spot_img
Friday, April 19, 2024
More
    spot_img
    Homeဆောင်းပါးဇာတ်လိုက်ကိုဖမ်းမမိသည့် အလံတရာဒေသက ပန်းဦးဆက်ဇာတ်လမ်း

    ဇာတ်လိုက်ကိုဖမ်းမမိသည့် အလံတရာဒေသက ပန်းဦးဆက်ဇာတ်လမ်း

    -

    ယခင်က အကြောက်တရားများလွှမ်းမိုးနေပြီး ယခုအချိန်မှသာ ပွင့်ပွင့်လင်းလင်းပြောဆို တိုင်ကြားနိုင်လာသည့်အတွက် အလံတရာဒေသမှ ပန်းဦးဆက်ဇာတ်လမ်းနဲ့ပတ်သက်သည့် တိုင်ကြားစာများရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ရှင်းပြသည်။

    “ဒီကိစ္စက ဘာသာရေးနဲ့ ပိုပြီး ဆက်နွယ်နေတော့ကျွန်တော်တို့ လုပ်ကိုင်ရမယ့် အပိုင်းက ပိုပြီး သိမ့်မွေ့မယ်လို့ထင်တယ်။ ဒါက Personal ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုတည်းမဟုတ်ဘူး။ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးနဲ့ပါ သက်ဆိုင်နေတယ်” ဟု ၄င်းက ပြောကြားသည်။

    ခွန်တန်(ခေါ်) ဇာတ်လိုက်၏ပုံ(Facebook)
    ဘာသာရေးဗန်းပြပြီး ရိုးသားသောပအိုဝ့် တိုင်းရင်းသူ မိန်းကလေးများအား ဖျက်ဆီးနေမှု၊ အလိုမတူဘဲ သားမယားပြုကျင့်မှုတို့ဖြင့် အရေးယူပေးရန် အဆိုပါ တိုင်ကြားစာတွင် ပါရှိသည်ဟု ဆိုသည်။

    သို့သော် ယင်းကိစ္စကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သာသနာရေးယာဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်မှ သတင်းမီဒီယာများကို ပြောကြားခဲ့သော်လည်း လက်ရှိမှာ တစ်စုံတစ်ရာ ညွှန်ကြားထားခြင်းမရှိသေးပါ။

    သာသနာရေးနှင့်ယာဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ (သာသနာရေး) မှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ကျွန်တော်တို့ ဘာမှမသိရသေးပါဘူး။ အဲ့ဒီဟာ ကျွန်တော်တို့ဆီ ဘာမှ မတက်လာသေးဘူး။ တိုင်းဒေသကြီးအစိုးရတို့လွှတ်တော်တို့က ဆွေးနွေးတာတွေဖြစ်လိမ့်မယ်။ ကျွန်တော်တို့ဆီတော့ တရားဝင်မလာသေးဘူး။ ကျွန်တော်တို့ဆီကို တင်ပြထားတာ မရှိသေးပါဘူး” ဟု ပြောကြားသည်။

    ခွန်တန်(ခ) ဇာတ်လိုက်ဆိုသူမှာ ရှမ်းပြည်နယ်ဘက်က ပအိုဝ့်လူမျိုးဖြစ်ပြီး ၄င်းကြောင့် ပအို့ဝ်တိုင်းရင်းသားလူမျိုးများ သိက္ခာကျဆင်းနေကြောင်း မွန်ပြည်နယ် ပအိုဝ့်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးခွန်ရွှေသင်းက ဆိုသည်။

    ခွန်တန်(ခေါ်) ဇာတ်လိုက်၏ပုံ(Facebook)
    ၄င်းက “(ပအိုဝ့်လူမျိုးတွေရဲ့ပုံရိပ်ကို) ထိခိုက်ပါတယ်။ သူက အလံတရာဆရာတော် ဝင်စားတယ်လို့ ပြောလိုပြော၊ သူ့ဘေးနားကလူတွေကလည်း မြှောက်ထိုးပင့်ကော်လုပ်၊ သူက သိက္ခာတင်တယ်လို့ပြောပြီး မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ယူ၊ မိန်းကလေးတွေလည်း ခပ်ငယ်ငယ်လေးတွေပဲပေါ့နော်။ ဟိုတုန်းကဆိုရင် ရဟန်းဝတ်ဦးဇင်းတွေရဲ့ ခေါင်းပေါ်တက်နင်းတာတွေလုပ်ခဲ့တယ်။ အဲ့လိုလုပ်တဲ့လူကို ဘာဖြစ်လို့ ဝိုင်းဝန်းပြီး ကိုးကွယ်နေကြတာလဲ။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိတယ်။ နည်းမှန်လမ်းမှန်နဲ့ ကိုးကွယ်တဲ့ ဘာသာပဲဖြစ်စေချင်ပါတယ်” ဟု ပြောကြားသည်။

    လက်ရှိတွင် ပအိုဝ့်ပညာတတ်လူငယ်များက ခွန်တန်ကို လက်မခံသော်လည်း အစွန်းရောက်နေသည့် ခွန်တန်ပရိတ်သတ်များလည်း ရှိနေကြောင်း၊ အလံတရာဘုရားပြင်သည့်ကိစ္စမှာလည်း ခွန်တန်အဖွဲ့မှ အပေါင်းအပါများနှင့် ပြဿနာတက်၍ တရားစွဲဆိုနေသည်များလည်း ရှိကြောင်း၊ ခွန်တန်ကို အများတကာယုံကြည်လာအောင် ဘာသာရေးဖြင့် စည်းရုံးလျက်ရှိကြောင်း ဦးခွန်ရွှေသင်းက ဆက်လက်ပြောကြားသည်။

    “ကျွန်တော်တို့ လူမျိုးတွေက ဘာသာရေးတအားကိုင်းရှိုင်းတယ်လေ။ သူက ဘာသာရေးနဲ့စည်းရုံးတာလွယ်တာပေါ့။ ဘုရားပြင်တယ်၊ ဘုရားတည်တည်ဆိုတော့ ကျွန်တော်တို့ ပအိုဝ့်တွေက ဘုရားဒကာ ဖြစ်ချင်ကြတယ်။ လုပ်ချင်ကြတယ်။ ဒီအညှာကို ကိ်ုင်တာပေါ့။ ဒီအချက်နဲ့ကိုင်တာပေါ့” ဟု ၄င်းက ဆိုသည်။

    လက်ရှိတွင် ခွန်တန် ဆိုသူမှာ ရှမ်းပြည်နယ်ဘက်ထွက်ပြေးနေ၍ ၄င်းကိုဖမ်းဆီးရမိပါက မုဒိန်းမှုဖြင့် ကနဦးတရားစွဲဆိုသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အဖွဲ့မှ ဒေါ်ခင်သန်းထွေးက ပြောကြားသည်။

    ၄င်းက “လောလောဆယ်မှာတော့ ကျွန်မတို့ကတော့ သူ့ကို မုဒိန်းမှုစတင် (တရား) စွဲပြီးတော့မှ နောက်ပိုင်းကျရင်တော့ ပေါ်လာပါလိမ့်မယ် ကွင်းဆက်တွေက။ ပေါ်လာတဲ့အခါကျရင်တော့ အများကြီး ရှိပါတယ်။ ဒါက ဥပဒေသမားတွေ ပိုနားလည်မှာပါ။ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာတွေလည်း ရှိတာပေါ့နော်” ဟု ဆိုသည်။

    ခွန်တန်ကို အရေးယူရန် ယခင်အစိုးရလက်ထက်ကတည်းက တိုင်ကြားသူများရောက်ရှိမလာခဲ့သည့်အတွက် အရေးယူရန် အထမမြောက်ခဲ့ဘဲ ယခုမှသာ အမျိုးသမီးနှစ်ယောက်၏ ဖခင်က တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ မည်သူမည်ဝါ တိုင်တန်းသည်ကိုသိရှိပါက လုံခြုံရေးစိုးရိမ်ရကြောင်း၊ အရေးယူရန်စီစဉ်ဆောင်ရွက်နေသည့် ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများလည်း ရှိကြောင်း ၄င်းက ဆိုသည်။

    အလံတရာသာသနာ့နယ်မြေမှာ အလံတရာ ဆရာတော်ဝင်စားသည်ဟုဆိုကာ မိန်းကလေးငယ်များထံမှ ကာမလိမ်လည် ရယူနေသော ခွန်တန်(ခေါ်) ဇာတ်လိုက်၏ အပေါင်းအပါ (၅) ဦးကို သထုံမြို့အချုပ်ခန်းထဲမှာ ထိန်းသိမ်းထားပြီး ၄င်းကို အကာအကွယ်ပေးခဲ့သည့် အလံတရာအုပ်ချုပ်ရေးမှူးကိုလည်း အရေးယူပေးရန် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရရုံးတို့မှာတိုင်ကြားထားပြီ ဖြစ်သည်။

    မွန်ပြည်နယ်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က
    “ပြည်သူတွေက အရင်ကတည်းက တိုင်တန်းခဲ့တယ်လို့ ပြောတယ်။ တိုင်တန်းတဲ့ဟာ အရာမထင်ခဲ့ဘူးလို့လည်း ပြောတယ်။ဒါကတော့ ပြည်သူတွေပဲ ပိုပြီးတော့ သိပါလိမ့်မယ်။ အလံတရာအုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးဆီ တိုင်ထားပါတယ်။ အစိုးရရုံးကိုလည်းတိုင်ထားပါတယ်”ဟု ဆိုသည်။

    လတ်တလောတွင် ခွန်တန်(ခ) ဇာတ်လိုက် နှင့်ပတ်သက်ပြီး တိုင်ကြားစာ (၂) စောင်လက်ခံရရှိထားပြီး အလံတရာနယ်မြေကို ကွင်းဆင်းစစ်ဆေးမှုများ သွားရောက်ပြုလုပ်မည်ဟု ဆိုသည်။

    တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက “ပြီးခဲ့တဲ့ တစ်ပတ်လောက်က တိုင်ကြားစာ ရောက်ထားပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးဖို့ ဆိုပြီးတော့ အစည်းအဝေးဆုံးဖြတ်ချက် လုပ်ထားတယ်။ကောင်မလေးရဲ့မိဘတွေကိုယ်တိုင်က တိုင်တာပါ။ လာမယ့် အပတ်ဆိုရင် (အလံတရာကို) ကွင်းဆင်းစစ်ဆေးဖို့ရှိပါတယ်။ ကျွန်တော်တို့ရဲ့တွေ့ရှိချက်တွေ၊သုံးသပ်ချက်တွေကို လွှတ်တော်ဥက္ကဌဆီပြန်တင်ပါတယ်”ဟု ပြောကြားသည်။

    သို့သော် မူးယစ်ဆေးဝါးကိစ္စများတွင်လည်း ဆက်နွယ်မှုရှိနေသည့် ခွန်တန်(ခေါ်) ဇာတ်လိုက်ကို ဖမ်းမိရန် ခက်ခဲလိမ့်မည်ဟု ယူဆစရာရှိပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခွန်တန်(ခေါ်) ဇာတ်လိုက်ကို ဝန်းရံပေးထားသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts