spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးအခင်းအကျင်းအသစ်အတွက် အစပျိုးမှုတည့်မှန်ရေး

    အခင်းအကျင်းအသစ်အတွက် အစပျိုးမှုတည့်မှန်ရေး

    -

    မွန်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမှုဖြစ်မလာတော့တဲ့ အနေအထားမှာ နှစ်ပါတီပေါင်းစည်းရေး ကိုလိုလားတဲ့ နှစ်ဘက်ပါတီက နှုတ်ထွက်တဲ့ ပါတီဝင်အချို့တွေ၊ အမျိုးသားရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တချို့တွေ၊ ကနဦး ဦးဆောင်ပြီးတော့ “ရာမညအင်အားစု” ဆိုတဲ့ အမည်နဲ့ “မွန်အမျိုးသား ညီညွတ်ရေး”၊ “မွန်တပါတီဖြစ်ရေး” ဟူသော ခေါင်းစဉ်ဖြင့် ပါတီအသစ်ထူထောင်မည်ဟု အစကနဦး နိမိတ်ပြစကားလုံးများဖြင့် မြို့နယ်အဆင့် ပြည်သူလူထုအကြား တွေ့ဆုံဆွေးနွေးမှုများ၊ အကြံညာဏ်ရယူမှုများ ကြိုးပမ်းဆောင်ရွက်နေတဲ့ အင်အားစုတစ်ခု ပေါ်ထွက်လာခဲ့ ပါတယ်။

    ရာမညအင်အားစုရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ရာမညအင်အားစုမှာပါဝင်နေတဲ့ ဒေါက်တာမင်း စိုးလင်းက“လောလောဆယ် ကတော့ ဆုံးဖြတ်ချက် ဘာမှမရှိသေးဘူး ရှိနေတာက မွန်တွေပေါင်းစည်းဖို့ မွန်တွေ ညီညွတ်ဖို့ မွန်တွေအင်အားရှိဖို့ ပြည်သူကို ဆင်းပြီးတော့ ချပြပြီးတော့ ဖြစ်နိုင်တဲ့အလားလာတွေကို အကြံဉာဏ်တွေကို ရသမျှ ရယူနေခြင်းဖြစ်ပါတယ်၊ အဲဒါကလည်း အချိန်ကန့် သတ်ချက်ရှိပါတယ် ဒီနှစ်ဒီဇင်ဘာလကုန်ထိဖြစ်ပါတယ် ဒီဇင်ဘာလကုန်ရင် ပြည်သူတွေဆီက ကောက်ခံ လာတဲ့ ပြည်သူဆီက ရလာတဲ့အကြံဉာဏ်ကောင်းတွေပေါ် မူတည်ပြီးတော့ ကွန်ဖရင့်တခုလုပ်ဖို့ ရည်ရွယ်ထား ပါတယ် ရှေ့ဘယ်လိုဆက်သွားရမလဲဆိုတာ ကွန်ဖရင့်ကနေ ရှေ့လုပ်ငန်းစဉ်ချမှတ်သွားမယ် လောလောဆယ် ကတော့ ညီညွတ်ရေးတခုတည်းဖြစ်ဖို့ကိုသာ လုပ်ဆောင်နေတာ” လို့ ဆိုပါတယ်။

    မွန်အမျိုးသားညီညွတ်ရေးကြိုးပမ်းမှုအစည်းအဝေးတရပ်(Oak Sar Tpr)
    ရာမညအင်အားစုဟာ နောက်ထပ်မွန်ပါတီအသစ်တစ်ခုတည်ထောင်ဖို့မဟုတ်ဘူး ဆိုတာကိုလည်း အင်အားစုဝင်ဖြစ်တဲ့ ဒေါက်တာအောင်နိုင်ဦးက “ဒီအင်အားစုကို စုစည်းပြီးတော့ ဘယ်ကိုသွား မှာလဲ ဘာလုပ်မှာလဲ တချို့က ပါတီအသစ်ထောင်မှာလား ဘာလားပေါ့ ကျနော်တို့က ပါတီအသစ်ထောင်ဖို့ စိတ်မကူးဘူး ပါတီအသစ်ထောင်ဖို့ကလည်း သိပ်ခက်တဲ့ကိစ္စတော့မဟုတ်ဘူး ဒါပေမယ့် ကျနော်တို့ သွားနေတာက ပါတီအသစ်ထူထောင်ရေးကိုသွားနေတာမဟုတ်ဘူး ကျနော်တို့ မွန်တမျိုးသားလုံးကို ကိုယ်စား ပြုတဲ့ မွန်ပါတီတခုတည်းဖြစ်ရေးကိုပဲ ကျနော်တို့သွားတယ်” လို့ ပြောပါတယ်။

    ရာမညအင်အားစု ပေါ်လာတာဟာ မွန်လူထုတွေအကြား ကွဲလွဲတဲ့အမြင်တွေရှိနေပါတယ်၊ မွန်တွေမှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP၊ မွန်အမျိုးသားပါတီ MNP၊ အမျိုးသမီးပါတီ(မွန်) ပါတီ (၃) ပါတီရှိခဲ့လို့ မွန်တွေ မဲတွေရှုံးနေတဲ့ကြားမှာ နောက်ထပ်ပါတီအသစ်တစ်ခု ထပ်ပေါ်လာမှာကို စိုးရိမ်နေ ကြပါတယ်။

    ရာမညအင်အားစုပေါ်လာတဲ့အနေအထားနဲ့ ပတ်သက်ပြီး မွန်နိုင်ငံရေးကို အနီးကပ်စောင့်ကြည့် လေ့လာနေတဲ့ မင်းမင်းနွယ်က “ဒီအင်အားစုပေါ်လာတာက မွန်အတွက်ကောင်းတဲ့ အနေအထားပေါ့ ဘာကြောင့်လဲဆိုတော့ မွန်တွေက နိုင်ငံရေးအရ ရှုံးနိမ့်သွားတဲ့ (၂၀၁၅) ရွေးကောက်ပွဲမှာ ရုပ်ပျက်ဆင်းပျက်ပေါ့ ရှုံးနိမ့်သွားတဲ့အပေါ်မှာ ဒီအင်အားစုကနေပြီးတော့ နိုင်ငံရေးအရ ပြန်လည်ပြီးတော့ ရှင်သန်လာအောင် ဆောင်ရွက်တဲ့ အင်အားစုလို့ပဲ မြင်တယ် ဒါပေမယ့် ချက်ချင်းအားကြီး ဘာမှ တိုင်တိုင်ပင်ပင် အင်အားစုတွေအားလုံး ပူးပေါင်းပါဝင်မှုမရှိပဲနဲ့ ကိုယ့်ဘာသာကိုယ် ပါတီအသစ်ထောင်လိုက်ရင်တော့ မကောင်း ဘူးပေါ့ ညီလာခံလုပ်ပီးတော့ ညီလာခံက ဆုံးဖြတ်ချက်အတိုင်း သွားမယ်ဆိုရင်တော့ မွန်တွေအတွက် အကျိုးများ မယ်လို့တော့ မြင်တယ်” လို့ သုံးသပ်ပါတယ်။

    ရာမညအင်အားစု၏ ပါတီသစ်ထူထောင်ခြင်း/ မထူထောင်ခြင်းဟာ မွန်လူမှုအဖွဲ့အစည်းတချို့နှင့် မွန်လူငယ်ကြားမှာလဲ ကွဲလွဲတဲ့အမြင်ရှိနေကြတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မွန်လူငယ်များစုဖွဲ့ရပ် (Mon Youth Forum) ရဲ့ အစည်းအဝေးတခုမှာ ရာမညအင်အားစုရဲ့ အမျိုးသားညီညွတ်ရေး ကျိုးပမ်းမှုကို အသိမှတ်ပြု ကြောင်း ဆိုပြီး သတင်းထုတ်ပြန်မှုရှိနေပါတယ်။

    “ကျွန်တော့်အမြင်ကတော့ ရာမညအင်အားစုဟာ ပါတီအသစ်ထူထောင်ရေးကို သွားမည့် လမ်းကြောင်းထက်၊ အမျိုးသားရေးလုပ်ငန်း လှုပ်ရှားမှု အခန်းကဏ္ဍတခုခုကနေ မွန်အမျိုးသားရေးရာကိစ္စ ပေါင်းကူးဆက်စပ် စီမံခန့်ခွဲပေးနိုင်တဲ့ သြဇာရှိတဲ့ ကိုယ်ထည်တခု ပေါ်ပေါက်လာရေးကို အာရုံစိုက်သင့်တယ်လို့ ထင်ပါတယ်။ ပါတီအသစ်ထူထောင်ရေးကနေ မွန်တမျိုးသားလုံးပါတီ ဖြစ်ပေါ်လာရေးလမ်းကြောင်းဟာ ကျွန်တော်တို့ လက်ရှိလိုအပ်နေသည့် အခင်းကျင်းမျိုးမဟုတ်သေးပါဘူး။ အမျိုးသားညီညွတ်ရေးဖော်ဆောင် ရေးအတွက် အမျိုးသားလှုပ်ရှားမှု ဟန်ချက်ညီစေရေးကို ဦးစားပေး စဉ်းစားစေချင်တယ်” လို့ မွန်လူမှုအဖွဲ့ အစည်းထဲမှ မွန်လူငယ်တစ်ဦးဖြစ်သူ မင်းစဝေါမွန်က ဆိုပါတယ်။

    “အဓိကတော့ဗျာ မွန်အမျိုးသားနိုင်ငံရေး ကို ဦးဆောင်ဖို့ မွန်အမျိုးသားရေးရာများကို ဆောင်ရွက်နေတဲ့ အင်အားစုတွေနဲ့ စုဖွဲ့ထားတဲ့ ဦးဆောင်မှုကိုယ်ထည်တစ်ခု တည်ဆောက်ပြီး မွန်အမျိုးသားမူဝါဒ ရေးဆွဲကာ ယင်းမူဝါဒအတိုင်း နိုင်ငံရေးပါတီမှ အကောင်အထည်ဖော်ရမည့် ကဏ္ဍအတွက် အင်အားတောင့်တင်းသော မွန်အမျိုးသား နိုင်ငံရေးပါတီတစ်ရပ် ထူထောင်လုပ်ဆောင်သွားဖို့လိုတယ် နိုင်ငံရေးဦးဆောင်မှုကိုယ်ထည်မရှိဘဲ မွန်အမျိုးသား မူဝါဒမရှိဘဲ နိုင်ငံရေးပါတီတရပ်ကို ထူထောင်လိုက်မယ်ဆိုရင်တော့ မွန်အတွက်ညီညွတ် ရေးကော နိုင်ငံရေးအလားအလာပါ ကောင်းမှာမဟုတ်ဘူးလို့ ထင်မြင်ပါတယ်။ ဥပမာအားဖြင့် မြို့နယ် အသီးသီးရှိ မွန်ပြည်သူများအကြား မွန်လူငယ်များအကြား တည်ရှိဆဲမွန်ပါတီဝင်တွေများအကြား သံဃာတော် များကြား လက်ရှိရာမညအင်အားစုက ဘယ်သို့၊ ဘယ်လို၊ ဘာလဲ၊ ဘယ်လဲ၊ ဆိုတာကို စောင့်ကြည့်နေရုံမက ယင်းအပေါ်၌လဲ သဘောထားများ ကွဲလွဲလျက်ရှိနေပါတယ်။” လို့ မင်းမင်းနွယ်က လက်ရှိ ရာမညအင်အားစု အပေါ် မွန်လူထုများ၏ ကွဲလွှဲနေလျက်ရှိသည့် ဥပမာပုံစံများကို ပြောပြပါတယ်။

    “သဘောထားကွဲလွဲမှု ရှိတာကတော့ သဘာဝကျပါတယ်။ ကြည့်ရပုံက ရာမညအင်အားစုကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များကိုယ်တိုင်က ပြည်သူလူထုတွေကို သတင်းစကား (Message) ပေးရာမှာ အချင်းချင်း တူညီမှုမရှိနေသေးဘူး၊ တချို့က မိမိရာမညအင်အားစု အဖွဲ့ဝင်များကိုယ်တိုင် ပါတီအသစ်ထူထောင်မယ်ဟု ပြောကြတယ်၊ တချို့ကတော့ မွန်ပါတီများ အကွဲအလဲများကနေ တပါတီဖြစ် ရေးကို လုပ်နေတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ သတင်းစကားအရဆိုရင် နောက်ထပ်ပါတီကွဲများ ရှိနေထဲက နောက်ထပ်ပါတီ အသစ်ပေါ်ပေါက်လာရင် မွန်တွေ အင်အားစုများ ပို၍ ကွဲကုန်ကြမည်ကို လူထုတွေ စိုးရိမ်နေကြတာလဲပါတယ်၊ ကျွန်တော်ကတော့ ပါတီအသစ်ထူထောင်းရေးထက် အမျိုးသားရေးဦးဆောင်မှု၊ နောက်ပြီး လက်ရှိ ငြိမ်းချမ်းရေးကာလ လိုအပ်နေတဲ့ မွန်အမျိုးသားလုံးဆိုင်ရာ မဟာဗျူဟာတွေ တခြားလို အပ်တဲ့ မူဝါဒရေးရာကိစ္စအတွက် ပေါင်းကူးဦးဆောင်ပေးစေချင်တယ်။ နိုင်ငံရေးပါတီအသစ်ထူထောင်မည်ဟု ပြောဆိုတဲ့စကားရပ်ကနေ နောက်ဆုတ်၍ အမျိုးသားရေးဦးဆောင်မှုပုံသဏ္ဍာန်တခုခုကို ပုံဖော်ဖို့ အားထည့် စေချင်တယ်” လို့ မင်းစဝေါမွန်က ဆိုပါတယ်။

    “နောက်ထပ်အကြံပြုချင်တာကတော့ ရာမညအင်းအားစုကို ထပ်မံ၍ပေါင်းစပ်ညှိနှိုင်းမှုကျွမ်းကျင်သည့် သူတွေနဲ့တိုးချဲ့ဖွဲ့စည်းကာ မွန်သံဃာတော်များနှင့် မွန်အမျိုးသားရေးရာများကို ဆောင်ရွက်နေတဲ့ အင်းအားစုအသီးသီးတို့အား ချဉ်းကပ်ဆွေးနွေးမှုများ ဖိုရမ်တစ်ခုမက အစည်းအဝေးများဖိတ်ကြားကာ မွန်အမျိုး သားနိုင်ငံရေး ဦးဆောင်မှုကိုယ်ထည်တစ်ရပ်ပေါ်ပေါက်လာရေးကို လုံးပမ်းအားထုတ်သင့်ပါတယ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ရန်အတွက် ကမကထပြုဆောင်ရွက်ရန်လိုတယ်လို့ အကြံပြုချင်ပါတယ်။” လို့ နိုင်ငံရေးလေ့လာသူ
    မင်းမင်းနွယ်က အကြံပြုထားပါတယ်။

    လက်ရှိမှာတော့ မွန်နှစ်ပါတီကနေ ထုတ်ပယ်ခံရသူတွေ ပါတီကနေ အနားပေးခံရသူတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေပါတဲ့ ရာမညအင်အားစုဟာ မွန်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ပါတီ တစ်ပါတီတည်း ပေါ်ထွက်လာဖို့အတွက်ရယ်၊ သံဃာတော်များ၊ လူငယ်များ၊ မွန်လူမှုအဖွဲ့အစည်းအဝန်းဝိုင်းများမှ စုစည်းထာ းသည့် “မွန်အမျိုးသားညီညွတ်ရေး အကျိုးဆောင်အဖွဲ့” ကလည်း မွန်လူထုတွေရဲ့ သဘောထား ဆန္ဒများကို စစ်တမ်းကောက်ယူ နေလျက်ရှိရာမှာ ဘယ်လိုရလာဒ်မျိုး ထွက်ပေါ်လာမလဲဆိုတာကိုပါ စောင့် ကြည့်သင့်ပါတယ်။

    လက်ရှိအနေထားအရ မဟာဗျူဟာကျကျ အမျိုးသားရေးပန်းတိုင်သို့ ဦးတည်သွားရန်မှာ ကဏ္ဍစုံမှ မွန်အမျိုးသားအင် အားစုများ ပါဝင်သော ဆွေးနွေးပွဲငယ်များမှ တဆင့်မွန်အမျိုးသားအင်အားစုများစုစည်းပြီး မွန်အမျိုးသား နိုင်ငံရေး ဦးဆောင်မှုကိုယ်ထည်တစ်ရပ်တည်ဆောက်ကာ မွန်အမျိုးသားရေးရာ မဟာဗျူဟာ မူဝါဒရေးဆွဲပြီး ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းစေခြင်းဖြင့် မွန်အမျိုးသားထု အားလုံး ကိုယ်စားပြုနိုင် သည့် ပါတီတရပ်ပေါ်ပေါက်လာစေနိုင်မည့် လမ်းကြောင်းတခုရှိ နေပါတယ်လို့ စာရေးသူမှ ရှူမြင်မိပါတယ်။

    ဥပမာအားဖြင့်ဆိုရပါမူ
    (က) မွန်အမျိုးသားအတိုင်ပင်ခံအင်အားစု၊
    (ခ) နိုင်ငံရေးပါတီအင်အားစု၊
    (ဂ) စီးပွားရေး အင်အားစု၊
    (ဃ) ဥပဒေအကျိုးဆောင်များအင်အားစု
    (င) ကျန်းမာရေးစောင့်ရှောက်မှုအင်အားစု
    (စ) အရပ်ဘက်အဖွဲ့အစည်းများအင်အးစု
    (ဆ) အမျိုးသမီးအင်အားစု၊
    (ဇ) လူငယ်အင်အားစု၊
    (ဈ) ရဟန်းပျိုအင်အားစု၊
    (ည) တစ်သီးပုဂ္ဂလစွမ်းဆောင်သူများအင်အားစုများစသည်ဖြင့်
    စုစည်းမိတဲ့ အင်အားစုများ တို့ကနေပြီးတော့ နိုင်ငံရေးပါတီကွင်းသို့ ကူးပြောင်းသော ကိုယ်စားလှယ် များနဲ့ တစ်ခုတည်းသောမွန်နိုင်ငံရေးပါတီတစ်ရပ်ထူထောင်ပြီး ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့သာဖြစ်ပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts