spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းဘီလူးကျွန်းဒေသထွက် ကျောက်သင်ပုန်း ရောင်းအားပြန်ကောင်းလာ

    ဘီလူးကျွန်းဒေသထွက် ကျောက်သင်ပုန်း ရောင်းအားပြန်ကောင်းလာ

    -

    မွန်ပြည်နယ်၊ ဘီလူးကျွန်း (ချောင်းဆုံ) မုဒွန်ကျေးရွာထွက် ကျောက်သင်ပုန်းများ ယခုနှစ်အတွင်း ဈေးကွက်ပြန်လည်ရရှိလာပြီး အရောင်းအားပြန်ကောင်းလာသည်ဟု ကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းရှင်တို့က ပြောသည်။

    မုဒွန်ကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းသည် လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့်ကမှစ အသုံးပြုမှု တဖြည်းဖြည်းနည်းပါးလာခဲ့ပြီး ဈေးကွက်ပျောက်လုနီးပါးထိဖြစ်ခဲ့ရာမှ ယခုနှစ်အတွင်းတွင် ကျောက်သင်ပုန်း၊ ကျောက်တံဈေးကွက် ပြန်လည်ရရှိလာပြီး ရောင်းအား၊ ဈေးနှုန်းလည်း တက်လာသည်ဟု “အောင်မိုးခိုင်” ကျောက်သင်ပုန်းလုပ်ငန်းရှင်က ပြောသည်။

    ကျောက်သင်ပုန်းလုပ်ငန်းခွင်တစိတ်တပိုင်း(ငါတို့ချစ်တဲ့ ဘီလူးကျွန်းမြေ(တကော့ခမိုင်း)
    Facebook)
    “ခါတိုင်းနှစ်ဆိုရင် အိမ်မှာ ကျောက်သင်ပုန်းတွေ ပုံနေတယ်၊ ဒီနှစ်က ဘာမှမကျန်ဘူး အကုန်ကုန်တယ်၊ ထုတ်သလောက်ကုန်တယ်၊ အမှာတွေလည်း များလာတယ်၊ ဈေးနှုန်းကျတော့လည်း ခါတိုင်းနှစ်ထက် နည်းနည်းကောင်းတယ်” ဟု “အောင်မိုးခိုင်” ကျောက်သင်ပုန်းလုပ်ငန်းရှင် ဦးအောင်မိုးခိုင်က ပြောသည်။

    ကျောက်သင်ပုန်းကို ယခင်က ကျောင်းသုံးစာရေးကိရိယာတစ်ခုအနေဖြင့် ထုတ်လုပ်ခဲ့ပြီး ယခုအခါ ကျောက်သင်ပုန်းကို ကျောင်းသုံးကိရိယာအပြင် အမှတ်တရပစ္စည်းများအဖြစ်လည်း ပုံစံအမျိုးမျိုး ဖန်တီးထုတ်လုပ်လာသည့်အတွက် လူစိတ်ဝင်စားမှုပိုများလာကာ ရောင်းအား ဈေးကွက် ရရှိလာခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

    ယခုအခါ ကျောက်သင်ပုန်းကို ဟိုတယ် စားသောင်ဆိုင်တို့တွင် Menu ရေးသားသည့်ဆိုင်းပုဒ်အရွယ်စားရှိ အကြီးစားကျောက်သင်ပုန်း၊ ဖုန်းအရွယ်အစားရှိ အသေးစားကျောက်သင်ပုန်း၊ ကျောက်သင်ပုန်းပန်ချီ၊ အလှချိတ်အမှတ်တရပစ္စည်း အစရှိသည့် ကျောက်သင်ပုန်းအမျိုးမျိုးကို ထုတ်လုပ်လာကြသည်။

    “အခုဆိုရင် ရွာလမ်းမတလျှောက်မှာရှိတဲ့ ဈေးဆိုင်တိုင်းက ကျောက်သင်ပုန်း ရောင်းလာတယ်၊ လွန်ခဲ့တဲ့တစ်နှစ် နှစ်နှစ်လောက်ကဆို ကျောက်သင်ပုန်းကို ထုတ်လုပ်တဲ့အိမ်မှာပဲ သွားဝယ်ရတယ်၊ အခုဆို ဆိုင်တိုင်းမှာရှိလာတယ် ရောင်းလာတယ်၊ ဈေးကွက်မှာ နေရာပြန်ယူလာတာတွေ့ရတယ်၊ ပြီးတော့ ကျောင်းတွေမှာလည်း တချို့ခလေးတွေ ကျောက်သင်ပုန်းကို ပြန်သုံးလာကြတာရှိတယ်” ဟု ကျောက်သင်ပုန်းလုပ်ငန်းရှင် ဒေါ်သန်းမြင့်က ပြောသည်။

    ယခင်နှစ်တွေက ကျောက်သင်ပုန်းရောင်းအားမကောင်းသည့်အတွက် ကျောက်သင်ပုန်းအရေအတွက် ၂ သောင်းထိသာ ထုတ်လုပ်ခဲ့ကြောင်း ရောင်းအားကောင်းလာသည့်အတွက် ယခုလာမည့်နှစ်အတွက် ကျောက်သင်ပုန်းအချပ် ၃ သောင်းခန့်ထိ ထုတ်လုပ်ရန် ရွည်မှန်းထားသည်ဟု ၄င်းက ဆက်ပြောသည်။

    ကျောက်သင်ပုန်းကို ပထမအဆင့် ကျောက်သင်ပုန်းတောင်မှ ကျောက်အကြမ်းများ တူးဖော်ပြီး ထိုတူးဖော်ရရှိလာသည့် ကျောက်ပြားအကြမ်းကို ကျောက်ရေပေါ်ထိုး၊ ထိုမှတဆင့် စက်ဖြင့် ကျောက်အချောပွတ်ရကာ ရရှိလာသည့် ကျောက်သင်ပုန်အချောကို ရေဆေး၊ ဆေးသုတ်ပြီး နောက်ဆုံးအဆင့်အနေဖြင့် သစ်သားဘောင်ခတ်ကာ ဈေးကွက်ပို့ရန် ကျောက်သင်ပုန်းတစ်ချပ်ကို ရရှိလာသည်။

    ကျောက်သင်ပုန်းဈေးနှုန်းသည် အကြီးဆုံးဖြစ်သည့် ဆိုင်းပုဒ်ဆိုဒ်တစ်ချပ်လျှင် ကျပ် ၆၀ဝ၀ဝ ထိရှိပြီး အသေးဆုံး ဖုန်းအရွယ်အစား တစ်ချပ်လျှင် ကျပ် ၅၀ဝ ရှိကာ အရွယ်အစား၊ ဒီဇိုင်းပုံစံပေါ်မူတည်ပြီး ဈေးနှုန်းကွာဟမှုရှိသည်ဟု လုပ်ငန်းရှင်တို့ထံမှ သိရသည်။

    မုဒွန်ကျေးရွာ ကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ဝ ဝန်းကျင်က ရိုးရာလက်မှုလုပ်ငန်းတစ်ခုအနေဖြင့် ရွာလုံးကျွတ်နီးပါးလုပ်ကိုင်လာခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကျောက်သင်ပုန်းအသုံးပြုမှုနည်းပါလာခြင်း၊ လုပ်ငန်းရှင်တို့အတွက် ရေရှည်ရပ်တည်ရန် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်း၊ လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်လာခြင်းနှင့် အလုပ်သမားရှားပါးလာခြင်းတို့ကြောင့် လက်ရှိတွင် ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဂဏန်းခန့်သာ ကျန်ရှိတော့သည်။

    လက်ရှိကျန်နေသည့် ကျောက်သင်ပုန်းလုပ်ကိုင်သူများသည်လည်း လုပ်ငန်းပြောင်းရွှေ့ရန် အခြေအနေမပေးသူများနှင့် ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာခဲ့ခြင်းကို ထိန်းသိမ်းလိုသူများသာ လုပ်ကိုင်နေကြသည်ဟု ဒေါ်သန်းမြင့်က ပြောသည်။

    မုဒွန်းကျောက်သင်ပုန်းလုပ်ငန်းကို နိုင်ငံခြားသားများ၊ ပြည်တွင်းဧည့်သည်တော်များ စိတ်ဝင်စားလျှက်ရှိပြီး လာရောက်လေ့လာသူများလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာသည်ဟု ဒေသခံတို့က ပြောသည်။

    ဘီလူးကျွန်း (ချောင်းဆုံ) တွင် အဓိကအားဖြင့် ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကျောက်သင်ပုန်းလုပ်ငန်း၊ ဆေးတံလုပ်ငန်း၊ တုက်ကောက်လုပ်ငန်းအပြင် ကြိမ်ဖြင့် ပြုလုပ်သည့် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးလုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ခမောက်လုပ်ငန်း အစရှိသည့် ရိုးရာလက်မှုလုပ်ငန်းထွန်းကားခဲ့သည့် ဒေသဖြစ်ပြီး ဘီလူကျွန်းမှ ထုတ်လုပ်သည့် ဆေးတံဆိုလျှင် Made In Ywalut ဆိုပြီး မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများထိ ထင်ရှားခဲ့ဘူးသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts