spot_img
Saturday, April 20, 2024
More
    spot_img
    Homeမေးမြန်းချက်ပန်းဦးဆက်ကိစ္စစုံစမ်းခဲ့သူ ဒေါ်ခင်သန်းထွေးနှင့်တွေ့ဆုံမေးမြန်းခြင်း

    ပန်းဦးဆက်ကိစ္စစုံစမ်းခဲ့သူ ဒေါ်ခင်သန်းထွေးနှင့်တွေ့ဆုံမေးမြန်းခြင်း

    -

    “လက်နဲ့တို့ခံရဖို့အရေးတောင် အဲ့သလောက်ဂုဏ်ယူစွာနဲ့ တိုးဝှေ့နေရတယ်ဆိုတော့ သူ့မိန်းမဖြစ်ရတယ်ဆိုတော့ ဘုရင်ရဲ့ မိဖုရားဖြစ်ရသလိုပါပဲပေါ့”

    မွန်ပြည်နယ်၊ သထုံမြို့နယ်က အလံတရာမှာ အလံတရာဆရာတော်ဘုရားဝင်စားတယ်ဆိုပြီး ခွန်တန်(ခေါ်) ဇာတ်လိုက်ဆိုသူက ပအိုဝ့်တိုင်းရင်းသူလေးတွေကို ကာမလိမ်လည် ရယူနေသည့်ကိစ္စမှာ လတ်တလော လူပြောများနေတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး သတင်းတွေလည်း အမျိုးမျိုးထွက်ပေါ်နေသလို အမျိုးမျိုးဝေဖန်မှုတွေလည်း ထွက်ပေါ်နေတဲ့အပေါ် အဖြစ်မှန်ကို သက်သေခိုင်လုံစွာဖော်ထုတ်နေကြတဲ့ သူတွေထဲကမှ ထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့မှ ဒေါ်ခင်သန်းထွေးနှင့် မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် မင်းချမ်းညီ တွေ့ဆုံမေးမြန်းထားပါတယ်။

    အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့မှ ဒေါ်ခင်သန်းထွေး(MNA)
    မေး။ ။ဆရာမတို့က လက်ရှိ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ စိ်တ်ဓါတ်ပိုင်းမြှင့်တင်ပေးတာတွေ လုပ်ဆောင်နေတာတွေရှိတော့ အခုတလော ကြားသိရတဲ့ အလံတရာကိစ္စနှင့်ပတ်သက်ပြီးတော့ အမျိုးသမီးတွေအပေါ်ဖိနှိပ်မှုတွေကို ဆရာမတို့ဘာတွေများ ဆောင်ရွက်နေတာများရှိမလဲလို့ပါ။
    ဖြေ။ ။ကျွန်မတို့ ကြားကြားချင်း သွားစုံစမ်းတယ်။ စုံစမ်းတော့လည်း ဟုတ်နေတယ်။ ဟုတ်နေတယ်ပေမယ့်လည်း တိုင်တဲ့လူကမရှိဘူး။ ကျွန်မတို့က နိုင်ငံသားတစ်ယောက်အနေနဲ့ အမြင်မတော်တာကို တိုင်လို့တော့ရတယ်ပေါ့နော်။ ဒါပေမယ့် တကယ်တန်း ထဲထဲဝင်ဝင်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို ခံစားနေရတဲ့သူတွေကိုယ်တိုင် တိုင်ရင်တော့ ပိုကောင်းတယ်ပေါ့နော်။ ဝန်ကြီး ဒေါ်စံဝင့်ခိ်ုင်က သမီးတို့ နည်းနည်းပါးပါး စုံစမ်းပေးပါဆိုတော့ ကျွန်မတို့ လိုက်စုံစမ်းတဲ့အခါမှာ အသက် (၁၃) နှစ်နဲ့ (၁၅) နှစ်အရွယ် သမီးနှစ်ယောက်ကို သူတို့ အမေကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ သွားပေးလိုက်တာကို အဖေက မကျေနပ်လို့ တိုင်ချင်နေတယ်ဆိုတာကို သိတယ်။ ကျွန်မတို့က အဲ့ဒီအဖေကို တရားဝင်ဖြစ်အောင် အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ တိုးတိုးတိတ်တိတ် တိုင်ချက်ဖွင့်ပြီးတော့ မုဒိန်းမှုနဲ့ ဖမ်းမှာပေါ့နော်။ အခုက စီစဉ်နေကြတုန်းပေါ့နော်။ တစ်ရွာလုံးအတိုင်းအတာနဲ့ တအားယုံကြည်နေတယ်။ ကာယကံရှင် မိန်းကလေးတွေကိုယ်တိုင်ကိုက ဒါက အပြစ်လို့ ပြောလိုက်ရင် ငရဲကြီးမှာကို သူတို့ကြောက်နေတယ်။ တခြားအမျိုးသမီးလေးတွေကိုလည်း ကျွန်မတို့ မေးမြန်းထားတဲ့ သက်သေတွေ အများကြီး ရှိပါတယ်။ မေးမြန်းထားတဲ့ သက်သေတွေမှာ ကောင်မလေးတွေ ကိုယ်တိုင်က ဒီပုဂ္ဂိုလ်ဟာ ပုဂ္ဂိုလ်ထူး၊ မြင်တွေ့ရဖို့ကလည်း မလွယ်ဘူး။ အလံတရာ ဘုရားထီးတင်တုန်းက ကြုံတောင့်ကြုံခဲ တွေ့လိုက်ရတာက ဒီလိုပုဂ္ဂိုလ် လက်နဲ့ထိဖို့အရေးကို တိုးဝှေ့ပြီးတော့ မနိုင်လောက်တဲ့ အနေအထားမှာဖြစ်နေလို့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေရပါတယ်လို့ အဲ့ဒါတွေကြားရတဲ့အခါမှာ ကျွန်မတို့က ရင်ထုမနာဖြစ်တယ်။ ဒီကလေးတွေက ပအိုဝ့်လူမျိုးတွေ ဖြစ်တာရယ်၊ အလံတရာ ဆရာတော်ဘုရားကြီးဆိုတာက သူတို့ဘိုးဘွားစဉ်ဆက် အရမ်းကို ရိုသေခဲ့တာလေ။ လေးစားခဲ့တယ်။ ဒီလူဟာ ကျွန်မတို့ သိရသလောက်က တောင်ကြီးဘက်ကနေ လာတဲ့ ပအိုဝ့်၊ တကယ်ရိုးသားတဲ့ မိန်းကလေးတွေနဲ့ လူကြီးတွေကို ဆရာတော်ဘုရားကြီးဝင်စားတယ်ဆိုတဲ့ အချက်တစ်ခုတည်းပေါ်မှာ သူက လိမ်စားတာ၊ လူညွန့်ခူးစားတာပေါ့။ အဲ့ဒါကို မသိနားမလည်ဘဲ ဗဟုသုတ နည်းပါးတဲ့အခါကျတော့ အားလုံးကယုံတယ်။ အဲ့လိုဖြစ်သွားတယ်။ အမှန်တော့ သူကအကြံကြီးကြီးနဲ့ လိမ်တာပဲ။ ပုဒ်မတွေ အများကြီးတပ်လို့ရတယ်။ ကျွန်မတို့က အဓိကသက်သေအနေအထားတွေကို လိုက်နေတဲ့သဘောပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးဒေါ်စံဝင့်ခိုင်က အဲ့ဒီကိစ္စတွေ လိုက်လုပ်တဲ့အခါမှာ စုန်းမကြီးဆိုပြီး ပက်ပက်စက်စက်ကိုပြောပြီးတော့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တဲ့အနေအထားရောက်လာတဲ့အခါမှာ ကျွန်မတို့က ပေါ်ပေါ်ထင်ထင်မသွားဘဲနဲ့ ကိုယ့်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ စုံစမ်းနေဆဲအချိ်န်မှာ သတင်းတွေက ပေါက်ပြီးတော့ သူထွက်ပြေးတိမ်းရှောင် သွားနိုင်လောက်တဲ့ အခြေအနေ ရောက်သွားတယ်။ သူက ပြန်ပြီးတော့ ခြိမ်းခြောက်လာတာတွေရှိတယ်။ စောစောက ပြောတဲ့ တရားလိုလုပ်ပေးမယ်ဆိုတဲ့လူကလည်း အသံပြန်တိတ်သွားတယ်။ စိုးရိမ်သွားတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အင်အားက တအားကြီးတဲ့အပြင် ဘာသာရေးကို အရမ်းကို ယုံကြည်နေတဲ့ ယုံကြည်မှု အရှိန်အဝါဟာ ဆရာတော်ဘုရားကြီး ပြန်ဝင်စားတယ်ဆိုတဲ့အချက်ပေါ်မှာ ဒီလူကို အော်တိုမစ်တစ် ကာကွယ်ပေးပြီးသားဖြစ်သွားတယ်။ အမှန်တရားကို ပိုဝေးသွားတယ်။ ကျွန်မတို့က အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေ၊ ကလေးသူငယ်အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်နေတဲ့ သူတစ်ယောက်အတွက်တော့ ဒါဟာ လုံးဝမဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကိစ္စပေါ့။ သို့သော်လည်း သူ(ခွန်တန်) ရဲ့ဘက်က စုံစမ်းနေတဲ့ သူတွေကလည်း အရမ်းများတဲ့အတွက်ကြောင့် သတင်းပေါက်သွားတယ်ပေါ့နော်။

    မေး။ ။ စောစောက ဆရာမ ပြောတဲ့ တိုင်ကြားတဲ့ သူက စိုးရိမ်သွားတယ်ဆိုတာ ဘယ်လိုမျိုးစိုးရိမ်သွားတာလဲ။ ဘာကြောင့်အသံတိတ်သွားတာလဲ။ ဘာတွေဖိအားတွေရှိနေလဲ။ တရားခံတွေဘက်ကရော ဘယ်လိုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ခြိမ်းခြောက်တာတွေများ ရှိနေမလဲလို့ပါ။
    ဖြေ။ ။ကျွန်မတို့ကတော့ ကျူးလွန်တဲ့သူတွေဘက်က ဘယ်လောက်ထိ ဘက်ဂရောင်းရှိလဲ၊ အနောက်က ဘက်ဂရောင်းက ဘာတွေလဲဆိုတာအထိတော့ ကျွန်မတို့ မစုံစမ်းရသေးဘူးပေါ့နော်။ ဒါပေမယ့် ကျူးလွန်ခံလိုက်ရတဲ့ မိန်းကလေးရဲ့ အဖေက သူတရားလိုလုပ်ပြီးတိုင်တယ်ဆိုပြီးတော့ ရဲရဲဝံ့ဝံ့ ထွက်လာတယ်ပေါ့။ ဒီလိုကိစ္စတွေဖြစ်သွားတဲ့အခါ သူ့တို့ ရွာခံတစ်ယောက်အနေနဲ့တခြားလူတွေရဲ့ အရှိန်အဝါလည်းရှိမယ်။ သူတို့ အသက်အန္တရာယ်လည်းသူစိုးရိမ်သွားပါလိမ့်မယ်။ သတင်းက တအားကြီးပျံ့သွားပြီးတော့ လွှတ်တော်အမတ်ကိုယ်တိုင်က မီဒီယာအရှေ့မှာ ဖွင့်ချလိုက်တဲ့အခါမှာ သူတို့ကို ရွာလုံးကျွတ်သာမကဘူး၊ ကရင်ပြည်နယ်လောက်ထိ ရောက်တဲ့ ပအိုဝ့်တွေ အားလုံးက ဖိတ်ဖိတ်တုန်အောင် ကြောက်နေတာလေ။ တခြားဘာတွေ ကြောက်စရာ ထပ်ရှိသေးလဲဆိုတာတော့ မစုံစမ်းရသေးပါဘူး။

    မေး။ ။အခု တိုင်ကြားခဲ့တဲ့ ကာယကံရှင်တွေကိုရော သူ့ရွာမှာ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမှာ ရှိနေလား။
    ဖြေ။ ။ အဲ့ဒါကိုတော့ ကျွန်မတို့ပြန်ချိတ်ဆက်နေပါတယ်။ ဒီလိုမျိုးအချိန်မှာတော့ သူတို့လည်း တွေးပူမယ်လေ။ ကျွန်မတို့က အချိန်အခါတစ်ခုကို ခဏစောင့်နေတယ်။ ကျွန်မတို့က ကြားလူကတဆင့်ပဲဆက်သွယ်ရတယ်။ သူဘယ်သူလဲဆိုတာတော့ ကျွန်မတို့မသိဘူး။ နာမည်ကလွဲရင် အချက်အလက်အားလုံးကတော့ ရတယ်။ ကလေးနှစ်ယောက်ကိုယ်တိုင်လည်း မော်လမြိုင်ကို ရောက်လာသေးတယ်။ ကျွန်မတို့နဲ့တော့ မတွေ့လိုက်ရဘူး။ ကျွန်မတို့ နာမည်မသိလိုက်တာပဲ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအချိန်မှာ သတင်းတွေက ပေါက်တဲ့အတွက်ကြောင့် နာမည်သိသွားရင် ဒီကလေးမတွေရော၊ သူ့အဖေတွေရော အန္တရာယ်က နီးကပ်နေတယ်။သူတို့ကလည်း မြို့နဲ့ နည်းနည်းဝေးတယ်လေ။ သူတို့တွေ အခုလို တိုင်လာတဲ့အထိ ဖြစ်လာအောင် တော်တော်လေးကိုလည်း စည်းရုံးခိုင်းခဲ့ရတယ်။ တိုင်ဖို့လည်း ကြောက်နေတယ်။

    မေး။ ။အဲ့ဒီတဝိုက်မှာ ခွန်တန်ကို လက်မခံတဲ့လူတွေက လူနည်းစုလောက်ပဲရှိတာလား။
    ဖြေ။ ။ သူတို့ရွာအတိုင်းအတာ အနေနဲ့ကတော့ အများစုက လက်ခံတယ်။ သူတို့ သမီးတွေ အပျိုဖြစ်လာပြီဆိုတာနဲ့ သူတို့ကိ်ုယ်တိုင်က ဦးဦးဖျားဖျား ပေးတာပေါ့။ အလှည့်မကျသေးဘူးဆိုရင်တောင် စိတ်ဆင်းရဲတဲ့ အနေအထားရှိကြတယ်။ ရွာနီးချုပ်ဘက်မှာတော့ ဒီလိုသတင်းတွေ ကြားတဲ့အခါမှာ မယုံနိုင်စရာပေါ့။ တခြားရွာတွေက သိတဲ့လူတွေကျတော့ ဒါဟာ လိမ်နေတာ၊ အယုံသွင်းနေတယ်ဆိုတာတော့ သိတယ်လေ။ သူတို့ရွာသားတွေ ကိ်ုယ်တိုင်က မြုံထားတယ်။ ဘယ်သူမှ ဖွင့်မပြောဘူး။

    မေး။ ။ဖွင့်မပြောဘူးဆိုတာက တဖက်ကခြိမ်းခြောက်ထားလို့များလား ဆရာမ။
    ဖြေ။ ။ မဟုတ်ဘူး။ လိုလိုချင်ချင်နဲ့ကို အတင်းတောင်းပန်ပြီးတော့ (ပန်းဦး) ဆက်ရတဲ့ အနေအထားဖြစ်နေတယ်။ အမေတွေကိုယ်တိုင်က သူ့သမီးတွေကို ယူပေးဖို့ ငိုယိုတောင်းပန်ပြီးတော့ ဒီကြားထဲမှာ ငွေတွေပါ ပေးရသေးတယ်တဲ့။ ဒါဟာ သိဒ္ဓိတင်ပေးတာဆိုပြီး ဇတ်လိုက်(ခေါ်) ခွန်တန်နဲ့ယူဖို့ အမေတွေ ကိုယ်တိုင်က သူ့သမီးတွေကို သွားသွားပို့ပေးတာ။ သူမင်္ဂလာဆောင်တဲ့အခါ ပေါ်တင်ပဲ။ ရွာလည်မှာကို မဏ္ဍပ်ထိုးပြီးတော့ အကြီးအကျယ်မင်္ဂလာဆောင်တာ။ ဘားအံဘက်က ပအိုဝ့်တွေကိုပါမကျန် ဖိတ်စာကမ်းတာ။ သူ့ဖိတ်စာမှာ တစ်စောင်နဲ့ တစ်စောင်က သတို့သမီးမတူဘူး။ အဲ့လိုဗြောင်ကြီးယူတာပါ။ ကျွန်မတို့ မျိုးစောင့်ဥပဒေနဲ့ဆိုရင်တော့ ဖီလာကန့်လန့်ကြီးဖြစ်နေတာပေါ့နော်။ တရားဝင်ယူထားတဲ့ မိန်းမရှိပေမယ့် နောက်တစ်ယောက်ကိုလည်းတရားဝင်ယူတယ်။ တစ်ရွာလုံးကလည်း မီးခိုးတိတ်၊ အားပေးကြတယ်။ သွားစားကြတယ်။ ကလေးတွေကိုလည်း အုတ်နံရံမှာ မှိီရပ်ခိုင်းပြီး နောက်ကနေ ဆိုင်ကယ်နဲ့ သူတိုက်တယ်။ ဆိုင်ကယ်တိုက်လို့ ဒဏ်ရာအနာတရ ဖြစ်သွားခဲ့ရင် နောက်ကွယ်က ဒကာတွေ ခေါ်မှာပေါ့နော်။ သူတို့တွေက ငွေနဲ့လိုက်ဖုံးလိုက်တယ်။ သူစိတ်ကြိုက် လုပ်ချင်တာ လုပ်နေတာကို ခွင့်ပေးနေတာပဲလေ။ သူက ဘုန်းကြီးလည်း မဟုတ်ဘူး။ သူက ပြောတာကတော့ သူအာရုံထဲမှာ လာရင်လာသလို ဝတ်စားပြင်ဆင်တယ်ပေါ့။ သင်္ဃန်းပတ်ရမယ်ဆိုရင် သူပတ်လိုက်တာပဲ။ သူက ဘုန်းကြီးမဟုတ်သလို သံဃာလည်း မဖြစ်ဘူး။ သံဃာဖြစ်ဖို့အတွက်ဆိုရင် သိမ်တက်တာတွေ လုပ်ရမယ်။ ဒါပေမယ့် သူက အထဲက အဝတ်အစားနဲ့ သင်္ဃန်းပတ်လိုက်တယ်။ အဲ့ဒီအချိန်ဆိုသူက မော်တောင်မှမကြည့်တော့ဘူး။ သူတို့အရမ်းကိုကြောက်တယ်။ ဆရာတော်ဘုရားကြီးဝင်ပူးလာပြီပေါ့။ သင်္ဃန်းကို ရုံလိုက်၊ ဖြုတ်လိုက်၊ သူ့ကိုယ်မှာလည်း ဆေးမင်ကြောင်ကြီးပဲလေ။ သူတို့တွေက သူ့ကို နာမည်တောင် မခေါ်ရက်ဘူး။ ဇာတ်လိုက်ဆိုပြီးတော့ခေါ်တာ။ သူတို့အဖို့က သူက ဇာတ်လိုက်ကြီး အဲ့လိုဖြစ်နေတာ။

    မေး။ ။ သူနဲ့ မင်္ဂလာဆောင်ရင် သူ့ကို ပိုက်ဆံတွေ ပေးရသေးတာလား။နောက်ပြီး သူအလှူခံတာတွေလည်း တွေ့ရတယ်နော်။
    ဖြေ။ ။ဆရာတော်ဘုရားကြီးဝင်စားတယ်ဆိုတဲ့ အရှိန်နဲ့ သူ့အနောက်ကလိုက်နေတဲ့သူတွေက လှူရမယ်ဆိုပြီးတော့ အလှူငွေကောက်တာရှိတယ်။သူ့ရဲ့ ဆင်ခြေတွေ လှလှပပသုံးပြီး သူရှောင်တိမ်းတယ်။(သူပြောတဲ့ပုံစံက) သူအလှူငွေမကောက်ဘူးလေ၊ သူ့အနောက်လူတွေ လုပ်ပေးနေတာ၊ သူအတင်းအကြပ်မယူဘူး၊ သူ့ကို အတင်းအကြပ်လာပေးစားကြတာ။ သူက မုဒိန်းကျင့်တာမဟုတ်ဘူး၊ လိုလိုချင်ချင်နဲ့ သူ့ကို ယူပါ ယူပါဆိုပြီး ပူဆာနေလို့ အားလုံးရဲ့ယုံကြည်အပေါ်မှာ သူက လိုက်လျောလိုက်ရတာပါ ဆိုပြီး ဒီလိုစကားလေးတွေနဲ့ပဲ လှလှပပလေးရှောင်တိမ်းတာပေါ့နော်။ သူတို့ရွာက လူတွေက ညီနေတဲ့အခါ သူရှောင်တိမ်းသွားပေမယ့် သူတို့ဘက်က သတင်းမပေါက်ဘူး။

    မေး။ ။ ထူးခြားတာလေးတစ်ခုက ရွာလုံးနီးပါးလိုမျိုးဖြစ်နေတာလေးပါ။ ကန့်ကွက်ချင်တဲ့လူတွေ ရှိပေမယ့် တချို့က တိုးတိုးတိတ်တိတ်နဲ့ စိုးရိမ်နေရတာတွေလည်းရှိတော့လေ။
    ဖြေ။ ။ ကန့်ကွက်တဲ့ လူတွေ ရှိနေပေမယ့် ကာယကံရှင်ကိုယ်တိုင်က နှုတ်ပိတ်နေတဲ့အတွက် သက်သေဆိုတာမရှိဘူး။ ကျွန်မတို့ ဥပဒေရဲ့ အားနည်းချက်ကလည်းသက်သေရှိမှ ၊တရားလိုရှိမှ။ အခုဟာက တရားလိုမရှိဘူး။ ဒီလိုမျိုးတွေ ဖြစ်နေတယ်ဆိုတာကို သိရင်တော့ တာဝန်သိတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ တိုင်လို့ရတယ်။ သို့သော် တရားလိုက နိုင်ငံတော် ဆိုပါစို့။ သက်သေမရှိရင် ပိုပြီးတော့ အန္တရာယ်ကြီးသွားမယ်။ သက်သေမရှိဘဲလုပ်တဲ့အခါ သူ့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရနိုင်တယ်။ ကျွန်မတို့ကတော့ အစောပိုင်းတုန်းကတော့ တိုးတိုးတိတ်တိတ်စုံစမ်းတယ်။ တရားလိုပေါ်လာပြီဆိုရင် မုဒိန်းမှုနဲ့ အရင် ဆွဲထည့်ထားပြီးတော့မှ ဆက်လုပ်သွားမယ်။ ကျွန်မတို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့တွေ တိုင်ပင်တယ်။ ဆွေးနွေးတယ်။ အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာပြီဆိုတော့ နောက်ဆုံးလွှတ်တော်အမတ်ကနေ သတင်းဖွင့်လိုက်ရတာပါ။

    မေး။ ။တကယ်လို့သာသူ့ကို ဖမ်းဆီးရမိခဲ့ရင် မုဒိန်းမှုအပြင် ဘာအမှုတွေနဲ့ အရေးယူလို့ရနိုင်ဦးမလဲ။
    ဖြေ။ ။လောလောဆယ်မှာတော့ ကျွန်မတို့ကတော့ သူ့ကို မုဒိန်းမှုစတင် (တရား) စွဲပြီးတော့မှ နောက်ပိုင်းကျရင်တော့ ပေါ်လာပါလိမ့်မယ် ကွင်းဆက်တွေက။ပေါ်လာတဲ့အခါကျရင်တော့ အများကြီး ရှိပါတယ်။ဒါက ဥပဒေသမားတွေ ပိုနားလည်မှာပါ။ယုံကြည်မှုကို အလွဲသုံးစားလုပ်တာတွေလည်း ရှိတာပေါ့နော်။

    မေး။ ။လက်ရှိမှာ ခွန်တန်ရဲ့ အပေါင်းအပါ (၅) ဦးကို သထုံ အချုပ်ထဲထည့်ထားတယ်လို့ ကြားရလို့ပါဆရာမ။
    ဖြေ။ ။ပက်ပင်းကြီး မတွေ့သေးတဲ့အခါ ရှောင်တိမ်းလို့လွယ်ပါတယ်။ကျူးလွန်တာတာ မဟုတ်ဘူး၊လူချွတ်ပြီး မုဒိန်းကျင့်နေတာမဟုတ်ဘူးလို့ ပြောနေရင် သူတို့မှာလည်း ဥပဒေပိုင်းက အကြံပေးတဲ့လူတွေ ရှိချင် ရှိပါလိမ့်မယ်။သူ့အရှိန်အဝါအရပေါ့။ကျွန်မတို့က မုဒိန်းမှုကွင်းဆက်နဲ့ လိုက်မှာပါ။ အသက်မပြည့်သေးတဲ့ကလေးတွေအပေါ်မှာ လိမ်မှုကိစ္စကို လိမ်ညာပြီးတော့ ရယူတာလေ။ အများကြီးဆွဲထုတ်ရင် ဆွဲထုတ်သလောက် ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ကြရင်တော့ ပိုကောင်းမှာပါ။

    မေး။ ။အခုမှ ဒီကိစ္စက ဟော့လာတယ်။ အရင် လေးငါးနှစ်ကတည်းက ဖြစ်နေတယ်လို့လည်း ကြားရတယ်။ အရင်အစိုးရလက်ထက်ကရော ဘာကြောင့်များပျောက်ကွယ်နေရလဲဆိုတာ သုံးသပ်လို့ရမလဲ။
    ဖြေ။ ။ကျွန်မတို့ စုံစမ်းရသလောက်က ဘားအံဘက်မှာတော့ မင်္ဂလာဆောင်ဖိတ်စာတစ်ခုရတယ်။ ပထမဦးဆုံးသူ့မင်္ဂလာဆောင် ဖိတ်စာလို့ပြောတယ်။ လွန်ခဲ့တဲ့ (၃) နှစ်လောက်ကပေါ့။ အဲ့ဒီတုန်းက နောက်ထပ်ဖိတ်စာတစ်စောင်လည်း အဲ့လိုပဲ၊ တခြားမိန်းကလေးတစ်ယောက်နဲ့ ထပ်ရောက်လိုက်တယ်။ တစ်ယောက်ကို ယူလိုက်လို့လည်း နောက်တစ်ယောက်က အပြစ်ရယ်လို့ မမြင်ကြဘူး။ နင်လည်း ဇာတ်လိုက်ရဲ့ မိန်းမဖြစ်သွားတာပဲဆိုပြီးတော့ အရမ်းအံ့သြဖို့ကောင်းပါတယ်။ ဒဏ္ဍာရီလိုလည်းဖြစ်နေတယ်။ ကိ်ုယ်တိုင်သွားစုံစမ်းတဲ့အခါ ကြားရမြင်ရတာတွေက ငါပြန်ပြောရင် သူများယုံပါ့မလားဆိုတဲ့အထိ ဇဝေဇဝါဖြစ်သွားပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ရဲ့ မျိုးစောင့်ဥပဒေက မထွက်လာသေးဘူး။ တစ်ယောက်ပြီးတစ်ယောက် သူတရားဝင်ယူတယ်ဆိုတော့ အပြစ်မဟုတ်ဘူးပေါ့နော်။ ဖာသိဖာသာနဲ့နေလိုက်ကြတာပေါ့။ သူတို့က လူညီတော့ ဒီဟာတွေ မပေါ်လာဘူးပေါ့။ အခုမခံမရပ်နိုင်ဖြစ်တဲ့ သမီးရှင်တွေက ဖွင့်ချတာမျိုးဖြစ်တော့မှပဲ ပေါ်လာတယ်ပေါ့။

    မေး။ ။ ကာယကံရှင် မိန်းကလေးတွေဘက်ကရော အဲ့လိုပေးစားတဲ့အပေါ် ဘယ်လို သဘောဆန္ဒရှိတယ်လို့များ ဆရာမတို့သိထားရလဲ။
    ဖြေ။ ။ကျွန်မတို့မေးမြန်းချက်အရပေါ့နော်။ လက်နဲ့တို့ခံရဖို့အရေးတောင် အဲ့သလောက်ဂုဏ်ယူစွာနဲ့ တိုးဝှေ့နေရတယ်ဆိုတော့ သူ့မိန်းမဖြစ်ရတယ်ဆိုတော့ (ဘုရင်ရဲ့ မိဖုရားဖြစ်ရသလိုပါပဲပေါ့)။

    မေး။ ။သာသနာရေးဝန်ကြီး ဦးအောင်ကိုကလည်း ဒီကိစ္စကို အရေးယူမယ်လို့ပြောတယ်။မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတချို့က သူတို့ဘက် Information တွေမရဘူးဆိုတော့ ဘာတွေများကွဲလွဲနေတယ်လို့ သုံးသပ်နိုင်မလဲ။
    ဖြေ။ ။အခုမှ လူကြီးတွေလည်း သိတာ။သတင်းကို ရွာခံတွေ ကိုယ်တိုင်က ဖုံးထားတဲ့အခါမှာ ပအိုဝ့်ဝန်ကြီး ဒေါ်စံဝင့်ခိုင်က သူ့နယ်မြေဒေသမှာ သူသွားရင်းနဲ့ တိုးတိုးတိတ်တိတ် တိုင်ကြတဲ့အခါမှာ တိုးတိုးတိတ်တိတ်လေး စုံစမ်းနေဆဲပါပဲ။ သက်သေက မခိုင်လုံဘူးဆိုရင် ဘယ်လိုမှ တရားစွဲလို့မရဘူးလေ။ ကိုယ့်ဘက်က မသေချာဘဲနဲ့ ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်လိုက်ဖို့က မှားနေခဲ့သည်ရှိသော် အဆင်မပြေဘူးလေ။ သေချာအောင်ဆိုပြီးတော့စုံစမ်းနေတဲ့ အခိုက်အတန့်ပဲရှိပါသေးတယ်။ ဒီကိစ္စကြီးကလည်း အရည်းကြီးခေတ်တုန်းကလို အထူးအဆန်းဖြစ်နေတယ်လေ။

    မေး။ ။နောက်ဆုံးအနေနဲ့ပေါ့လေ၊ ဒီလိုကိစ္စတွေဖြစ်လာတာက ဘာတွေများ အားနည်းခဲ့လို့လဲ။ ဘယ်လိုမျိုးဆောင်ရွက်မယ်ဆိုရင် ဒီကိစ္စတွေ ပြီးပြတ်သွားမယ်လို့ ဆရာမ ပြောနိုင်မလဲ။
    ဖြေ။ ။အဲ့ဒီအချိန်အခါတုန်းက သူက တရားဝင်ယူတာလေ။ မင်္ဂလာဆောင်ဖိတ်စာတွေနဲ့ တရားဝင်ယူတယ်။ သူဘက်ကတော့ မိန်းမတွေ ဘယ်နှယောက်ပဲယူယူလေ။ မိဘတွေ သဘောတူလို့ ပေးစားတယ်။ လူသိရှင်ကြားယူပြီး ကောင်းကောင်းမွန်မွန်ထားတယ်။ တစ်ယောက်မှ စုတ်စုတ်ပြတ်ပြတ် မနေရပါဘူး။ အဲ့တုန်းက အဲ့သတင်းက ကြားနေသော်လည်းပဲ တစ်လင်တစ်မယားစနစ် မျိုးစောင့်ဥပဒေမထွက်သေးတဲ့ ကာလမှာ သူတို့ ကိုယ်တိုင်ကလည်း ဒါကို အပြစ်ရယ်လို့ မယူဆထားဘူးလေ။ နောက်ပိုင်းကျမှ ကလေးသူငယ်အခွင့်အရေးတွေ၊ လိမ်အကြမ်းဖက်ခံရတယ်ဆိုတာကို သိလာကြတယ်။ မိဘတွေလည်းသိလာကြတယ်။ သူတို့က အထူးအခွင့်အရေးအနေနဲ့ ယူဆထားတဲ့အတွက်ကြောင့် ပျက်ရယ်ပြုစရာလို့လည်း မမြင်ဘူး။ သူတို့ဘာသာ ကျေနပ်နေကြလို့ ပြဿနာမပေါ်လာတာ။ အခုလည်း ဌာနဆိုင်ရာအသီးသီးက အစည်းအဝေးတွေခေါ်ပြီး ပူးပေါင်းပြီးတော့ ဘယ်လိုလုပ်ကြမလဲဆိုတာ တိုင်ပင်နေကြပါတယ်။

    မေး။ ။ အခုလိုပြည့်ပြည့်စုံစုံ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာမ
    ဖြေ။ ။ ကျွန်မလည်း ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts