spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ကြားကမြန်မာ့ငြိမ်းချမ်းရေး

    ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ကြားကမြန်မာ့ငြိမ်းချမ်းရေး

    -

    သမ္မတဟောင်း ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်၊သြဂုတ် ၁၈ ရက် တစ်နိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်း လှမ်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည်။ သူသည် ငြိမ်းချမ်းရေးဖော်ဆောင်မှု အပြီးပြတ် မဆောင်ရွက်ခဲ့ရဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်အတူ အနိုင် ရရှိသွားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသို့ အစိုးရ တာဝန်များကို လွှဲပြောင်းပေးခဲ့ရသည်။

    ထိုသို့အစိုးရတာဝန် လွှဲပြောင်းမှုတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုပါ တစ်ခါတည်း လွှဲပြောင်းခဲ့ရခြင်းကြောင့် NLD ဦးဆောင်သော အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ရာ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၁၈ ရက်၌ ခြောက်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

    ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်(Internet)
    သမ္မတဟောင်း ဦးသိန်းစိန်က ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် “ဝ”ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊မိုင်းလားအဖွဲ့ (NDAA)၊နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပ လန် (NSCN-K)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန် ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ပအိုဝ်အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင် အမျိုးသား အစည်းအရုံး-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့် တချို့ ပြည်နယ်အဆင့်၊ တချို့ ပြည်နယ်- ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ ကြသည်။

    ထို့နောက် ၂၀၁၄ ခုနှစ်၊ မတ်လမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မူကြမ်း ကို စတင် ဆွေးနွေးခဲ့ကြသည်။ ၂၀၁၅ ခုနှစ်၊ မတ် ၃၁ ရက်မှာတော့ မူကြမ်း လက်မှတ်ရေးထိုးခဲ့ပြီး သြဂုတ်မှာ မူချော သဘောတူညီခဲ့၍ ထိုနှစ်အောက်တိုဘာ ၁၅ ရက်တွင် RCSS၊ KNU၊ DKBA ၊ PNLO၊ CNF၊ ABSDF၊ ALP၊ KNU/KNLA-PC တို့ လက်မှတ်ထိုးခဲ့သည်။

    သို့ရာတွင် သမ္မတဟောင်း ဦးသိန်းစိန်သည် တိုင်းရင်းသားလက်နက်ကိုင်များ အဆိုပြုသည့် ၂၁ ဖွဲ့ကို ပါဝင် လက်မှတ်ရေးထိုးလာနိုင်ရေး မစွမ်းဆောင်နိုင်ခဲ့ဘဲ ၎င်းတို့ ဖိတ်ခေါ်ခဲ့သည့် ၁၅+TNLA တို့အား ပါဝင်လာရေးအတွက်သာ ဆွေးနွေးခဲ့ခြင်း ကြောင့် သူ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ NCA ကို ၈ ဖွဲ့သာ လက်မှတ်ထိုးနိုင်ခဲ့ခြင်းဖြင့် အစိုးရသစ်သို့ လွှဲပြောင်းပေးခဲ့ရသည်။

    တစ်ဖက်တွင်မူ ဒေါ်အောင်ဆန်းစုကြည် (NLD အစိုးရ)က အားလုံး ပါဝင်ရေးကို လက်ခံ၍ ဆောင်ရွက်လျက်ရှိရာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် တပ်မတော်မှ တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်ခဲ့သော ရခိုင် တပ်မတော်(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို ဆွေးနွေးခွင့် ပြုလာခဲ့သလို ၂၀၁၇ ခုနှစ်၊ မေ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ ညီလာခံ ဖွင့်ပွဲသို့ TNLA၊ AA၊ MNDAA၊ KIA၊ UWSA၊ NDAA၊ SSPP တို့ တက်ရောက်လေ့လာခဲ့သည်။

    ထို့နောက် ထိုခုနှစ်ဖွဲ့အနက် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် TNLA၊ AA၊ MNDAA တို့က တစ်စု KIA၊ UWSA၊ NDAA၊ SSPP တို့ကို တစ်စု ခွဲခြား၍ တွေ့ဆုံခဲ့သေးသည်။ သို့သော် NCA လက်မှတ် မထိုးရသေး သည့်အဖွဲ့များထဲက UWSA၊ NDAA၊ KIA၊ MNDAA၊ AA၊ TNLA၊ SSPP တို့က NCA မထိုးရန် အပါအဝင် စာချုပ် အသစ် ဖော်ဆောင်ပေးရန်နှင့် တစ်ဖွဲ့ချင်းမတွေ့ဘဲ ၇ ဖွဲ့ ပါဝင်သော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်း ရေး ကော်မတီ FPNCC ဖြင့်သာ တွေ့ဆုံဆွေးနွေးရန်ဆိုသည့် ပန်ခမ်း(ပန်ဆန်း)ရပ်တည်ချက်အတိုင်း ရပ်တည် နေခြင်းကြောင့် ယနေ့အချိန်ထိ တွေ့ဆုံ ဆွေးနွေးနိုင်ရေး လမ်းကြောင်းကို ရှာဖွေနိုင်ခြင်းမရှိသေးပေ။

    အလားတူ NMSP၊ KNPP၊ SSPP၊ LDU၊ ANC တို့ပါဝင်သော UNFC က နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေ ညာပေးရန် အပါအဝင် JMC တွင် နိုင်ငံတကာအဖွဲ့များ ပါဝင်ခွင့်ပြုရန်နှင့် တပ်ပိုင်းဆိုင်ရာ နေရာချထားမှုများ သတ်မှတ်ပေးရန်အပြင် အဆိုပြုချက် ၈ ချက်ကို အစိုးရဘက်မှ သဘောတူညီပါက NCA လက်မှတ်ထိုးမည်ဟု ဆိုထားသော်လည်း ၁၄ လကျော်သည့်တိုင် သဘောတူညီမှု ရယူနိုင်ခြင်းမရှိသေးသလို SSPP က UNFC ကနေ နှုတ်ထွက်ကြောင်း စာတင်ထားမှုများ ရှိလာခဲ့သည်။

    “ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာပြည်နိုင်ငံရေးကို ဖြေရှင်းဖို့အတွက် အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်သွားမယ်လို့ ဆိုတယ်။ဒါပေမဲ့ အမျိုးသားရင်ကြားစေ့ရေးမဟုတ်ဘဲ အမျိုးသားလိုက်လျောရေး ဖြစ်နေသလို တပ်မတော်နဲ့ရင်းနှီးမှုရအောင်လုပ်နေတာက ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အဟန့်အတား ဖြစ်နေ တာ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

    သမ္မတဟောင်း ဦးသိန်းစိန်သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို UPCC နှင့် UPWC ဆိုသည့် ကော်မတီနှစ်ရပ် အား ဖွဲ့စည်းကာ အနီးကပ်စောင့်ကြည့်ပြီး နည်းလမ်းရှာဖွေပေးမည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ကိုလည်း ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သည်။

    အဆိုပါ UPCC ကော်မတီတွင် သမ္မတဟောင်း ဦးသိန်းစိန်က ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ဒုသမ္မတဟောင်း များဖြစ်သော ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်း၊ အမျိုး သားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ဟောင်း ဒေါက်တာထွန်းရှင်၊ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးလှထွန်းတို့ ပါဝင် ကြသည်။

    ထိုကော်မတီသည် စစ်ရေး အခြေအနေများ အပါအဝင် နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက် ချမှတ်မှုများ၊ မူဝါဒပိုင်း ဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုများ၊ နိုင်ငံတကာ အခန်းကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုများ စသည့် အရေး ကိစ္စများကို ဖြေရှင်းဆောင်ရွက်ကြသည်ဟု သိရသည်။

    ထို့ကြောင့် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် KIA ဌာနချုပ်ရှိ ဗိုလ်သင်တန်းကျောင်းသို့ တပ်မတော် ၏ လက်နက်ကြီးကျည် ကျရောက်ခဲ့ရာ ဆွေးနွေးမှုများ ရပ်တန့်သွားခြင်းကို ပြန်လည် ဖြေရှင်းနိုင်ခဲ့ပြီး ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီး အရေးယူခံခဲ့ရသည့် အခြေအနေများကိုလည်း ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကာ ငြိမ်းချမ်းရေး ဆွေး နွေးမှုများ မရပ်တန့်ပဲ ပုံမှန်ကျင်းပမှုများ ပြုလုပ်နိုင်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးအပိုင်းကို လေ့လာကြည့်ပါက ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူခဲ့သည်။

    ထို့နောက် ဒုဥက္ကဌအဖြစ် ဦးကျော်တင့်ဆွေ(နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး)နှင့် ဒေါက်တာတင်မျိုးဝင်း၊ နယ်စပ် ရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ကာကွယ်ရေးဝန်ကြီး ဌာန အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အမှတ်(၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းနောင်၊ ဦးခွန်မောင်သောင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်ရှီလာနန်တောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ ဦးခင်မောင်တင် (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန-ဒုဝန်ကြီး)တို့ ပါဝင်ကြသည်။

    အဆိုပါ NRPC သည် သမ္မတဟောင်း ဦးသိန်းစိန်၏ UPCC ကော်မတီလောက် အားမကောင်းကြောင်းကို စုဖွဲ့မှု ပုံစံ အပြင် လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပိုင်းများအပေါ် ဖြေရှင်းဆောင်ရွက်နေသည့် နည်းလမ်းများအား လေ့လာခြင်းဖြင့် မြင်တွေ့နိုင်သည်။

    NCA ထိုးထားသော RCSS နှင့် ALP တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ခြင်းကို မဖြေရှင်း ပေးနိုင်သလို RCSS နှင့် တပ်မတော်ကြားက တိုက်ပွဲများ ရပ်တန့်အောင် မဆောင်ရွက်နိုင်ခြင်း၊ NCA လက်မှတ်ရေးထိုးထား သော အဖွဲ့ဝင်တချို့ ဖမ်းဆီးခံနေရခြင်း၊ NCA မထိုးရသေးသောအဖွဲ့များ (UNFC အဖွဲ့ဝင်များ) လက်မှတ်ထိုး လာနိုင်ရေး လမ်းဖွင့် မပေးနိုင်ခြင်း၊ မြောက်ပိုင်းအဖွဲ့များ ပါဝင်လာနိုင်ရေး လမ်းကြောင်း မဖွင့်ပေးနိုင်ခြင်းတို့ က NRPC ၏ စုဖွဲ့မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

    ငြိမ်းချမ်းရေးကော်မရှင်(PC)ကို ဖွဲ့စည်းကာ ဒေါက်တာတင်မျိုးဝင်းအား အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်၍ NCA မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရေး ဆောင်ရွက် နေသည်။

    သို့သော် ဒေါက်တာတင်မျိုးဝင်းသည် တပ်မတော်၏ သဘောထားကို လွန်ဆန်၍ ဆွေးနွေးပွဲအား ဦးဆောင်ရန် အခက်အခဲများ ရှိနေသကဲ့သို့ အစိုးရဘက်မှလည်း လွတ်လပ်စွာ ဆွေးနွေးပွဲအပေါ် ဦးဆောင်ရန်နှင့် ဆုံးဖြတ် ချက် ချမှတ်ခွင့်ပြုမှု အားနည်းနေခြင်းကြောင့် မျှော်လင့်သလောက် ဖြစ်မလာနိုင်သေးပေ။

    “ ဒေါက်တာတင်မျိုးဝင်းက စိတ်ထား အရမ်းကောင်းတယ်။ ဒါပေမဲ့ သူမှာ ဆုံးဖြတ်ချက် ချမှတ်ခွင့်မရှိတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဦးအောင်မင်းတုန်းက သမ္မတဟောင်း ဦးသိန်းစိန်က တာဝန်ခံတယ်။ လွတ်လွတ်လပ်လပ် ငြိမ်းချမ်းရေးကို ဖော်ဆောင်ခွင့်ပေးထားတယ်။

    ဆုံးဖြတ်ချက် ချမှတ်ခွင့်ပေးထားတယ်။ တိုက်ရိုက် အကြံပြု လို့ရတယ်။ အခု အစိုးရဘက်က နေရာနဲ့ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေက လွဲချော်နေတယ်”ဟု သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောသည်။

    ဦးအောင်မင်း၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် လေ့လာကြည့်လျှင် ဦးအောင်မင်းသည် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို တတ်သိ နားလည်ပြီး တပ်မတော်တွင် အဆင့်မြင့်ရာထူး တာဝန်ယူခဲ့သူ ဖြစ်ခြင်းကြောင့် တပ်မတော် သဘောထားကို နားလည်ကာ နိုင်ငံတော်အဆင့်မှလွဲ၍ ကျန်ကိစ္စရပ်များအား ဆုံးဖြတ်ချက် (ဗီတိုအာဏာရကဲ့သို့)ချမှတ် ခွင့်ရှိသည်။

    အဆိုပါ ဖွဲ့စည်းပုံ စနစ်နှင့် စေ့စပ်ညှိနှိုင်းမှု တာဝန်ပေးအပ်ပုံများကို ချိန်းထိုးကြည့်ပါက အားနည်းချက် အားသာ ချက်များကို မြင်တွေ့နိုင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်နေသော ငြိမ်းချမ်းရေး ထင်သလောက် ခရီးမပေါက်ခြင်း၏ အကြောင်းတစ်ရပ်ကိုလည်း မြင်တွေ့နိုင်မည်ဟု ထင်ပါသည်။

    တချို့သော နိုင်ငံရေး လေ့လာသုံးသပ်သူများက ဒေါ်အောင်ဆန်းစုကြည်သည် ဒေါက်တာတင်မျိုးဝင်းအား ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူအဖြစ် တာဝန်ပေးအပ်ခြင်းမှာ ၎င်း အယုံအကြည်ရဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သကဲ့သို့ တပ်မတော်နှင့်လည်း ဆက်ဆံရေး ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းကြောင့် တာဝန်ပေးထားခြင်း ဖြစ်နိုင်သည် ဟု ဆိုသည်။

    NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့ထဲမှ ခေါင်းဆောင် တစ်ဦးက “ ဦးအောင်မင်းရဲ့ ဆောင်ရွက်ချက်ကို ဒီအစိုးရ မမီဘူး။ သူတို့က ဆုံးဖြတ်ချက် မချမှတ်နိုင်ဘူး။ အထက်ကို ပြန်တင်ပြမယ်နဲ့ပဲ အဆုံးသတ်နေရတယ်။ ဦးအောင်မင်းတုန်းက တော်တော်တန်တန်အချက်က သူဆုံးဖြတ် လိုက်တာနဲ့ ပြီးသွားတာ။ဒီတော့ ဆွေးနွေးပွဲ တွေက ထိုက်သင့်သလောက် အောင်မြင်ခဲ့တယ်။အခုအစိုးရက လည်း ဆုံးဖြတ်ချက်ချမှတ်ခွင့်တွေ ပေးထား သင့်တယ်”ဟု ပြောသည်။

    ဦးအောင်မင်းသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင်ရန်အတွက် မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)ကို ၂၀၁၂ ခုနှစ်၊သြဂုတ်လမှာ ထူထောင်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးနှင့် အကောင်အထည်ဖော်ရေးဌာန အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဌာန၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများ ညှိနှိုင်း ဆောင်ရွက်ရေး ဌာန၊ လူထုဆက်သွယ်ရေးနှင့် သတင်းအချက်အလတ် ဖြန့်ဝေရေးဌာန၊ ဥပဒေအကြံပေးဌာန၊ မြန်မာနိုင်ငံ မိုင်း ရှင်းလင်းရေး လုပ်ငန်းများဆိုင်ရာ ညှိနှိုင်းကွပ်ကဲမှု ဗဟိုဌာန၊ မြန်မာနိုင်ငံ ပထဝီ အချက်အလတ်နှင့် သယံဇာတ ဌာန၊ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ စသည့် ဌာနခွဲ ၈ ခုကိုဖွဲ့၍ ဆောင်ရွက်ခဲ့သည်။

    လက်ရှိ အစိုးရတွင်မူ NRPC ၏အောက်တွင် ငြိမ်းချမ်းရေးကော်မရှင် (PC)ကို ဖွဲ့စည်း၍ ဆောင်ရွက်နေ သော် လည်း ဝန်ထမ်း မလုံလောက်ခြင်း၊ NCA မထိုးရသေးသည့် အဖွဲ့များနှင့် အလွတ်-တရားဝင် တွေ့ဆုံ ဆွေးနွေးမှု များ အလွန်နည်းပါးခြင်း၊ လုပ်ပိုင်ခွင့်အပေါ် ဘောင်ခတ်ထားခြင်း စသည့် အချက်များက ငြိမ်းချမ်းရေး ဖော်ဆောင်မှု အပိုင်းမှာ အားနည်းသွားစေသည်ဟု သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။

    ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ထိုးပွဲတွင် တိုင်းရင်းသား ၈ ဖွဲ့သာ ပါဝင် လက်မှတ်ထိုး နိုင်ခြင်းမှာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရအနေဖြင့် အားလုံးပါဝင် လက်မှတ်ရေးထိုးခွင့်ပြုရေး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တချို့၏ တောင်းဆိုချက်ကို မလိုက်လျောခဲ့ရာမှ ထွက်ပေါ်လာသော ရလဒ်တစ်ခု ဖြစ်သည်။

    UNFC မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က “အေးပေါ့။ ကျနော်တို့ ချုပ်လိုက်ရင်တော့ အဲဒီဟာက အကြောင်း ပြချက်လို ဖြစ်သွား တာပေါ့။ အားလုံး ပါဝင်မှု မရှိဘူးဆိုတာ အကြောင်းပြချက် တစ်ခုဖြစ်တယ်။ ကျနော်တို့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို လိုချင်တာဖြစ်တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ဖြစ်စေချင်လို့ စာချုပ်နာမည်ကိုပဲ NCA လို့ ပေးခဲ့တာ ဖြစ်တယ်”ဟု သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် လက်မှတ် မထိုးဖြစ်ခဲ့မှုအပေါ် ထိုသို့ ပြောပြသည်။

    သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က လက်နက်ကိုင်အဖွဲ့ (NCA မထိုးရသေးသောအဖွဲ့များ) များ သည် အားလုံးပါဝင် လက်မှတ်ထိုးခွင့်ပြုရန် တောင်းဆိုခဲ့သည့် အခြေအနေမှ ယခု ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် မတူညီသော ချဉ်းကပ်မှုများဖြင့် ချဉ်းကပ်လာခဲ့သည်။အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဘက်က ငြိမ်းချမ်းရေး ဆွေးနွေးမှုကို NCA လမ်းကြောင်းအတိုင်းသာ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ခြောက်နှစ်သား မြန်မာ့ငြိမ်းချမ်းရေး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။

    လက်ရှိ အစိုးရသစ်(NLD အစိုးရ)လက်ထက်တွင် ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က အားလုံးပါဝင်ရေး အစား အဆိုပြုချက် ၈ ချက်ကို တင်ပြ၍ ဆွေးနွေးလာခဲ့ရခြင်းမှာ တစ်နှစ်ကျော်စောင့်ကြည့်ခဲ့ပြီး အားနည်း ချက်များ တွေ့ရှိလာသည့်အတွက် အဆိုပြုချက် ၈ ချက် ထွက်လာခြင်းဖြစ်သည်ဟု UNFC မှ ဦးထွန်းဇော်က ဆိုသည်။

    “ NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို လွတ်လွတ်လပ်လပ် လုပ်ဆောင်သင့်တယ်။ တိုင်းရင်းသား တွေ လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရဲရဲကြီး ဖော်ဆောင်ပေးဖို့လိုတယ်။ တပ်မတော်ရဲ့ အောက်ကနေပဲ သွားနေမယ်ဆိုရင် NLD အစိုးရလည်း ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး”ဟု TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts