မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မော်လမြိုင်-သံလွင်ဈေး ငါးဒိုင်များကိုဈေးအနောက်ဘက်သို့ ယာယီပြောင်းရွှေ့ရန်စီစဉ်

မော်လမြိုင်-သံလွင်ဈေး ငါးဒိုင်များကိုဈေးအနောက်ဘက်သို့ ယာယီပြောင်းရွှေ့ရန်စီစဉ်

ရေးသားသူ:

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်ဈေးရှိ ငါးဒိုင်များကို မူလဈေးအနောက်ဘက်ခြမ်း စည်ပင်သာယာပိုင် ကမ်းနားလမ်းမြေနေရာတွင် ယာယီပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။

မွန်ပြည်နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က
“ကုန်တင်ကားကြီးတွေရပ်ထားတာ ပစ်စလက်ခတ်ရပ်ထားတာတွေကြောင့် ငါးညှီနံ့တွေထွက်တယ်လို့ ဝန်ကြီးချုပ်ကိုပြောတော့ သံလွင်ဈေးရဲ့ အနောက်ဘက်မှာ မြေအပိုတွေရှိတယ်။ အဲ့ဒီမှာ အဆောက်အဦးလေးဆောက်ပေးမယ်။ အောက်မှာလည်း ရေစီးဖို့အတွက် မြောင်းလေးဖောက်ပေးမယ်။ လောလောဆယ်တော့ အဲ့ဒီကို ပြောင်းရွှေ့ထားမယ်” ဟု ပြောသည်။

သံလွင်းဈေးမှ ငါးဒိုင်(မင်းချမ်းညီ)
အဆိုပါ ဈေးကို ယခင်က ကျောက်တန်းစက်ရုံစုနယ်မြေဘက်သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း မြေပိုင်ဆိုင်မှုပြဿနာအချို့ရှိနေသည်ဟု ဆိုသည်။

သို့ရာတွင် မုပွန်ရပ်ကွက်ကျောက်မီးသွေးရုံရှိ မီးရထားပိုင်မြေကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရထံတင်ပြတောင်းခံထားပြီး ခွင့်ပြုသည်နှင့်အတည်တကျ ထားရှိမှာဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

၄င်းက “ငါးဒိုင်ကတော့ ရွှေ့ရမှာပေါ့လေ မြို့ထဲမှာဖြစ်နေလို့။မြေက မရသေးတော့ ကြားထဲမှာ လတ်တလောမှာတော့ ငါးဒိုင်တွေကို ကမ်းနားလမ်းဘက် ကပ်လိုက်မယ်။ မြို့နဲ့နည်းနည်းခွာလိုက်တဲ့သဘောပေါ့။ ကျောက်တန်းကို ပို့လိုက်မယ်ဆိုရင် အရောင်းအဝယ်တွေ ပျက်ပြားကုန်မယ်။ သိပ်တော့ အဆင်မပြေဘူးဆိုတော့ မြေရမယ်ဆိုရင် မုပွန်ဘက်ကိုပဲ တခါတည်း လျာပေးလိုက်မယ်” ဟု ပြောသည်။

သို့သော် ယင်းကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “ကျွန်တော်တို့ကိုတော့ ဘာမှမပြောသေးဘူး။ဘာမှ မသိရသေးဘူး”ဟု ပြောသည်။

ငါးဒိုင်များကို အခြားနေရာများသို့မပြောင်းရွှေ့လိုသည့်အတွက် စည်ပင်သာယာကချမှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်နေကြောင်း အေဂျီငါးဒိုင်နှင့် ဒေါ်တုံးလုံးငါးဒိုင် ဆိုင်ရှင်များက ဆိုသည်။
မော်လမြိုင်ဒိုင်တွင် ငါးအဝယ်ဒိုင်ကြီး (၁၅) ဒိုင်ခန့်ရှိပြီး ယင်းငါးဒိုင်များကို ပြောင်းရွှေ့ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရေရှည်တည်တန့် ခိုင်မြဲသည့် ကုလသမဂ္ဂ၏ ဖွံ့ ဖြိုးရေးပန်းတိုင်များသတင်းရေးသားရန် မြန်မာသတင်းထောက်များအတွက်အမြင်

မြန်မာနိုင်ငံပြန်ကြာရေးဝန်ကြီးဌာနနှင့် အာရှ-ဥရောပ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက် (၁၁) ကြိမ်မြောက် အာရှ-ဥရောပသတင်းထောက်များအစည်းအဝေးတွင် ကုလသမဂ္ဂမှ ချမှတ်ထားသည့် ရေရှည်တည်တန့် …

Leave a Reply

%d bloggers like this: