရဆိုပေမယ့် အဲဒီမှာ အစိုးရရယ်၊ တပ်မတော်ရယ်၊ လွှတ်တော်ရယ်သုံးဖွဲ့ ရှိတယ်။ အဲဒီအဖွဲ့တွေရဲ့ တစ်ဖွဲ့ချင်းသဘောထားအပေါ်ရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။
    နိုင်အောင်မငေး – အမှန်တကယ်တော့ ကျွန်တော်တို့က PC နဲ့ ဆွေးနွေးနေရတဲ့ပုံစံပေါ့။ ဒါပေမဲ့ PC က အဝန်း အဝိုင်းကြီးတဲ့အတွက် PC မှာ တပ်မတော်ပါတယ်။ လွှတ်တော်ပါတယ်။ အစိုးရပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် အနေအထားနဲ့ ကြည့်ရင် PC ဆုံးဖြတ်ချက်အနေနဲ့ပဲ ကျွန်တော်တို့ ယူတယ်။ ကျွန်တော်တို့ အဆိုပြုထားတဲ့ (၈)ချက်ကို ပြန်ကြည့်လိုက်ရင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲအတွက်ပါတယ်။ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲအတွက် ပါတယ်။ နိုင်ငံတကာပါဝင်မှုပါတယ်။ နောက်တစ်ခါ လူသားချင်းစာနာမှု အထောက်အကူပြုမှုပေါ့။ ဒါက တပ်နဲ့ လည်း ပြောရတာရှိတယ်။ အစိုးရနဲ့ ပြောရတာ ရှိတယ်။ နောက် လွှတ်တော်နဲ့ ပြောရတာ ရှိတယ်။ ဒါပေမဲ့ သူတို့ အခန်းကဏ္ဍမှာ သူတို့ ကိုယ်စားပြုပြီး ပြောကြတာပေါ့လေ။

    မင်းအောင်ထူးနိုင် – DPN အနေနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေ၊ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေလည်း အများကြီးရှိခဲ့ပေမယ့် ဆွေးနွေးမှု ရလဒ်တွေက မပြတ်ဘူးဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။
    နိုင်အောင်မငေး – ဒီလိုမပြတ်တာက အသေးစိတ်အကြောင်းအရင်းကို မသိသေးဘူး။ အခုဆိုရင် စာပိုဒ်တစ်ပိုဒ် ထဲမှာ ဒီလိုအားနည်းချက်တွေ ရှိတယ်။ အဓိပ္ပာယ်ဖော်ပြမှု၊ အဓိပ္ပာယ်မှတ်ယူမှု မတူညီတဲ့အားနည်းချက်ရှိတယ်။ ဒါကိုကျွန်တော်တို့ ပြန်သုံးသပ်ပြီးတော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် UNFC ကို ပြန်တင်ပြမယ်။ အပေါ်ကနေ လမ်းညွှန်ချက် ဘာပေးလာမလဲပေါ့။ ဒါကြောင့်မို့ ဒါကို ကျွန်တော်တို့က ပြီးပြတ်သေးတယ်လို့ မခံယူရသေးဘူး။ ဒါကြောင့်မို့လဲ ဒီ (၈)ချက် က ပြတ်သွားပြီလို့လဲ မခံယူရသေးဘူးလို့ မှတ်ချက်ပြုချင်ပါတယ်။
    မင်းအောင်ထူးနိုင် – လာမယ့် ၈ ရှက်နေ့မှာ ဆွေးနွေးဖို့ရော DPN အနေနဲ့ ဘာတွေပြင်ဆင်ထားလဲ။ ဘယ်လိုမျှော်လင့် သလဲ။
    နိုင်အောင်မငေး – လာမယ့် ၈ ရက်နေ့အတွက်ကတော့ အခုဒီက အခက်အခဲတွေကို ကျွန်တော်တို့ ခေါင်း ဆောင်ကို ပြန်တင်ပြမယ်။ PC ကတော့ ပြောထားတာ ဒီလိုပြောထားတယ်။ ဒီလိုနားလည်ထားတာ ရှိတယ်။ PC ရဲ့အခက်အခဲက ဒီလိုရှိတယ်ဆိုတာကို ခေါင်းဆောင်ကို တင်ပြမယ်။ အဲဒါကို ခေါင်းဆောင်တွေကပဲ ကျွန်တော် တို့ကို ဘယ်လိုမှတ်ချက်ပေးမလဲပေါ့။ ဒါက ပြောရင်းပြင်ရင်း ဆွေးနွေးပွဲသွားရင်းနဲ့ UPC ထဲမှာ ချေဖျက်လို့ရ တယ်။ နောက် ကျွန်တော်တို့ ညီနောင်အပစ်ရပ် ၈ ဖွဲ့နဲ့လည်း ညှိနှိုင်းပြီးသွားလို့ရတယ်ဆိုတာကို ကျွန်တော်တို့ ခေါင်းဆောင်ကို ပြန်တင်ပြရမှာပေါ့။

    မင်းအောင်ထူးနိုင် – အခု အဆိုပြုချက်တွေကလည်း တဖြေးဖြေးနဲ့ ပြီးပြတ်တော့မယ်။ ပြီးပြတ်ရင် UNFC က NCA ထိုးနိုင် ဖို့အတွက် ဘာတွေပြင်ဆင်ထားပြီလဲ။ NCA ထိုးပြီးရင်ရော ဘာတွေလုပ်ဖို့ ရှိလဲ။
    နိုင်အောင်မငေး – ကျွန်တော်တို့ ဒီသဘောတူညီချက် ၈ ချက် ပြီးရင် နံပတ် ၉ ထဲမှာ NCA ထိုးဖို့ အတိအလင်း ရေးထားတယ်။ ဒါပေမဲ့ ဒီ ၈ ချက်က ကျွန်တော်တို့နဲ့ PC နဲ့ သဘောတူညီချက်ရပြီးတော့ ဒီ ၈ ချက်ထဲကဟာကို NCA အပေါ် ဘယ်လိုထည့်သွင်းပြီးတော့ ဘယ်လို အကျုံးဝင်မှုဖြစ်မယ်ဆိုတာတော့ ပြန်ပြောရမှာပေါ့။ နောက် ကျွန်တော်တို့က NCA ထိုးပြီးသွားရင် NCA ထိုးတဲ့အချင်းချင်းမှာ UPC တက်ဖို့၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲလုပ်ဖို့၊ နောက် UPDJC ထဲမှာ ဝင်ရောက်ဆွေးနွေးဖို့၊ အဲဒီမှာတင် အများကြီး ရှိသေးတယ်။ ဒါတွေရှိတော့ ကျွန်တော်တို့ရဲ့ UNFC ကနေညှိနှိုင်းပြီးတော့ ဒီ NCA ဘောင်ထဲမှာ ပြင်ဆင်ထားတာတော့ အများကြီး ရှိပါ တယ်။

    မင်းအောင်ထူးနိုင် – UNFC အနေနဲ့ အခုအပစ်ရပ်ထားတဲ့ ၈ ဖွဲ့နဲ့ သဘောထားဆက်ဆံရေး၊ နောက် မြောက်ပိုင်း အဖွဲ့တွေဖြစ်တဲ့ FPNCC နဲ့ ဆက်ဆံရေး ဘယ်လိုရှိပါသလဲ။
    နိုင်အောင်မငေး – ကျွန်တော်တို့ UNFC အနေနဲ့ အမြဲတမ်းအစည်းအဝေးလုပ်တဲ့အခါကြရင် ကျွန်တော်တို့ သင်ခန်းစာတွေ၊ သတိတရားတွေ၊ အားနည်းချက်တွေ ရရှိဖို့အတွက် အမြဲတမ်း ကျွန်တော်တို့ ၈ ဖွဲ့ကို ခေါ်ပါ တယ်။ သူတို့ရဲ့ အတွေ့အကြုံအရ ဘယ်လိုအားနည်းချက်ရှိလဲ၊ ဘယ်လိုအားသာချက်ရှိလဲ၊ ပူးပေါင်းဆောင်ရွက် မှု ဘယ်လိုရှိလဲ၊ ကျွန်တော်တို့ အမြဲတမ်း ဒီညီနောင် ၈ ဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်ကြတယ်။ ဥပမာ JMC ကိစ္စနဲ့ ပတ် သက်လို့ အတူတူသွားနိုင်ဖို့၊ ဒီလိုမသွားလို့မရဘူး။ အခုဖြစ်စဉ်က တစ်ခုထဲ ဖြစ်နေတယ်ပေါ့နော်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ဖွဲ့ထဲတော့ သွားလို့မရဘူး။ ဒါကိုလည်း ကျွန်တော်တို့ အမြဲတမ်း ညှိတယ်။ ညှိပြီးတော့ NCA လမ်းကြောင်းပေါ်မှာ EAOs လမ်းကြောင်းအတိုင်း အတူတူ သွားလို့ရပြီပေါ့။

    မင်းအောင်ထူးနိုင် – UNFC အဖွဲ့ဝင်ဖြစ်တဲ့ SSPP က နုတ်ထွက်ခွင့်တောင်းထားတဲ့အပေါ် သတင်းထုတ်ပြန်တာတွေ လည်း မရှိဘူးဆိုတော့ SSPP အပေါ် UNFC က ဘယ်လိုဆုံးဖြတ်ထားတာရှိသလဲ။
    နိုင်အောင်မငေး – ကျွန်တော်အခုပြောနေတာက UNFC ရဲ့ အလုပ်ကော်မတီဖြစ်တဲ့ DPN အနေနဲ့ပဲ သွားမယ် ပေါ့နော်။ ဒီကရလာမယ့် ဆွေးနွေးပွဲအဖြေတစ်ခုခုရလာရင် နိုင်ငံရေးရဲ့ အပြောင်းအလဲတစ်ခုဖြစ်လာတဲ့အခါကြ တော့ UNFC ရဲ့ ကော်မတီ ဆွေးနွေးပွဲပဲ ဖြစ်ဖြစ်၊ ကြားဖြတ်ညီလာခံပဲဖြစ်ဖြစ် အစည်းအဝေးကြီးတစ်ခု လုပ်မယ်။ အဲဒီမှာ ကျွန်တော်တို့က ကျွန်တော်တို့ လမ်းကြောင်းအတိုင်း SSPP က လိုက်မလိုက် အဲဒီမှာ အဖြေ ရှိလာမယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ အနေနဲ့ ဒီကြားကာလမှာ သူ့ကိုနုတ်ဖို့ သူ့ကို ပေးထွက်ဖို့ အခြေအနေမရှိသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ NCA ထိုးဖြစ်မယ် မထိုးဖြစ်ဘူးဆိုတာ မသေ ချာသေးဘူးလေ။ NCA ထိုးဖို့ တိတိကျကျမဖြစ်သေးလို့ သူ့ကို ကျွန်တော်တို့ ဘာမှမပြောသေးဘူး။

    မင်းအောင်ထူးနိုင် – အဲဒါဆိုရင် SSPP ရဲ့သဘောထားကရော UNFC ကနေ နုတ်ထွက်ဖို့ တင်ထားတယ်ဆိုတော့ UNFC ရဲ့ မူဝါဒတွေကို မကြိုက်လို့လား၊ ဒါမှမဟုတ် တခြားဘယ်လိုသဘောထားရှိလို့လဲ။
    နိုင်အောင်မငေး – သူတို့ပြောတဲ့အဆိုအရ သူတို့က အခြေအနေအကြောင်းအရာ သူတို့ရဲ့ နယ်မြေအခြေအနေ တင်းကျပ်ခဲ့တဲ့အကြောင်းမို့ သူတို့ FPNCC မှာဝင်ရတယ်ဆိုတဲ့ သဘောကို ပြောတယ်လေ။ ဒါပေမဲ့ သူတို့ ဝင်တယ်ဆိုပေမယ့် သူတို့ ကျွန်တော်တို့ရဲ့ UNFC အဖွဲ့အစည်းထဲမှာ ရှိနေတုန်းပါပဲ။

    မင်းအောင်ထူးနိုင် – ကျွန်တော်မေးခဲ့တဲ့ မေးခွန်းတွေအပေါ်မှာ ဖြည့်စွက်ပြီး ပြောချင်တာရှိရင် ပြောပေးပါဦး။
    နိုင်အောင်မငေး – ကျွန်တော်တို့သွားတဲ့ခြေလှမ်းက တချို့က ကျွန်တော်တို့ကို ပြောတယ်။ UNFC အနေနဲ့ DPN လှုပ်ရှားမှုအပေါ်မှာ အားမလိုအားမရဖြစ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အားမလိုအားမရဖြစ်ခဲ့တဲ့ နှစ်အ တော်ကြာ ဖြတ်သန်းလာတဲ့အခါမှာ ကျွန်တော်တို့ ဘာမှအဖြေမထွက်ဘူးလို့ အပြစ်တွေ ပြောစရာလေး ရှိ တယ်။ လက်မှတ်မထိုးချင်လို့ဆိုပြီး ကျွန်တော်တို့ကို ထောက်ပြနေတာလည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က UNFC အနေအထားအရ NCA မထိုးဘူးလို့ တစ်ခါမှ မပြောဖူးဘူး။ NCA ကို ပိုပြီးတိကျအောင်၊ ပိုပြီးခိုင်မာ အောင် စကားလုံးအသုံးအနှုန်း၊ ဖြစ်စဉ်အပေါ်မှာ ပိုပြီးကောင်းအောင်ဆိုပြီး ပြင်ဆင်တဲ့အချက်တွေပဲ ဖြစ်တယ်။ ဒါက အခုအချိန်ကာလအားဖြင့် နောက်ဆုံးပိုင်းကို ရောက်နေပြီဆိုတော့ ကျွန်တော်တို့ကို အချင်းချင်းနှစ်ဖက် ပိုပြီးထိန်းသိမ်းရမယ်။ ယုံကြည်မှုကို ပိုပြီးမြင့်မားအောင် ကျွန်တော်တို့နှစ်ဘက်က လုပ်ဆောင်ရမယ်။ စကား အပြောအဆို တကယ့်တပ်နေရာချထားရေး၊ နောက် စားပွဲပေါ်မှာ ကောင်းတာမဟုတ်ဘဲနဲ့ မြေပြင်မှာလည်း ကိုယ့်အချင်းချင်း မကြာသော ကာလမှာ အောင်မြင်မှုတစ်ခုရလာအောင်ပဲ နှစ်ဖက်ထိန်းသိမ်းကြဖို့ ကျွန်တော်က မေတ္တာရပ်ခံတာပါ။

    မင်းအောင်ထူးနိုင် – အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts