မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မြိုင်ကြီးငူစစ်ရှောင်စခန်းမှ ပုံရိပ်အချို့

မြိုင်ကြီးငူစစ်ရှောင်စခန်းမှ ပုံရိပ်အချို့

ရေးသားသူ:

သစ်ပင်ကြီးကြီးမားမားမရှိတဲ့ ကွင်းပြင်ကျယ်ကို ဖြတ်သန်းပြီးပူပြင်းလှတဲ့ နေ့လည် ၁၁နာရီအချိန်လောက်မှာ သက်ကြီးရွယ်အို၊ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ အင်ဖက်အမိုးအကာ မီးခိုးတစ်လူလူထွက်နေတဲ့ အဆောင်တစ်ခုဆီကို ဦးတည်သွားနေကြတယ်။ သူတို့လက်ထဲမှာတော့ ပလတ်စတစ်ခွက်တွေ၊ ရေပုံးခွံတွေ၊ ဇလုံလေးတွေ ကိုယ်စီကိုင်လို့ပေါ့။

အဆောင်ထဲမှာတော့ လူနှစ်ယောက်ဖက်စာလောက် အဝကျယ်ရှိတဲ့ ကော်စည်ပိုင်းပြတ်ထဲမှာ ရှိနေတာကတော့ အငွေ့တထောင်းထောင်းထနေတဲ့ ဖွဲနံ့မပျောက်တဲ့ ထမင်းဖြူတွေပါ။ ဒီထမင်းဖြူကို ရဖို့အတွက် အဆောင်နဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ အင်ဖက်မိုးဝါးတဲအစုလေးကနေ ကလေးလူကြီးမကျန် အိမ်ကရှိတဲ့ အိုး၊ခွက်အလွတ်တွေကိုင်ထားပြီ လာနေကြတာပါ။

မြိုင်ကြီးငူစစ်ရှောင်စခန်း ထမင်းဆောင်(Thethtar Swe Facebook)
နေရာကတော့ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာရှိတဲ့ မြိုင်ကြီးငူစစ်ဘေးရှောင် စခန်းနေရာပဲဖြစ်ပါတယ်။

စစ်ရှောင်စခန်းက အစားအသောက်ကြီးကြပ်ကွပ်ကဲရေးတာဝန်ခံ ဒေါ်တင်လှက “ဒီမှာကျတော့ စားနပ်ရိက္ခာကို တစ်ရက်စာ တစ်ရက်စာ ထုတ်ပေးတယ်၊ ဆန်ကတော့ အလှူရှင်တွေလာတဲ့အချိန်မှာတော့ ဆန်တွေရှိပါတယ်၊ အခုကျတော့ အလှူရှင်တွေ ပါးသွားပြီလေ၊ ပါးသွားတော့ အစစအရာရာ အစာတွေကို စည်းကမ်းနဲ့ ထုတ်ပေးရတာပေါ့၊ ကျွန်မတို့စခန်းမှာ အားလုံးစုစားတာပဲ၊ အခုနောက်ပိုင်းတော့ နှမ်းဖတ်ငါးပိတစ်ခုပဲ ရှိတော့တယ်၊ ငရုတ်သီးတောင် မရှိတော့ဘူး၊ ဂိုတောင်ထဲမှာ ဆန်ရယ်၊ ဆားရယ်၊ နှမ်းဖတ်ငါးပိရယ် ဒါပဲ ရှိတော့တယ်၊ ဒီမှာတော့ ထမင်းတစ်မျိုးပဲ ပေးတယ်၊ ဘာဟင်းမှ မပါဘူး၊”လို့ ပြောပါတယ်။

ထမင်းချက်ဆောင်နဲ့ မလှမ်းမကမ်းက ထမင်းဝိုင်းရဲ့ အလယ်က ငှက်ပျောအူစိမ်းပန်ကန်က သူတို့အတွက် တစ်ခုတည်းသော ဟင်းလျာလို့ဆိုရမှာပါ။သက်သက်လွတ်နယ်မြေဖြစ်တဲ့အတွက် အသားငါး မပါသလို ထင်းအခက်အခဲနဲ့ ဟင်းသီးဟင်းရွက်စုံစုံလင်လင်မရှိတာကြောင့် မျှစ်၊ဌက်ပျောအူ၊ နှမ်းဖတ်၊ ပဲပုတ်ကိုသာ အားထားစားနေရတာပါ။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလလောက်က မဲသဝေါဘက်မှာ ခွဲထွက် DKBA နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့ တိုက်ပွဲ ဖြစ်ပွားလို့ အနီးနားရှိရွာပေါင်း ၃၀ ကျော်ကပြည်သူတွေဟာ မြိုင်ကြီးငူဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံခဲ့ရပါတယ်။ ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ဆင်းရဲကျပ်တည်းစွာ နေထိုင်ပြီး ဘဝကိုရုန်းကန်နေတဲ့ အပြစ်မဲ့ပြည်သူများအများစုဟာ အမျိုးသမီးနဲ့ ကလေးများသာဖြစ်ပါတယ်။

မြိုင်ကြီးငူစစ်ရှောင်စခန်း တန်းလျား(Thethtar Swe Facebook)
မြိုင်ကြီးငူစစ်ရှောင်စခန်းမှာ စစ်ရှောင်စခန်း နှစ်နေရာဖွင့်လှစ်ထားပြီး ပြည်တွင်းစစ်ဘေးရှောင် IDP စုစုပေါင်း ၅၅၀ဝ ကျော် ရှိတဲ့အနက် အမျိုးသမီးနဲ့ ၁၂ နှစ်အောက်ကလေးသူငယ် ဦးရေက ၄၀ဝ၀ နီးပါးရှိနေတယ်လို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့က ကောက်ခံထားတဲ့ စာရင်းအရ သိရပါတယ်။

မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းအတွက် ကရင်ပြည်နယ် အစိုးရ၊ လူမှုအခြေပြုအဖွဲ့အစည်း CSO များ၊ အခြားသော အလှူရှင်များ စားနပ်ရိက္ခာအတွက် လာရောက်လှူဒါန်းမှု ရှိခဲ့ပေမယ့်လည်း ယခုနောက်ပိုင်း အလှူရှင်များ လှူဒါန်းမှု နည်းလာတဲ့အပြင် အစိုးရဘက်မှ ပံ့ပိုးလှူဒါန်းမှုကလည်း နည်းပါးလာတဲ့အတွက် မြိုင်ကြီးငူဆရာတော်ကနေ ဆန်များကို ဝိုင်းကူဖြည့်ဆည်းပေးနေရတာပါ။

ထို့အပြင် စစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးတွေ ကလေးမီးဖွားအချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိသလို စခန်းရောက်ပြီးတစ်နှစ်အတွင်း မီးဖွားမှု ၄၀ ကျော် ရှိနေပြီလို့ အေးလင်းမြက်ရှင် စခန်းတာဝန်ခံ စောရွှေထွန်းက ပြောပါတယ်။

“ဒီမှာ အလုပ်လည်း မရှိကြတော့ ပိုက်ဆံမရှိတဲ့သူကြ အိမ်မှာပဲ မွေးကြတယ်၊ ကျန်းမာရေးအတွက်ကတော့ ဆရာမတွေ အားရင် လာပေးတယ်၊ ပညာရေးကတော့ ဒီမှာ အစိုးရက ချပေးထားတဲ့ ဆရာမတွေရှိတယ်။ လေးတန်းအထိ သင်ပေးတယ်။ ကျန်တဲ့ အတန်းတွေကတော့ တခြားဆီသွားတက်ရတယ်။ တချို့ကတော့ စက်ဘီးမရှိ သွားရတာ ဝေးတော့ အခက်အခဲ ဖြစ်ကြတာပေါ့။” လို့ စောရွှေထွန်းက ဆိုတယ်။

စစ်ဘေးရှောင်ပြည်သူတွေအရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေး တာရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာတော့ အားနည်းချက်တွေရှိနေပါတယ်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်း က “အမျိူးသမီးတွေရဲ့ ကိစ္စရပ်တွေကို နိုင်ငံတော်ကနေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ စစ်ဘေးရှောင်တွေအတွက် ကျွန်တော်တို့ ကရင်ပြည်နယ် အနေနဲ့ကတော့ သီးခြားဆောင်ရွက်တာ မရှိပါဘူး။ ”လို့ ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ကရင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်စတဲ့ ဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် လွှတ်တော်မှာ မေးမြန်းဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ကျေနပ်လောက်တဲ့အဖြေကို မရခဲ့ဘူးလို့ လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တဲ့ ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောပါတယ်။

“နိုင်ငံတော်က မထောက်ပံ့ဘူးလည်း ပြောလို့မရပြန်ဘူး၊ သူတို့က အနည်းအကျဉ်းလောက်ပဲ လာပေးတယ်၊ ကျွန်မတို့က ဘာလုပ်လဲဆိုရင် စခန်းမှာ ရိက္ခာကုန်သွားရင် အသိမိတ်ဆွေတွေကို၊ နီးစပ်တဲ့ ဒေသတွေကနေ အကူအညီလှမ်းတောင်းရတာပေါ့”လို့ သူမက ဆက်ပြောပါတယ်။

မွန်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါ်ကျဲကျဲရီကလည်း စစ်ဖြစ်ပွားလာခဲ့ရင် အမျိုးသားအတော်များများက တိုက်ပွဲဝင်သွားပြီး စစ်ပွဲဆင်နွှဲနေကြစဉ်မှာပဲ စစ်ဖြစ်နယ်မြေဒေသအတွင်းမှာ တိုက်ပွဲတွေကြား ပြေးလွှဲနေကြရတဲ့ စစ်ပွဲဖန်တီးထားသူတွေမဟုတ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးများကသာ စစ်ဘေးဒဏ်ဒုက္ခအမျိုးမျိုးကို ခံစားနေရတာ ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အမျိုးသမီးများ ပိုမိုပါဝင်သင့်တယ်လို့ သူမက ဆိုပါတယ်။

၂၀၁၇ ခုနှစ် မေလက ကျင်းပခဲ့တဲ့ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ အမျိုးသမီးအခွင့် အရေးနဲ့ပတ်သက်ပြီး လူမှုရေးနဲ့ မြေယာကဏ္ဍမှာ ထည့်သွင်းဆွေးနွေးနိုင်ခဲ့ပေမယ့် လေးလကျော်ကြာတဲ့အထိ တစ်စုံတစ်ရာအကောင်အထည်ဖော်နိုင်မှု မရှိခဲ့ပါဘူး။

အလားတူ ပြည်တွင်းနေရပ်စွန့်ခွာသူများအနေနဲ့ မိမိနေရပ်နဲ့ သွားလိုရာဒေသကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင်ဖို့ ၂၁ရာစု ပင်လုံ သဘောတူညီချက်မှာထည့်သွင်းခဲ့ပေမယ့် စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးက ဝေးနေဆဲပါ။

စောရွှေထွန်းက“နေရပ်ပြန်ဖို့အခက်အခဲကတော့ မိုင်းကြောင့်ပဲ။ ကျန်တာတော့ သိပ်အခက်အခဲမရှိဘူး။ မိုင်းကြောင့် ရွာပြန်ကြည့်တဲ့သူတွေ မိုင်းထိပြီး သေတာရှိတယ်။ ခြေထောက်ပြတ်တာတွေရှိတယ်”လို့ ပြောပါတယ်။

လက်ရှိ စခန်းမှာနေထိုင်ကြတဲ့ အမျိုးသားတွေအနေနဲ့ တရားဝင် အလုပ်လုပ်ဖို့ရာ နိုင်ငံသားစိစစ်ရေးလို့ဆိုတဲ့ မှတ်ပုံတင်ကတ် မပါတဲ့အတွက် အခက်ခဲရှိနေကြပါတယ်။ မြိုင်ကြီးငူဆရာတော်ရဲ့ ကုသိုလ်အလုပ်တွေ၊ လမ်းခင်းတဲ့နေရာတွေမှာ ဝိုင်းကူအခမဲ့ လုပ်အားပေးအနေနဲ့ လုပ်နေရပါတယ်။

မြိုင်ကြီးငူ စစ်ရှောင်စခန်းက ဒေါ်တင်လှက “စစ်ဘေးရှောင်မှာ လာနေရတော့ ငွေဝင်လမ်းလဲ မရှိဘူးပေါ့နော်။ ကြပ်ကြပ်တည်းတည်းတော့ နေရတာပေါ့။ ဒါပေမယ့် ရွာမှာနေရင် စစ်ဘေးကို ရင်ဆိုင်နေမယ့်အစား အသက်ဘေးကင်းတာပဲ ပိုကောင်းပါတယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီး နေခဲ့တာ။ တကယ်ပဲ စစ်မတိုက်တော့ဘူး။ မိုင်းအန္တရာယ်ကင်းပြီဆိုရင် ရွာပြန်နေမယ်” လို့ ပြောပါတယ်။

မိုင်းနဲ့ပတ်သက်လို့ တပ်မတော်ဘက်က တာဝန်ယူပြီး တစ်လတာ စားနပ်ရိက္ခာထောက်ပံ့ပေးမယ်လို့ ဆိုပေမယ့်လည်း တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့အတွက် စစ်ဘေးရှောင်တွေ အနေနဲ့ နေရပ်ပြန်ဖို့ စိုးထိတ်နေတာဖြစ်တယ်လို့ ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S ဒုဥက္ကဋ္ဌ-၂ နန်းစေးအွာက ဆိုပါတယ်။

သူမက “မိုင်းကိစ္စတွေကို ကျွန်မတို့ JMC-S အနေနဲ့ ပြောမယ်ဆိုရင် ဘာမှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေကို အဆုံးမသတ်နိုင်သ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သဘောတူညီချက်တွေ မချမှတ်နိုင်သ၍ ပဋိပက္ခဒေသက အမျိုးသမီး၊ကလေးသူငယ်တွေရဲ့ အနာဂတ်က ဝေ၀ါးနေဆဲပါ။

နန်းခမ်းအေးက “စစ်ဘေးရှောင်စခန်းရောက်သွားပြီဆို ကျွန်မတို့ အမျိုးသမီးတွေအတွက် လူ့ဂုဏ်သိက္ခာအတွက် ဖြည့်ဆည်းမပေးနိုင်သေးတာကိုလည်း တွေ့ရမယ်။ နောက် အစားအစာလုံခြုံရေး၊ ကျန်းမာရေး လုံခြုံရေး၊ဒါတွေကို ဖြန့်ကျက်ကြည့်မယ်ဆို ငြိမ်းချမ်းမှုမရှိတဲ့ဒေသမှာရှိတဲ့ အမျိုးသမီးထုဟာ သူတို့အနာဂတ် သူတို့ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူးဆိုတာတွေ့ရမယ်”လို့ ဆိုပါတယ်။

ဒီနေ့ဒီအချိန်ထိ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းထဲ ရှစ်ပေပတ်လည် ခနော်ခနဲ့ ဝါးတန်းလျားတွေမှာနေကြရတဲ့အမျိုးသမီးတွေရဲ့ အသံကို လျစ်လျူရှုနေသမျှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ထိရောက်မှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်ထိ ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပခဲ့တဲ့ “ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ ဖိုရမ်” ကို တက်ရောက်လာတဲ့ အမျိုးသမီးတွေက ပြောပါတယ်။

အမျိုးသမီးတွေမှာ ပင်ကိုယ် နူးညံ့တဲ့ မိခင်စိတ်ဓာတ်၊ စိတ်ရှည်မှုနဲ့ အများအတွက်တွေးတောပေးနိုင်စွမ်း စတဲ့ အရည်အသွေးတွေက ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွေမှာ ပိုပြီးထိရောက်မယ်လို့ အမျိုးသမီးတွေက ယုံကြည်နေကြပါတယ်။

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးဖိုရမ်ရောက် ကျားမရေးရာ တန်းတူညီမျှမှု ကွန်ယက် GEN မှာ နန်းဖြူဖြူလင်း ပြောတာက “နိုင်ငံရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့်အတွက် မြန်မာနိုင်ငံသား ဦးရေရဲ့ ထက်ဝက်ကျော်က အမျိုးသမီးများလည်း သက်ဆိုင်ပါတယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ မပါလာဘူးဆိုရင် ပြည်တွင်းစစ်က ဒီနေ့လိုပဲ ကြာရှည်နေ ဦးမှာပဲ”

About မွန်သတင်းအေဂျင်စီ

Check Also

ကျိုက်ထီးရိုးစေတီတော် သန့်ရှင်းလှပရေး မွန်အစိုးရစနစ်တကျဆောင်ရွက်ရန်အဆို လွှတ်တော်အတည်ပြု

ကျိုက်ထီးရိုးစေတီတော်၏ ရင်ပြင်တော်နှင့် ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်ပေးရန် Related

Leave a Reply

%d bloggers like this: